ဆောင်းအိပ်မက်

လက်ခုံနဲ့သုတ်မိတယ်………..
လေကအေးလို့လား၊ ဆောင်းမှာမို့ အေးအေးစိမ့်ခြောက်သွေ့နေပုံများ
မျက်လုံးစုံဖွင့်ရင်း အရှေ့ကို မမြင်၊ မမြင်သလို အနာဂတ်ဆီ မမြင်သလို
အရာရာကို တိတ်တိတ်လေးငေးရင်း၊ လူတွေကြားမှာ စကားနေဟန်ကွဲပြားခြင်းပိုက်ထွေး
စကားနေဟန်တူညီရင်းမှာ လူတွေကွဲပြားရင်း ပိုက်မှာထွေး
နောက်ဆုံးမှာ ကလေးငယ်လေး မျက်ရည်ကို လက်ခုံနဲ့သုတ်ရင်း
စီးရီးအောက်နေတဲ့ လူနံပါတ်ဟောင်းကြီးတွေကို ငေးဖူးချိန်
လေက အေးလို့လားမသိ………. နေပူကြီးမှာ
ဒီ ကျွန်းနိုင်ငံလေး အနွေးထည်ဝတ်ထားရပြီ………
လက်တစ်ဖက်နဲ့ထူလို့လည်း မထ၊
လက်နှစ်ဖက်နဲ့ ထူလို့လည်း မထ၊
ဒါနဲ့ပဲ ချောလဲရောထိုင်……
ပင်လယ်မှာ ရွက်တိုင်လွှင့်ကတည်းက
ထားလိုက်ပါတော့လေလို့ လက်ခုံလေးကို နှစ်သိမ့်တယ်။
ကလေးငယ်လေး နောက်ဆုံးမှာ………..
ထပ်ထပ်ကာကာ မြှင့်တင်ဖို့လိုနေဆဲ ပုံရိပ်တွေကို
နောက်မှ၊ နောက်မှလို့ ငြင်း……..
မနက်ဖြန်ကို ပြတင်းပေါက်လေးက မျှော်
မြို့လေးငယ်ငယ်၊ လယ်ကွင်းရိုးပြတ်၊ ကွန်တိန်နာတွေ အထပ်ထပ်နဲ့
ပြတင်းပေါက်ကို မနက်ဖြန်က ပြန်ငေး…….
ဝဠ်ကြွေးလို့ခေါ်တယ်။
လက်ခုံလေးကို သုတ်ရင်း
မျက်ဝန်း၊ အနီတစ်ဝက်၊ ရေတစ်ဝက်၊
ပြီးတော့
အိပ်စက်ခြင်းကို ဆေးလိုသောက်တဲ့ရက်၊
ပြက္ခဒိန်မှာ ခြစ်ခြစ်ပစ်ပြီးသား မင်နီစက်…..
သူ့ကျောင်းစာအုပ်လေးကို အမှတ်တရ၊ နောက်.. သတိရ
သူ့ခုံတန်းလေးဆီသူပြန်လာလိုက်တယ်။
အထီးတည်းတိတ်တိတ်သွေတည်
သူ့တစ်ယောက်တည်း ညီခဲ့ရပြန်ပေါ့………..
လက်ခုံလေးပေါ်မှာ
ရေစင်တစ်စက် ဖျပ်ဆိုတိတ်တိတ်သာသာခုန်သွား
ရေစက်လေးတုန်နေလိုက်တာများ ချမ်းနေလို့လား။
”တောက်”
ဟော…….. ကမာ္ဘမြေဆီ ပြန်ပေါင်းစည်းသွား၊
အသက်နဲ့ဉာဏ်ရည်မမျှသူတွေကို
ဘယ်လိုခေါ်ရမလဲ……….
ပြီးတော့….
ဘယ်လို………
ငါ့မှာ လက်ခုံလေးရှိတယ်။
မင်းမှာ လက်ခုံလေးရှိတယ်။
သူ့မှာ လက်ခုံလေးရှိတယ်။
ငါတို့ ဆင်တူမျှညီ……..။
ကလေးငယ်လေးတွေ မနက်ဖြန်မှာ…
ကျွန်တော် လက်ခုံလေးပေါ်…….
ချွေးစက်တွေပဲ ဖြူဖြူစင်စင် စိုစေချင်လိုက်တာ…..
ဆောင်းလေက အေးတယ်…..
ဟိုး………… ငါ့ အနောက်မြောက်က
အရပ်လေး မနက်ဖြန်မှာ
ဖြူစင်ပါစေကွယ်…….

ဘုန်းသန့်ခန့်