စံပြအလုပ်အကျွေး

ashinindakaFebruary 14, 20111min1035

ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၄။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ

နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက
မြတ်စွာဘုရားရဲ့ အဖေ။
နံပါတ် (၅) အမိတောဒန ဆိုတာက
ရှင်အာနန္ဒာရဲ့ အဖေ။
ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။
ဖွားဖက်တော်လို့ စာပေကဆိုတယ်။

မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ
ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက်လာတယ်။ ဘုန်းကြီးဝတ်လာတယ်ပေါ့။
မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက အသက် (၃၅) နှစ်အရွယ်ဆိုတော့
မြတ်စွာဘုရားအသက် (၃၆) နှစ်ဖြစ်တဲ့
ဘုရားဖြစ်ပြီး (၂) နှစ်မြောက်မှာ
သက်တူရွယ်တူ (ဖွားဖက်တော်) ရှင်အာနန္ဒာ
သာသနာ့ဘောင်ဝတ်ရောက်လာတယ်လို့ ဆိုရမယ်။

လူလည်း လူ့အလျှောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျှောက်
မြတ်စွာဘုရားလည်း မြတ်စွာဘုရားအလျှောက်
အသက်အရွယ်ရလာရင် အနီးကပ် သတ်သတ်မှတ်မှတ် ပြုစုလုပ်ကျွေးမဲ့သူ
လိုအပ်တာ့ အမှန်ပဲ။

မြတ်စွာဘုရား ငယ်စဉ်တုန်းကတော့
သွားလိုတဲ့နေရာကို သွားပြီး ဟောလိုတဲ့တရားကို အေးအေးဆေးဆေးဟောကြားကာ
ရောက်တဲ့အရပ်က ဒကာ ဒကာမတွေ၊ ရဟန်းသံဃာတွေ ပြုစုလုပ်ကျွေးတာနဲ့ အဆင်ပြေနေတာပဲ။

မြတ်စွာဘုရားကို အနီးကပ် ပြုစုလုပ်ကျွေးတဲ့ ရဟန်းတော်အချို့ ရှိခဲ့ပါရဲ့။ ခဏပဲ။
ကြာလာတော့ မြတ်စွာဘုရား ပြောစကားနားမထောင်ဘူး။
မြတ်စွာဘုရားကို အလုပ်အကျွေးပြုဘူးတဲ့ရဟန်းတစ်ပါးဆို
အဲဒီအရပ်ကို မသွားပါနဲ့လို့ တားနေတဲ့ကြားက ထွက်သွားပြီး
ပြဿနာတက်ကာ
မြတ်စွာဘုရားထံမှ လစ်ထွက်သွားတယ်။
ဆိုတော့ မြတ်စွာဘုရားကို အနီးကပ်အလုပ်အကျွေးပြုစုဘူးတဲ့ရဟန်းတော် ခပ်များများဟာ
ခေတ်စကားနဲ့ပြောရရင်
မြတ်စွာဘုရားရဲ့ အထာကို မနပ်ကြဘူး။

ဒီလိုနဲ့
သက်တော် (၅၅) နှစ် ဝါတော် (၂၀) ရသည့်တိုင်အောင်
မြတ်စွာဘုရားမှာ သတ်သတ်မှတ်မှတ် အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးမဲ့သူ မရှိခဲ့ဘူး။
သက်တော် ၅၅ နှစ် ဝါတော် (၂၀) အရွယ်ရောက်တော့
မြတ်စွာဘုရားက ရဟန်းတွေကို စုဝေးစေပြီး
ရဟန်းတို့၊
ငါ အရွယ်ရလာပြီ။
ငါ့ကိုယ် အနီးကပ် အမြဲတမ်း ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့ ရဟန်းတော်တစ်ပါးလိုအပ်တယ်။`
ငါ့အထာကို သိတဲ့
ငါ့ကို အမြဲတမ်း အနီးကပ် ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့
ရဟန်းတစ်ပါးကို ရွေးချယ်ကြ –
လို့ မိန့်တော်မူပါတယ်။

ဒီတော့ ရှင်အာနန္ဒာ ကလွဲလို့
မြတ်စွာဘုရားရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်ကြတဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့ကအစ
စုဝေးရောက်ရှိလာတဲ့ ရဟန်းသံဃာအားလုံး
တပည့်တော်တို့ အနီးကပ်ပြုစုလုပ်ကျွေးပါရစေလို့
အလုအယက်လျှောက်ကြတာပေါ့။
လျှောက်ထားသမျှ ရဟန်းသံဃာတွေ
မြတ်စွာဘုရားရဲ့ Reject နဲ့ တိုးတော့တာပဲ။

နောက်ဆုံးတော့ သံဃာကြားထဲ ခေါင်းကြီးစိုက်ပြီး ငြိမ်နေတဲ့ ရှင်အာနန္ဒာကြီးကို
ဝိုင်းတိုက်တွန်းရတော့တာပေါ့။

တိုက်တွန်းတော့ ရှင်အာနန္ဒာကြီး ဘာပြောတယ်ထင်တုန်း။
မြတ်စွာဘုရားရှင်အနေနဲ့ တပည့်တော်တောင်းဆိုတဲ့အချက် (၈) ချက်ကို လိုက်လျောပေးနိုင်မှသာ
အလုပ်အကျွေးလုပ်နိုင်မည်ဖြစ်ကြောင်းလျှောက်ကြားတယ်။

ကြည့်စမ်း၊ သူများတွေ သူ့ထက်ငါ မြတ်စွာဘုရားကို
အလုပ်အကျွေးလုပ်ချင်လွန်းလို့ အလုအယက်လျှောက်နေတဲ့အချိန် ရှင်အာနန္ဒာကြီးကတော့ အေးဆေးပဲ။
အချက် (၈)ချက်တောင် မြတ်စွာဘုရားဘက်က လိုက်လျှောဘို့ တောင်းဆိုလိုက်သေးတယ်။

လောက လူ့သဘာဝက
ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်များ
ရာထူးကြီးကြီးရရင်
ရာထူးကြီးကြီးရထားထဲ့ အဲ့ဆွေမျိုးကို အမှီပြုပြီး
မြေ၊ အိမ်ယာ၊ တိုက်တာ၊ ဈေးခန်း၊ ကားစသည်များရအောင်
အခွင့်အရေးယူတတ်ကြတာထုံးစံပဲ။

ရှင်အာနန္ဒာကရော?
မြတ်စွာဘုရားဟာ ငါ့အစ်ကိုဝမ်းကွဲပဲ၊ ဒီတစ်ချီတော့ ငါ့အကွက်ဆိုက်ပြီ၊ ငါ့ဆွေမျိုးကောင်းစားတုန်း ငါလဲ တစ်သက်တာဖူလုံအောင် ရိက္ခာရှာလိုက်မဟဲ့၊
ဖွားဘက်တော် နောင်တော်ဘုရားဆီက အခွင့်အရေးရတုန်း တောင်းလိုက်အုံးမဟဲ့ ဆိုတဲ့ အတ္တကိုယ်ကျိုးအတွက် ရှင်အာနန္ဒာကြီးက အဆိုပါ အချက် (၈) ချက်ကို တောင်းဆိုခဲ့တာလား။ မဟုတ်ပါဘူး။

သူတောင်းဆိုခဲ့တာ မြတ်စွာဘုရားအတွက်ပါ။ ရဟန်းသံဃာတော်တွေအတွက်ပါ။
ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ။
ရှင်အာနန္ဒာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်ဘို့အတွက် မြတ်စွာဘုရားထံက သူတောင်းဆိုတဲ့ အချက် (၈) ချက်ကို လေ့လာကြည့်ရအောင်။

၁။ မြတ်စွာဘုရား ရရှိလာတဲ့ သင်္ကန်းကို ဘယ်တော့မှ သူ့ကို မပေးရဘူးတဲ့။

၂။ မြတ်စွာဘုရားရဲ့ ဆွမ်းကို သူ့ကို ဘယ်တော့မှ မကျွေးပါနဲ့တဲ့။

၃။ မြတ်စွာဘုရားနေတဲ့ သန့်ရှင်းသပ်ယပ်တဲ့ ကျောင်းတော်အခန်းကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ သူ့ကို မနေခိုင်းပါနဲ့ တဲ့။

၄။ မြတ်စွာဘုရားကို ဆွမ်းလှူဘို့ သင်္ကန်းလှူဘို့ စသဖြင့်
ပင့်တဲ့နေရာတွေကို သူ့ကို ဘယ်တော့မှ မခေါ်ပါနဲ့တဲ့။

၅။ သူ့ကို ပင့်တဲ့နေရာတွေကိုတော့ မြတ်စွာဘုရား အမြဲလိုက်ပါပေးရမယ်တဲ့။

၆။ ရပ်ဝေးရပ်နီးမှ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာကြတဲ့ဧည့်ပရိသတ်တွေကို
မိတ်ဆွေဖွဲ့ခွင့်ပြုပါတဲ့။

၇။ သူ့မှာ တစုံတရာ သံသယရှိလို့ မေးစရာရှိလာလျှင်
ဘယ်အချိန်မဆို မြတ်စွာဘုရားထံလာရောက် လျှောက်ထားခွင့်ပြုပါတဲ့။

၈။ မြတ်စွာဘုရားအနေနဲ့ သူ့မျက်ကွယ် ဘယ်မှာပဲ တရားဟောခဲ့ ဟောခဲ့၊
သူ့ကို ပြန်ဟောပြရမယ်တဲ့။

ရှင်အာနန္ဒာကြီးတောင်းဆိုတဲ့ ဒီအချက် (၈) ချက်ကို ကြည့်ပြီး
ရှင်အာနန္ဒာကြီးကို ကြည်ညိုလိုက်တာ။ အားကျလိုက်တာ။
ဖတ်ရင်းဖတ်ရင်းနဲ့ ဝမ်းသာ သဘောကျလွန်းလို့
နားနားပြီး ဖတ်ရတယ်။

ဒီအချက်တွေထဲက ပထမ (၃) ချက်ကို သေချာဖတ်ပြီး စဉ်းစားကြည့်ရအောင်။
ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး
ရှင်အာနန္ဒာ မြတ်စွာဘုရားနဲ့ မပတ်သက်ချင်ဘူး။
ဘုရားကို အလုပ်အကျွေးပြုစုလို့
ဘုရားရဲ့ ပေးစာ ကမ်းစာ စားရ ဝတ်ရတဲ့ဘဝမျိုး
ရှင်အာနန္ဒာ မနေလိုဘူး။
ဒါ့အပြင်
ရှင်အာနန္ဒာကြီး
ဘုရားပြုစုလုပ်ကျွေးပြီး ဘုရားပေးစာ ကမ်းစာစားပြီး ကြီးပွါးနေတာပါကွာ။
လူအများပြောမှာကို သူလိုလားဟန်မတူဘူး။

နံပါတ် (၄) တောင်းဆိုချက်ကို ကြည်။
ဘုရားတစ်ပါးတည်းပင့်တာကို ရှင်အာနန္ဒာကြီးက
(လုပ်ကျွေးပြုစုတာကို အကြောင်းပြပြီး)
လိုက်ကပ်စားသောက်နေတာဟေ့ လို့ ပတ်ဝန်းကျင်ကလည်း မြင်လာနိုင်တယ်။
ဒီလိုလဲ သူအမြင်မခံနိုင်ဘူး။

နံပါတ် (၅) တောင်းဆိုချက်ကြတော့
သူ့ကို သူ့ဒကာ ဒကာမတွေက ပင့်ရင်တော့ မြတ်စွာဘုရားပါ လိုက်ပေးရမယ်ဆိုပဲ။
ဘယ်လောက် ဆရာသမားကို ရှေ့တန်းတင်တဲ့ ရှင်အာနန္ဒာကြီးလဲ။
ရှင်အာနန္ဒာတောင်းတဲ့ ပထမအချက် (၅) ချက်ကို နားလည်မိတာပါ။
Cousin Brother ဖွားဖက်တော်ဖြစ်တဲ့ နောင်တော်ဘုရားဆီက
လုံးဝအခွင့်အရေးမယူတတ်တဲ့ ရှင်အာနန္ဒာကြီးကို ကြည့်ပြီး
အလားတူ ဆွေမျိုးတော်စပ်တဲ့
ရှင်ဒေဝဒတ်ကြီးကိုလဲ သတိရမိသေးတယ်။

5 comments

  • nigimi77

    February 14, 2011 at 3:39 am

    ဒေဝဒတ် အကြောင်း ဆက်ပါ ဘုရား။

    • ashinindaka

      February 14, 2011 at 4:33 am

      အေး။ တင်ပေးမယ်။ အခုတော့ ရှင်အာနန္ဒာကြီးက မပြီးသေးလို့ သည်းခံအုံးနော်။

  • bigcat

    February 14, 2011 at 6:45 am

    အရှင်ဘုရား ကြက်သရေခန်းတိုက်စောင့်ရှောက်ဖို့ လူလိုရင် တပည့်တော်အလုပ်လျောက်ပါရစေ။ ကြိုတင်စည်းကမ်းချက်အနေနဲ့
    တပည့်တော် ခွင့်ပြုချက်မရဘဲ အရှင်ဘုရားအပါအဝင် ဘယ်သူမှ အခန်းထဲမဝင်ပါနဲ့။
    လှူသမျှအကုန် အခန်းတွင်းသွင်းပြီး တပည့်တော် ပေးသလောက်ပဲ ထုတ်သုံးပါ။
    ကြက်သရေတိုက်အတွင်းရှိ ပစ္စည်းစာရင်းကို မစစ်ပါနဲ့။
    တနှစ်ကို အားလပ်ခွင့် တလ၊ ဖျားနာ၊ ရှောင်တခင်ခွင့် ၁၅ရက်၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ခအပါအဝင် ကမာ္ဘတပတ်ပတ်ခွင့် လေယာဉ်ပျံစရိတ် တနှစ်ကိုနှစ်ခါ ထုတ်ပေးပေးပါ။
    တနေ့အလုပ်ချိန် ခုနှစ်နာရီ (တနာရီ ဆယ်မိနစ်နားခွင့်ရှိသည်) သတ်မှတ်ပါ။ အချိန်ပိုဆင်းရလျင် တနာရီကြာတိုင်း ကြက်သရေတိုက်အပြင်ဖက်ရှိ မည်သည့်ပစ္စည်းတခုခုမဆို အပိုင်ယူခွင့်ပေးပါ။

    အိပ်တာတော့ ကြက်သရေအခန်းအတွင်းမှာပဲ အိပ်ပါ့မယ်။ (သူခိုးလက်ကလုမဲ့ သူဝှက်ရန်ကြောက်လို့)

    • ashinindaka

      February 14, 2011 at 9:11 am

      ဒကာကြောင်တို့က ဒကယ့်ကို ကြောင်ပီဟေ့။

  • ဆူး

    February 14, 2011 at 7:49 am

    သံဃာ ပစ္စည်း အဆိပ်သီး.. ကြားဖူးတာလေး ပြောကြည့်တာ.. သံဃာ ပစ္စည်း ကို သုံးမိရင် ဘဏ်ဏာစား လျှော်ရတယ်။
    တခါတုန်းက သီတဂူ ဆရာတော် ကြီးရဲ့ အာရုဒါန ဆေးရုံ နဲ့ ပတ်သတ်ပြီး ပြောတဲ့ အထဲမှာ ပါတယ်။ လူတွေက သံဃသ ဒေမ နိဗ္ဗာန် နသ ပစ္စယော ဟောတု ဆိုပြီး သံဃာကို ရည်မှန်းပြီး လှူထားတာ လူတွေက ဘုန်းကြီးဘဲ ကုလား လူတွေ မကုပေးဘူး လားဆိုတော့ လူတွေ ဘဏ်ဏာစား မထိုက်ရအောင် အဖိုးနည်းနည်း နဲ့ ဇတိ ဖြစ်အောင် ယူတယ် ဆိုတဲ့ အကြောင်း ဟောဘူးတယ်။
    ဟီးဟီး.. ဆိုင်မလား လို့ ဆရာ ဝင်လုပ်တာ ဦးကြောင်ကြီးကို…

Leave a Reply