သတိထားရမှာပေါ့

ashinindakaFebruary 14, 20111min16417

ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှာနေတုန်းက
မဟာတန်း ပထမနှစ်မှာ
Mr. Abel ကနေပြီး
ဦးစန္ဒောဘာသဖြစ်လာတဲ့ ဆရာတော်တစ်ပါးက
အင်္ဂလိပ်စာကို သင်ပေးတယ်။

ဒီဦးစန္ဒောဘာသဆိုတာက
အိန္ဒိယန်းနွယ်၊ ဒါပေမဲ့
ကုလားဆရာတော်ကြီးလို့ပြောရင် လုံးဝမကြိုက်ဘူး။
အရင်က ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။

ရန်ကုန် တက္ကသိုလ်မှာ အဆောင်မှူး၊ နည်းပြ၊ ကထိကလုပ်ပြီး
ရေးဆင်းမှာ ဆက်အမှုထမ်းရတယ်။
နောက်မြစ်ကြီးနားမှာ အင်္ဂလိပ်စာဌာန ပါမောက္ခနဲ့ အငြိမ်းစားယူပြီး
အားနေတဲ့အချိန်မှာ ဘာသာရေး စာတိုပေစတွေကိုဖတ်ရင်း
ဗုဒ္ဓဘာသာဖြစ်လာတာ။

သူဗုဒ္ဓဘာသာဖြစ်လာပြီး ရဟန်းဝတ်လာတော့
မန္တလေးက ကျောင်းထိုင်ဘုန်းကြီးသင်တန်ကျောင်း၊ သာသနာ့တက္ကသိုလ်နဲ့
အခြား အလျင်းသင့်ရာ စာသင်တိုက်တွေမှာ အင်္ဂလိပ်စာ သင်ပေးတယ်။

သူက အင်္ဂလိပ်စာ အရမ်းကိုတော်တယ်။
အင်္ဂလိပ်စာ ၊ အင်္ဂလိပ်စကားနဲ့ပတ်သက်ပြီး
အင်္ဂလိပ်လူမျိုးတွေကတောင် အဖေခေါ်ရလောက်တယ်။
ဒီအသက်အရွယ်အထိ အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ဆရာတွေထဲမှာတော့
သူအတော်ဆုံးပဲ။

တစ်နေ့ Frustrated ဆိုတဲ့စကားလုံးကို သူရှင်းပြတယ်။
အပျိုကြီးတွေ၊ လူပျိုကြီးတွေမှာ ဒီ frustration ပိုဖြစ်တတ်တယ်။
အပျိုကြီး၊ လူပျိုကြီးဖြစ်တာကိုက သဘာဝကို ဆန့်ကျင်ပြီး ဖြစ်နေကြတာ။
မသိစိတ်ရဲ့နောက်ကွယ်မှာ သဘာဝကတောင်းဆိုတဲ့လိုအင်ကို ဖြည့်ဆည်းခွင့်မရတော့
အလကားနေရင်း စိတ်အလိုမကျဖြစ်ကာ
စိတ်ဆိုးလွယ်ကြောင်း၊ ဒေါသထွက်လွယ်ကြောင်း ပြောပြတယ်။

ဘုန်းကြီးတွေလဲ အတူတူပဲတဲ့။
သဘာဝကို အံတုပြီး ဆန့်ကျင်ပြီး ဘုန်းကြီးဝတ်နေရတာတဲ့။
မသိစိတ် (unconsciousness) က လိုလားတောင့်တနေတာကို
ထိန်းချုပ်နေရတော့ ဒေါသထွက်လွယ်တယ်တဲ့။
ဒါ့ကြောင့် အနားနီးတဲ့ ကိုရင်၊ ကျောင်းသား ခဏခဏ အရိုက်ခံနေရတာတဲ့။

ဒါပေမဲ့
ဒီစိတ်ဆိုးလွယ် ဒေါသထွက်လွယ်နေတဲ့ အပျိုကြီး၊ လူပျိုကြီး၊ ဘုန်းကြီးတွေဟာ
တကယ့်အပျိုကြီး၊ လူပျိုကြီး၊ ဘုန်းကြီးအစစ်ဖြစ်နေတာပါတဲ့။
စိတ်ဆိုးမလွယ်တဲ့ သည်းခံနိုင်စွမ်းရှိတဲ့
အပျိုကြီး၊ လူပျိုကြီး၊ ဘုန်းကြီးတွေကတော့
တကယ်အစစ်အမှန်ဖြစ်ဖို့ခဲရင်းတယ်ဆိုတဲ့အကြောင်း
စာသင်ခန်းထဲမှာ ပွင့်ပွင့်လင်းလင်း ပြောပြဘူးတယ်။

သူဆိုလိုချင်တာက
ဒေါသထွက်တာကိုက အပျိုကြီး၊ လူပျိုကြီး၊ ဘုန်းကြီးတို့ရဲ့ သဘာဝ လို့ပြောချင်တာတူပါရဲ့။
အပျိုကြီး လူပျိုကြီးတွေ ဒေါသထွက်ခြင်း၊ မထွက်ခြင်းဟာ
စစ်ခြင်း မစစ်ခြင်းနဲ့ ဆိုင်မဆိုင်တော့ မသိဘူး။
ဘုန်းကြီးနဲ့တော့ မဆိုင်ပါဘူးလို့ စာသင်ခန်းထဲမှာ
အထွန့်တက်ခဲ့ဘူးတယ်။

ဘုန်းကြီးဆိုတာ များသောအားဖြင့်
တရားနဲ့နေထိုင်သူ၊ တရားနဲ့ မွေ့လျော်သူဖြစ်လို့
ဒေါသနည်းတဲ့ဘုန်းကြီး များစွာရှိကြောင်း၊
သတိတရားနဲ့နေတဲ့သူဟာ ဆန့်ကျင်ဘက်လိင်ရဲ့ စွဲဆောင်မှုကို
မခံရ့ကြောင်း၊ ဆန့်ကျင်ဘက်လိင်ကြောင့်
မတုန်လှုပ်တော့ကြောင်း ပြန်လည် ရှင်းပြပြီး
မြတ်စွာဘုရားရှင်က ရှင်အာနန္ဒာကြီးကို
မိန့်ကြားခဲ့တဲ့ ယေဘုယျဆန်တဲ့ ညွှန်ကြားချက်စကားကိုလည်း ဆက်ပြောပြဖြစ်ခဲ့တယ်။
မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့ပြောဆိုကြပုံကို
မြန်မာလိုရော အင်္ဂလိပ်လိုပါ ဖော်ပြလိုက်ပါတယ်။
ရှင်အာနန္ဒာ
‘’အမျိုးသမီးတွေနဲ့ပတ်သက်လို့ တပည့်တော်တို့ ဘယ်လိုကျင့်ကြံနေထိုင်ရမလဲဘုရား။’’
မြတ်စွာဘုရား
‘’မတွေ့အောင်နေပေါ့ အာနန္ဒာ’’
ရှင်အာနန္ဒာ
‘’အကြောင်းတစ်ခုခုကြောင့် တွေ့ရပြီဆိုရင်ကောဘုရား။’’
မြတ်စွာဘုရား
‘’စကားမပြောနဲ့ပေါ့ အာနန္ဒာ’’
ရှင်အာနန္ဒာ
‘’မဖြစ်မနေပြောရတော့မယ်ဆိုရင်ကောဘုရား။’’
မြတ်စွာဘုရား
‘’သတိထားပေါ့အာနန္ဒာ’’

On one occasion he (Ananda) approached the Buddha and asked Him:
‘’How are we conduct ourselves, Lord, with regard to womankind?’’
‘’As not seeing them, Ananda’’
‘’But if we should see them, Lord, what are we to do?’’
‘’Do not talk to them, Ananda.’’
‘’But if they shuld speak to us, Lord, what are we to do?’’
‘’Be watchful, Ananda’’

မြတ်စွာဘုရား ရှင်အာနန္ဒာကို ပြောပြတဲ့
ဒီတိုစိစိ ဩဝါဒဟာ အတော့်ကို ခရီးရောက်ပါတယ်။
လူ့အသိုင်းအဝိုင်းထဲမှာ နေနေတဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့
လူပေါင်းစုံနဲ့ ဆက်ဆံရမှာပါပဲ။
အမျိုးသမီးနဲ့မှ မဟုတ်ပါဘူး။
ဘာကိုပဲဖြစ်ဖြစ်
ဘယ်သူ့ကိုပဲဖြစ်ဖြစ်
Be Watchful
သတိထားရမှာပေါ့။

17 comments

  • bigcat

    February 14, 2011 at 6:00 am

    ရွာထဲက အပျိုဂျီးများကတော့ သီးခံနိုင်စွမ်း အလွန်ရှိတာ သတိပြုမိပါတယ်ဘုရား။
    မှတ်ချက် ။ အသက်၂ဝကျော်လျှင်အပျိုကြီး၊ ၃ဝအထက်ကတော့ အပြီးကျို (သုံးလို့ရမှာ မဟုတ်တော့လို့ recycle လုပ်ခံရခြင်း)။
    အမျိုးသားများကတော့ အသက်၄ဝအောက်သည် လူပျိုလေး၊ ၄ဝ – ၅ဝသည် လူပျို၊ ၅ဝ – ၇ဝ လူပျိုကြီး၊ ၇ဝ -၈ဝကျော်ထိ လူပျိုသိုး၊ ၎င်းမှအထက် လူပျိုအရန်တပ်ဖွဲ့ဝင်။ အသက်၁၂ဝကျော်သွားရင်တော့ လူပြီးကျို (မီးသဂြိုလ်စက်နဲ့)

    • ashinindaka

      February 14, 2011 at 8:57 am

      စုံနေတာပဲ၊ တော်သေးတယ် ဘုန်းကြီးပြီးကျိုဆိုတာမပါလို့။

  • အာဖျံ ကွီး

    February 14, 2011 at 9:03 am

    “သတိထားရမှာပေါ့” ဆိုတဲ့ ဘုရားရှင်ရဲ. ဆုံးမစကားက ..
    ကိုယ့်ရဲ.ဖောက်ပြန်တတ်တဲ့စိတ်ကိုလား … ?????
    မာတိကာမတွေကိုလား … ?????
    ဆိုတာ သေချာရှင်းပေးပါအုံး ဘုရား။

    • eros

      February 14, 2011 at 2:39 pm

      ကွီးကွီး ရဲ့ မာတုဂါမပါ၊ မာတိကာမ မဟုတ်ပါဘူး။

  • အာဖျံ ကွီး

    February 15, 2011 at 3:24 am

    အဲ .. ဟုတ်သားပဲ … စာလုံးပေါင်း မွှားတွားဒယ် … ဆောဒီးပါဂျာ … !^_^!

  • အာဖျံ ကွီး

    February 15, 2011 at 3:38 am

    မာတုဂါမ လို.ဘာလို.ခေါ်ရတာလဲတော့မသိဘူး။

    အဲ … မိန်းကလေးတော်တော်များများက ဆရာကြီးလုပ်ချင်၊ ရှေ.ရောက်ချင်လွန်းတော့ … အဟဲ … မာတိကာမလို.တောင် ပြောင်းခေါ်ရမလားပဲ။

    မှတ်ချက် ။ ကွီးကိုယ်တိုင်လဲ စတိုင်လ်မရောတဲ့ မာတိကာမပါပဲဂျာ … အဲလေ … ရှင့် … ဟီးးဟီးး

  • char too lan

    February 15, 2011 at 3:49 am

    တပည့်တော်ထင်တာတော့ များသောအားဖြင့်စိတ်တို ဒေါသကြီးတာ တစ်ကိုယ်တည်း လူပျိုကြီး/ အပျိုကြီးတွေပါဘုရား…
    တစ်ယောက်တည်းနေရ တစ်ယောက်တည်းစားရ တစ်ယောက်တည်းသွားရတာများလာတော့ တော်ရုံလူစုလူဝေးကို ညှိနှိုင်းစောင့်စားမနေနိုင်တော့ပါဘူး အဲ့ဒါကြောင့် အလွယ်တကူစိတ်တိုတတ်ကြတယ်ထင်တာပဲ တပည့်တော်တောင်အသက်ကဖြင့် ၂၅ စွန်းစွန်းပဲရှိသေးတယ် တစ်ယောက်တည်းသွားရတာများတော့ နှစ်ယောက်ဖြစ်လာရင်တောင် စိတ်မရှည်ချင်တော့ဘူး ကိုယ်တိုင်ကလဲလမ်းလျှောက်မြန်တယ်လေ 🙂 တစ်ယောက်တည်းစားရတာများလာတော့ စကားစမြည်ပြောပီး စားသောက်ရမယ့်ဝိုင်းတွေဆို ကိုယ်ကအရင်ကုန်နှင့်ပီး ငုတ်တုတ်ကြီးဖြစ်နေပြန်ရော အဲ့တော့စားသောက်ရင်းစကားများနေတဲ့လူတွေကို စိတ်မရှည်တော့ပြန်ဘူး နောက်အကြောင်းအရာတွေလဲ ရှိပါသေးတယ် နောက်လူတွေရွီးရအောင် ချန်ပေးထားပါအုံးမယ် ဘုရား…………….. 😛

  • intro

    February 15, 2011 at 2:59 pm

    အပျိုကြီးတွေ အကြောင်းကတော့ သိတဲ့လူ ဆက်ပြောပေါ့ဗျာ… လူပျိုကြီးတွေ တော်တော်များများ တော့ တွေ့ဖူးပါတယ်… အပေါင်းအသင်းခင်ပြီး ဟေးလားဝါးလား လုပ်နေတဲ့ လူပျိုကြီးတွေက ကျွန်တော်တို့တွေ ထက်တောင် စိတ်ရှည်ပြီး သဘောကောင်းတတ်သေးတယ်၊ တကိုယ်တည်း အထီးကျန်နေတဲ့ လူပျိုကြီးတွေကတော့ စိတ်တိုတတ်တာ သတိထားမိတယ်…

  • ဆူး

    February 15, 2011 at 3:13 pm

    အပျိုကြီးတွေ တော်တော် များများ ရွန်တတ်တယ်။
    အသန့် အပြန့် ကြိုက်တယ်။
    တူတွေ တူမ တွေ အပေါ် သဘောကောင်းပါတယ်။
    ပူဆာ တတ်ရင် အကုန်ရမယ်။

  • eros

    February 16, 2011 at 2:10 am

    မှတ်ချက်။ ။ ဆူးသည်အပျိုကြီးဖြစ်ကြောင်း၊ တူ၊တူမများအပေါ်တွင် သဘောကောင်းကြောင်း၊ ပူဆာတတ်ပါက လိုသမျှအကုန်ရမည်ဖြစ်ကြောင်း၊ ကြွားနေပါသည်။

  • ဆူး

    February 16, 2011 at 7:55 am

    ဆူး အပျိုကြီး ဖြစ်တယ် ဆိုရင်တော့ အပျိုကြီးပေါ့။ ဒါပေမဲ့ တူ တူမ မရှိဘူး ချစ်ဖို့.. သဘောကောင်း ပြီး ဘာမှ လည်း မဝယ်ပေးရဘူး။

  • unclegyi1974

    February 16, 2011 at 4:34 pm

    ဆရာတော်ဘုရား တခုမေးချင်ပါတယ်
    ဆရာ able က e major ကပါလား
    တပည့်တော်တို့ ပထမနှစ်တုန်းကသင်လို်က်ရတဲ့
    ဆရာဖြစ်နေလို့ပါ အိန္ဒိယန်းနွယ် ဆိုတာလည်းမှန်ပါတယ်
    အင်္ဂလိပ်စာသင်တာအလွန်တော်တယ်ဆိုတာလည်း
    မှန်ပါတယ်
    တပည့်တော်တို့ငမျောက်ငခြောက်စာတတ်တာ
    လေးတောင်သူကမြန်မာလိုတလုံးမှမပြောပဲနား
    လည်အောင်ပြောနိုင်တဲ့သူပါ
    သဘောလည်းအလွန်ကောင်းတဲ့သူပါ
    ဒီလိုဆရာကိုယ့်ဘာသာထဲရောက်လာတာ
    ကိုယ့်ဘာသာအဖို့လည်းဂုဏ်ယူစရာ
    သူ့အဖို့လည်းသံသရာကောင်းလို့ဝမ်းမြောက်
    လှကြောင်းပါဘုရား

    • ashinindaka

      March 4, 2011 at 12:06 pm

      ဟုတ်ပါတယ်အန်ကယ်ဒကာကြီး။ Mr. Abel ဆိုတာသူပါဘဲ။ ဘုန်းကြီးဘွဲ့က ဦးစန္ဒောဘာသတဲ့။ အင်္ဂလိပ်စာသင်တာ အရမ်းကောင်းပါတယ်။ သူက စာသင်ဝါသနာ အတော်ပါတာ။ စာသင်ရရင် ထမင်းမေ့မေ့ ဟင်းမေ့မေ့ပဲ။ ရွာပြန်နေလို့ စာပြန်နောက်ကျတာ sorry။

  • unclegyi1974

    March 4, 2011 at 4:38 pm

    ကျေးဇူးပါဘုရား

  • nigimi77

    March 5, 2011 at 4:49 am

    အရှင်ဘုရား။ ဒေဝဒတ် အကြောင်းဆက်မယ်ဆိုပြီး ဘယ်ကို ကြွမြန်းနေပါလဲ ဘုရား။

    • ashinindaka

      March 5, 2011 at 6:05 am

      ရွာကို ခဏပြန်နေလို့ပါ။ ရွာမှာက အင်တာနက်လဲမရှိ၊ အင်တာဖြူလဲ မရှိတော့ ပို့စ်မတင်နိုင်ဘူး။ Sorry!

Leave a Reply