အရှက်အကြောက်တရားဖြင့် နေထိုင်ခြင်းသည်သာ လူပီသသော အမူအကျင့်ဖြစ်မည်

mickylayApril 22, 20101min1224

”ရှက်စိတ်ဆိုတာဟာ ခေတ်တွေပြောင်းလဲလာတာနဲ့အမျ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်း ပြောင်းသွားကြပြီဖြစ်ပါတယ်။ တစ်ချိန်က
ရှက်စရာဟာ နောင်တစ်ချိန်ကျတော့ ရှက်စရာ မဟုတ်တော့ပါဘူး။ ရှက်စရာဆိုတာ ဟာ
ဘာတွေကိုခေါ်တာလဲလို့တောင် ပြောဖို့ ခက်လာပါတယ်”
၁၉၉ရ ခုနှစ် မတ်လထုတ် သင့်ဘဝ မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော ‘ရှက်စိတ် ကမ္ဘာမှာ လျော့နည်းလာပြီလား’ ဆောင်းပါး၌
ဆရာလူထုစိန်ဝင်းက ထိုသို့ ထည့်သွင်းရေးသားထားခဲ့ သည်။ ၁၉၉၇
ခုနှစ်ကိုကျော်လွန် အပြီး ၂၀၁ဝ ပြည့်နှစ်သို့ရောက်ရှိလာခဲ့သော
ယနေ့အချိန်တွင် ဆရာ လူထုစိန်ဝင်းပြောထားခဲ့သကဲ့သို့ပင် ရှက်စိတ်အပေါ်
အဓိပ္ပာယ်ဖွင့်ဆိုချက် များက ပြောင်းလဲသွားပြီလားဟု
မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါသည်။

ဟီရိဩတပ္ပတရားဆိုသည်မှာ အရှက်အကြောက်တရားမရှိသော လူသည်လူမဟုတ်ကြောင်း၊ လူပီသ သော
လူတစ်ယောက်ဖြစ်ရန်အတွက် ဟီရိဩတပ္ပတရားနှင့် ပြည့်စုံမှသာ ဖြစ်နိုင်ကြောင်း
စသည့်ဖွင့်ဆိုချက် များရှိခဲ့ပါသည်။ ထိုဖွင့်ဆိုချက်များ ကို
ခေတ်အဆက်ဆက်သုံးစွဲလာကြ သည်၊ ယနေ့တိုင်လည်းသုံးစွဲနေကြဆဲ ဖြစ်ပါသည်။
သို့သော်ထိုစကားများ၏ အနက်အဓိပ္ပါယ်နှင့် လေးနက်မှုအပေါ်၌ သိရှိနားလည်သူများ
နည်းပါးလာခဲ့ကြောင်း မျက်မှောက်ခေတ်ကို ဖြတ်သန်းနေကြသူများက
သုံးသပ်ခဲ့ကြပါသည်။
”ဟီရိဩတပ္ပတရားဆိုတာ မဟုတ်တာ၊ မမှန်တာကို လုပ်ရမှာရှက်ခြင်း၊ ကြောက်ခြင်းပါပဲ။ အဘိဓာန် မှာတော့ မကောင်းမှုမှရှက်ခြင်း၊ မကောင်းမှုမှ ကြောက်ခြင်းဆိုပြီး
အဓိပ္ပာယ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့အဓိပ္ပာယ်ကို မဖွင့်ဆို
တတ်သည့်တိုင် မဟုတ်တာ၊ မမှန်တာ(မကောင်းမှု)လုပ်ရမှာ ရှက်စိတ်
ကြောက်စိတ်ရှိရင် ဟီရိဩတပ္ပတရားနဲ့ ညီညွတ်တာပါပဲ”ဟု စာရေး ဆရာဖေမြင့်က
ပြောပြပါသည်။
မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊ မကောင်းမှုပြုလုပ်ရသည် ကို ကြောက်ခြင်းတို့မှာ ဟီရိဩတပ္ပ တရားဖြစ်သည်နှင့်အညီ ထိုအမူအကျင့်များ မရှိတော့သည့်နှင့် လူ့တန်ဖိုးလည်း
ကျဆင်းလာမည်သာဖြစ်ကြောင်း ဆရာလူထုစိန်ဝင်းက ရှက်စိတ် ဆောင်းပါးတွင်
ဆိုခဲ့ဖူးသည်။
”ဟီရိဩတပ္ပဆိုတဲ့ ရှက်ခြင်း တရားကြောင့် လူတွေဟာယဉ်ကျေးတဲ့ သတ္တဝါလို့ အခေါ်ခံလာရတာပါ။ တိရိစ္ဆာန်တွေမှာတော့ ဟီရိဩတပ္ပဆိုတာ နားမလည်ကြပါဘူး။ ကိုယ်ဆာလောင်လာတဲ့အခါ၊ စားချင်စိတ်ပေါ်
လာတဲ့အခါ၊ ကိုယ့်ရှေ့မှာပေါ်လာတဲ့ ကိုယ့်ထက်အားနည်းတဲ့ သတ္တဝါလေး တွေကို
ဖမ်းယူစားသောက်ပစ်လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ
ရှက်စရာပါလားလို့ တိရိစ္ဆာန်တွေက စဉ်းစားရကောင်းမှန်း မသိပါဘူး။
သူ့ထက်အားကြီးတဲ့ သတ္တဝါကိုတွေ့ရင် သူဟာအမြီးကို တန်းပြီး ထွက်ပြေးမှာပါပဲ။
ရန်သူကို ကျောပေးပြီးပြေးခြင်းဟာ ရှက်စရာ ပါလားလို့ တိရိစ္ဆာန်က မစဉ်းစား
တတ်ပါဘူး။ သူ့အတွက် အရေးကြီး ဆုံးက သူ့အသက်ရှင်ဖို့ပဲဖြစ်တယ်။
အဲဒါကြောင့်အရှက်ဆိုတဲ့ အရာလေး တစ်ခုဟာ လူနဲ့တိရိစ္ဆာန်ကိုစည်းခြားပေးထားတဲ့
အရာတွေထဲက အရေးကြီးတဲ့အရာတစ်ခုလို့ ဆိုချင်ပါတယ်” ဟု
ရှက်စိတ်ဆောင်းပါးထဲ၌ ဆရာ လူထုစိန်ဝင်းကဆိုထားခဲ့သည်။
ထို့ပြင် ရှက်စိတ်သည် လူသား များကို ယဉ်ကျေးပြီး အဆင့်မြင့် သတ္တဝါများအဖြစ် ရောက်ရှိစေရန် အတွက် အဓိကအခန်းကဏ္ဍမှနေပြီး
ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် ယဉ်ကျေးပြီး အဆင့်မြင့်သည့်လူ
သားတွေကသာ ‘အရှက်နှင့်လူလုပ် တာ’ ဆိုသည့်စကား၊ ‘အရှက်ကို
အသက်နဲ့လဲမယ်’ဆိုသည့် စကားများ ကို ဖြစ်ပေါ်လာစေခဲ့ကြောင်း
ဆရာကထည့်သွင်းပြောဆိုထားခဲ့သည်။
မျက်မှောက်ခေတ်နှင့် အရှက်အကြောက်တရား
မဟုတ်သည်၊ မမှန်သည်ကို ပြောဆိုလုပ်ကိုင်ခြင်း၊ မိမိအကျိုးစီးပွားတစ်ခုတည်းသာ ကြည့်ပြီး တရားသည်၊ မတရားသည်ကို မစဉ်းစားဘဲ မကောင်းသည့်အပြုအမူများကို သိလျက်နှင့်ပင်
လုပ်ကိုင်လာကြခြင်းသည် အရှက်အကြောက်နည်းပါးလာခြင်းကို
ထောက်ပြလျက်ရှိနေကြောင်း သုံးသပ်သူများက ဆိုကြပါသည်။
”လူမျိုးစုတစ်ခုချင်းစီမှာ မတူညီတဲ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့တွေ ရှိကြပါတယ်။ မြန်မာ့ထုံးစံမှာဆိုရင် တော့ ဟီရိဩတပ္ပတရားပါပဲ။ ဒါပေမယ့်
ပြောကြ၊ ရေးကြ၊ တွေ့ကြုံနေ ရသလို၊ ကမ္ဘာကြီးမှာအကန့်အသတ် အတားအဆီးတွေ
ပါးလျလာတဲ့အခါ ယဉ်ကျေးမှုချင်းတွန်းတိုက်သလို ယဉ်ကျေးမှုချင်းလည်း ဆုတ်ယုတ်
လာကြပါတယ်။ ဒါကြောင့်မို့လည်း မဟုတ်တာတွေကိုလုပ်ရမှာ၊
မမှန်တာတွေလုပ်ရမှာကို ရှက်တဲ့စိတ်တွေ လုံးဝပျောက်ဆုံးသွားပြီလို့
မဆိုနိုင်ပေမယ့် ပါးလျလာတာတော့အမှန်ပါ ပဲ”ဟု မျက်မှောက်ခေတ်၏
ပြောင်းလဲလာမှု အဆိုးအကောင်းများကို ဆောင်းပါးများရေးသားလေ့ရှိသူ မကေသွယ် က
ဆိုပါသည်။
”မကောင်းတာတွေကိုလုပ်ဖို့ ရှက်သင့်တယ်၊ ကြောက်သင့်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာအရှက် အကြောက်တရားတွေနည်းပါးလာ နေတယ်လို့ထင်မိတယ်”ဟု ဘွဲ့လွန် ကျောင်းသားတစ်ဦးဖြစ်သူ
ကိုဘုန်းမြင့်ဦးကလည်း ဆိုပါသည်။
”သူများအပေါ် မကောင်းကြံ တာတွေ၊ မမှန်တာတွေလုပ်တာတွေ ကိုရှက်ရမယ့်အစား သူများသုံးလို့ ကိုယ်မသုံးနိုင်တာတွေမျိုး ရှက်လာကြတာတွေ ရှိပါတယ်။ဒါပေမယ့် အ
ရှက်အကြောက်တရားတွေက လုံးဝ ပျောက်ဆုံးသွားတာတော့ မဟုတ်ပါဘူး။
တချို့လူတွေမှာတော့ မကောင်းတာတွေကိုလုပ်ရမှာ ရှက်တယ်ဆိုတဲ့
စိတ်ဓာတ်မျိုးတွေကို မြင်နေရတုန်း ပါပဲ”ဟု ဝက်ဘ်ဆိုက်ဒီဇိုင်းရေးဆွဲ
သူတစ်ဦးဖြစ်သည့် မခိုင်ဦးလွင်က ပြောဆိုပါသည်။
”ဟီရိဩတပ္ပတရားနဲ့မနေတဲ့ သူတွေများများလာတယ်လို့တော့ ထင်မိပါတယ်။ အရင်တုန်းကတော့ အဲဒီတရားနဲ့နေထိုင်တဲ့သူတွေ ရှိချင် ရှိနေမယ်။
ဘယ်လောက်များတယ် သာမပြောနိုင်တာ”ဟု လူငယ်တစ်ဦး ကလည်း ပြောဆိုပါသည်။
”မျက်မှောက်ခေတ်မှာ မဟုတ်တာတွေကို လုပ်ကိုင်ရမှာ ရှက်တတ်၊ ကြောက်တတ်တဲ့သူတွေ အများကြီး ရှိနေပါသေးတယ်။
ဒါပေမယ့်သူတို့ရဲ့ထိန်းချုပ်တဲ့ အပြုအမူတွေကမထင် ရှားဘဲ
အရှက်အကြောက်မဲ့သူတွေရဲ့ အပြုအမူတွေကထင်ရှားမြင်သာနေတဲ့အတွက်
အမှတ်တမဲ့ကြည့်ရင်အ ရှက်အကြောက် ကင်းမဲ့နေသလိုထင်ရ ပါတယ်”ဟု ဆရာဖေမြင့်က
သုံးသပ် သည်။
အရှက်အကြောက်တရားနှင့် နည်းပညာရိုက်ခတ်မှု
မျက်မှောက်ခေတ်၏ အရှက်အကြောက်တရားအပေါ် တန်ဖိုးထား မှုလျော့နည်းခြင်း အကြောင်းရင်းများထဲတွင် နည်းပညာရိုက်ခတ်မှုများကလည်း
အကြောင်းတစ်ချက်ပါဝင်နေကြောင်း သိရပါသည်။ နည်းပညာ ရိုက်ခတ်မှုမှတစ်ဆင့်
ရုပ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရားကင်းမဲ့လာ မှု၊
ထိုမှတစ်ဆင့်စိတ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရားကင်းမဲ့လာ မှုများ ဆီသို့
ရောက်ရှိလာခဲ့ကြောင်း သုံးသပ်သူများက ဆိုကြပါသည်။
လွန်ခဲ့သော ဆယ်စုနှစ်ကျော် ကရေးသားထားခဲ့သော ဆရာလူထု စိန်ဝင်း၏ ရှက်စိတ်ဆောင်းပါးတွင် လည်း အင်တာနက်များ၊ ဆိုက်ဘာစပေ့ များရှိလာကြသည့်အချိန်တွင်
ရှက်စိတ်နှင့်ပတ်သက်ပြီး စိုးရိမ်ရသည့် အနေအထားရှိလာနိုင်ကြောင်း
သုံးသပ်ထားခဲ့သည်။
ထိုသုံးသပ်ချက်အတိုင်းပင် ယနေ့အချိန် (အင်တာနက်ခေတ်)၏ နည်းပညာရိုက်ခတ်မှုကြောင့် အရှက်အကြောက်တရား ကင်းလာကြသူများ ထဲတွင် လူငယ်အများစုပါဝင်လာခဲ့ ခြင်းကလည်း စဉ်းစားသင့်သည့်အချက်
တစ်ချက်ဖြစ်လာကြောင်းသိရသည်။


မဟုတ်သည်၊ မမှန်သည်ကို ပြောဆိုလုပ်ကိုင်ခြင်း၊ မိမိအကျိုးစီးပွားတစ်ခုတည်းသာကြည့်ပြီး တရားသည်၊ မတရားသည်ကိုမစဉ်းစားဘဲ မကောင်းသည့် အပြုအမူများကိုသိလျက်နှင့်ပင်
လုပ်ကိုင်လာကြခြင်းသည် အရှက်အကြောက် နည်းပါးလာခြင်းကို
ထောက်ပြလျက်ရှိနေ . . .


”ခေတ်လူငယ်တွေက ပွင့်လင်း လာကြတယ်။ ယဉ်ကျေးမှုတန်ဖိုးတွေကို သိပ်အလေးမထားလာကြ တော့ဘူး။ ဘာသာရေးဘက်ဆိုရင်လည်း
သိပ်အကျွမ်းတဝင်မရှိကြတော့တဲ့အခါမှာ အရှက်အကြောက် နဲ့ပတ်သက်လို့
အားနည်းလာတယ် လို့ သုံးသပ်ချင်ပါတယ်။ လူငယ်တွေ ဟာ အွန်လိုင်းပတ်ဝန်းကျင်မှာ
ကျက်စားလာတဲ့အခါ ပြင်ပကမ္ဘာမှာလို မြင်ရတာမဟုတ်တဲ့အတွက်
လွယ်လွယ်လိမ်လာကြတယ်၊ လွယ်လွယ် နဲ့မကောင်းတာကို လုပ်နိုင်ကြတယ်။ ဥပမာ
ညစ်ညမ်းဝက်ဘ်ဆိုက်တွေ ကို ကိုယ်တိုင်ဖန်တီးလာကြတာမျိုး..” ဟု
ကိုဘုန်းမြင့်ဦးက ဆိုပါသည်။
နည်းပညာကမ္ဘာအတွင်း အများအလွယ်တကူ မမြင်နိုင်သည့်အတွက် မကောင်းမှုများကို စမ်းသပ် လုပ်ကိုင်ရာမှာ ပြင်ပနေထိုင်မှုအထိ ပါ မကောင်းမှုပြုလုပ်ခြင်းများ
ကူးစက်လာခဲ့သည်ကလည်း လူငယ် များအတွက် သတိထားစရာအချက် တစ်ခုဖြစ်လာခဲ့သည်။
”ခေတ်တစ်ခုနဲ့တစ်ခု အကြား အမြင်အတွေးအသိတွေ ပြောင်းလဲကွာ ခြားလေ့ရှိသလို၊ ယခုလက်ရှိလူငယ် တွေမှာလည်းပုံစံတစ်ခုနဲ့တစ်ခုပြောင်း
လဲလာနေတယ်လို့ ထင်ပါတယ်။ အဲ ဒီလို ဖေးဖေးမမမပြောချင်ဘူးဆိုရင် တော့
အရှက်အကြောက်တရားတွေ အပေါ် တန်ဖိုးထားမှုလျော့ရဲလာ တယ်လို့ မြင်မိတယ်။
ပြန်ပြီး ဖာဖာ ထေးထေး ပြောရရင်တော့ ပိုပြီးရဲတင်း လွတ်လပ်လာတယ်ပေါ့လေ”ဟု
မကေသွယ်က ဆိုပါသည်။

အရှက်အကြောက်တရားနှင့် အသိဉာဏ်ပညာ
ရှက်ခြင်းနှင့်ပတ်သက်ပြီး အ မျိုးအစားခွဲခြားရာတွင် အခြေခံအမျိုး အစားလေးမျိုးခွဲခြားနိုင်ကြောင်း ရှက်စိတ်ဆောင်းပါး၌ ဆရာလူထုစိန်ဝင်း ကပြောဆိုခဲ့သည်။ ထိုရှက်စိတ်လေး
မျိုးမှာ (၁) မိမိ၏ပုဂ္ဂလအတ္တကို ထိပါးလာသည့်အခါ၌ ရှက်ခြင်း၊ (၂)
မိသားစုအစရှိသည်မှ နိုင်ငံအထိပါ ဝင်သော မိမိ၏အုပ်စုကိုထိခိုက်လာသည့်
အတွက်ရှက်ခြင်း (၃)မိမိ၏ယုံ ကြည်ချက်ကို ထိပါးလာသည့်အတွက် ရှက်ခြင်း၊
(၄)မိမိထားရှိသော သစ္စာတရားကို သစ္စာဖောက်ရန်အတွက် ရှက်ခြင်းအစရှိသည့်
အမျိုးအစား များဖြင့် ခွဲခြားထားခဲ့ပါသည်။

အရှက်အကြောက်တရားကို ဘယ်လိုထိန်းကျောင်းမလဲ
လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်ခြင်းသည် လူပီသသောအမူအကျင့် ဖြစ်သည်။ ထို့အတူ အရှက်အကြောက် တရားနှင့် နေထိုင်ခြင်းသည်လည်း လူ့ကျင့်ဝတ်နှင့်အညီ နေထိုင်ရာ၌
အထောက်အကူဖြစ်စေသည်။ အရှက် အကြောက်တရား မရှိလျင်တော့ လူ မဟုတ်တော့ဟု
ဆိုကြပါသည်။
အရှက်အကြောက်တရားဖြင့် နေထိုင်ရာတွင် ကိုယ်ကျင့်တရား အပါအဝင်ပတ်ဝန်းကျင်၊အဖွဲ့အစည်း များနှင့်လည်း သက်ဆိုင်မှုရှိနေ ကြောင်းဆရာဖေမြင့်ကဆိုပါသည်။
”လူမှာ မှားမှန်သိစိတ်တို့ အဲဒါ နဲ့တွဲပြီးဖြစ်လာတဲ့ မှားတာ(မဟုတ်မမှန်တာ)လုပ်ရမှာ
ရှက်ကြောက်စိတ် တို့ဆိုတာကတော့ လူ့စိတ်အဆောက် အအုံ သို့မဟုတ်
စိတ်ယန္တရားရဲ့ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ကတော့ ရှိနေမှာပါပဲ။ ဒါပေမယ့်
လူရဲ့ခေါင်းထဲမှာရှိနေတဲ့ အမှားအမှန်ခွဲခြားဝေ ဖန်ရာမှာ အသုံးပြုတဲ့
နှုန်းစံတန်ဖိုး တွေကို တိုင်းတာတဲ့ပေတံတွေကတော့ သူမွေးဖွားကြီးပြင်းခဲ့ရာ
မိသားစုပတ်ဝန်းကျင်၊ တိုင်းပြည်၊ လူမျိုး၊ စာသင်ကျောင်း၊ ကိုးကွယ်တဲ့ဘာ
သာ၊ ရပ်ရွာလူမှုဓလေ့စရိုက် စတာ တွေအပြင် ရင်းနှီးကျွမ်းဝင်မိတဲ့ မိတ်
ဆွေအပေါင်းအသင်း၊ ဆက်စပ်ပတ် သက်တဲ့လူ့အဖွဲ့အစည်း၊ လူအုပ်စု၊ ထိတွေ့မိတဲ့
လူမှုရေး၊ နိုင်ငံရေး၊ အ တွေးအခေါ်၊ခေတ်ကာလအလျောက် ထွန်းကားလာတဲ့ အယူအဆတွေ
အပေါ်မှာလည်း မူတည်နေတာဖြစ်လေတော့ လူတစ်ဦးချင်းရဲ့အတွေ့ အကြုံအရရော၊
သက်ဆိုင်ရာလူ့အဖွဲ့ အစည်းထဲက လူမှုစနစ်အပြောင်းအလဲတွေ အရပါ ပြောင်းလဲဖြစ်ပေါ်
နေနိုင်တဲ့ သဘောရှိပါတယ်”ဟု ဆရာ ဖေမြင့်က ပြောပြသည်။
”ဒီနေ့ အင်တာနက်ခေတ်မှာ ယဉ်ကျေးမှုတွေဟာ နယ်နိမိတ်အထူ အပါးမရှိကြတော့ဘူး။ ကိုယ့်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှုအားနည်း နေမယ်ဆိုရင် ဟီရိဩတပ္ပတရားဆို
တဲ့ အရှက်အကြောက် တရားနှစ်ပါး စလုံးလျော့နည်းလာမှာပဲ။ ဒီနေ့ကမ္ဘာ မှာရော
မြန်မာမှာပါ အရှက် အကြောက်တရားတွေမရှိကြတော့ ဘူး။ လူတွေဟာ ရိုင်းစိုင်းလာကြ
တယ်။ အကြမ်းဖက်လာကြတယ်။ လက်နက်အားကိုးနဲ့ အကြမ်းဖက် လာကြတယ်ဆိုတာတွေကလည်း
ဟီရိဩတပ္ပတရားတွေ နည်းပါးလာ ကြလို့ပါ။ ဒီလိုတွေထပ်ခါ၊ ထပ်လဲ
ဖြစ်လာတဲ့အခါမှာ အရှက်အကြောက် တရားတွေအကြောင်းကို ကလေး တွေ၊
လူငယ်တွေသိရှိနားလည်အောင် လုပ်ဆောင်ကြပါလို့ပဲ ပြောချင် ပါတယ်”ဟု
ဆရာလူထုစိန်ဝင်းက ပြောပြခဲ့ပါသည်။

source:http://www.weeklyeleven.com/

4 comments

  • thwe zin

    April 22, 2010 at 9:32 am

    ခုခေတ်မှာတော့မိန်းကလေးတွေက အဓိက ပေါ့။ ခေတ်နဲံ့အညီဝတ်ပါ ။စားပါ ဒါဘေမဲ့အတိုင်းအတာတစ်ခုတော့ရှိသင့်တယ်လို့ထင်တယ်။ အဝတ်အစားဘက်မှာဆိုရင်လဲ ကိုယ်ဝတ်တဲ့အကျႌ ကိုယ်နဲ့လိုက်လားမလိုက်လား ပြီးတော့ကိုဝတ်ထားတဲ့ဒီဇိုင်းကလန်နေရင်တောင် ကိုကလူတွေကြားထဲသွားမှာဘဲ (ယောက်ျားလေး)တွေတော့ရှိမှာသေချာတယ် မိန်းကလေးတစ်ယောက်က လန်နေအောင်ဝတ်ထားရင်တော့ ယေကျ်ားလေးတွေကကြည့်မှာဘဲ သူတောင်မိန်းကလေးဖြစ်ပြိးအရှက်မရှိဝတ်ရဲသေးတာ ကြည့်ရုံသက်သက်တော့ဘယ်သူမဆိုကြည့်ကြမှာဘဲ ခုတင်ထားတဲ့ပုံဆို ဝတ်မူံရွှေရည်တောင် အရူံးပေးရလောက်တယ်နော်….။ဒါတောင်သူကမင်းသမီးလေ .. ..။ အကိုပြောသလိုဘဲ ဘာသာရေးဘက်မှာလဲ တော်တော်လေးအားနည်းလာပြီ ။နေရာတိုင်းမှာလိုက်ကြည့်ရင် အလှအပ ဆိုင်တွေနဲ့ပြည့်နေပြီ။ ခေတ်နဲ့ညီကြပါ ..လှအောင်နေကြ.ပါ ….ဒါဘေမဲ့ တော်ရုံသင့်ရုံပေါ့..။ (ဟီး)တော်နေ ဂျီမေးအကောင့်ထဲလိုက် ပြောနေအုံးမယ် ။

  • kopainglay

    April 22, 2010 at 10:27 am

    သားသမီး မကောင်းမိဘခေါင်းဆိုတာကိုတော့မပြောချင်ပါဘူး သူတို့မိဘတွေကလဲအဲလိုပဲဝတ်ကြတာဗျ သားသမီးတွေကိုလဲ မြှောက်ပေးထားတယ်လေ

  • mintonemin

    April 22, 2010 at 1:49 pm

    dar har shat sa yar ma hoke top par bu
    lan nay tar par

  • kopauk mandalay

    April 23, 2010 at 4:17 pm

    အရှက်အကြောက်နည်းလာတယ် ဆိုတာ ဆင်ခြင်တတ်သော အသိတရားတွေနည်းပါးလာကြလို.ပါ။
    နေ.စဉ်နဲ.အမျှထမင်းရှာစားဘို.ခက်လာတော. အသိတရားတွေကို သင်ပေးဘို.မျှဝေပေးဘို.အချိန်တွေ
    နည်းပါးကုန်တော. အသိတရားတွေနည်းနည်းလာတော.တာပေါ.။
    အသိနည်းတော. အရှက်နည်းကုန်တာပေါ.ဗျာ။

Leave a Reply