စေတီပုထိုး

ashinindakaFebruary 15, 20111min663

အခန်းထဲအောင်းပြီး စာဖတ်ရတာငြီးငွေ့လို့ ဝရံတာထွက်ပြီး
အရပ်လေးမျက်နှာ ဟိုဟိုဒီဒီ ကြည့်လိုက်ရင်
စိမ်းစိမ်းစိုစိုတောင်ကုန်း (သို့မဟုတ်) တောင်တန်းလေးတွေ တွေ့ရတယ်။
ဒီနိုင်ငံရောက်ခါစက ဒီတောင်ကုန်း တောင်တန်းလေးတွေကို ကြည့်ပြီး
တစ်ခုခုလိုနေသလို ခံစားရတယ်။
ဘာလိုနေတယ်ဆိုတာ ရုတ်တရက် အဖြေထုတ်လို့ မရဘူး။
ရောက်ခါစမို့ ကိုယ်နေခဲ့ဘူးတဲ့ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံကို
သတိရလွမ်းဆွတ်လို့ နေမှာပါလေလို့ ထင်ခဲ့မိတယ်။

မြန်မာပြည်ကသူငယ်ချင်းတစ်ပါးက
မြန်မာပြည်ပြန်လာရင် မန္တလေးကို လာဖြစ်အောင် လာခဲ့ပါအုံးဆိုပြီး
Email တစ်ဆောင်ပို့လိုက်တယ်။
သူ့ Email မှာ Attached File နဲ့ ဓာတ်ပုံတစ်ပုံပိုု့လိုက်တယ်။
ဆီဒိုးနားဟိုတယ် ကျုံးဒေါင့်မှာ သွားပြီး ရိုက်ထားတာ၊
ကျုံးရေပြင်နဲ့ မန္တလေးတောင် နောက်ခံနဲ့ပုံ။
ဓာတ်ပုံကို အသေအချာ စူးစူးစိုက်စိုက်ကြည့်ဖြစ်တယ်။
မျက်တောင်ခတ်ဘို့မေ့သွားတယ်။ အသက်ရှူဘို့မေ့သွားတယ်။

နောက် စကားလုံးတွေ အလိုလိုထွက်လာတယ်။
“ဒီနိုင်ငံက တောင်ကုန်း တောင်တန်းတွေမှာ တစ်ခုခုလိုအပ်နေတယ် ဆိုတာ ဒါပဲ”
ထုံးဖြူဖြူ စေတီပုထိုး၊

မြန်မာနိုင်ငံမှာတော့ ဘယ်တောင်ကုန်းကြည့်ကြည့်၊
စေတီပုထိုးတစ်ဆူဆူကိုတော့ တွေ့ရစမြဲ။
မြန်မာလူမျိုးဆိုတာ
တောင်ကုန်းမြင့်မြင့်တွေ့ရင်
စေတီပုထိုးတည်ပြီး
ဘုရားဒကာ အမည်ခံချင်ကြတာမို့လား။
ဘုရားဒကာ အမည်ခံချင်လွန်းလို့ စေတီပုထိုးတည်လိုက်တာ
ပုဂံလိုဒေသမျိုးမှာဆို သစ်တောကို ပြုန်းရော၊
ဒီနေ့ထိ နလံမထူနိုင်တော့ဘူး။

မြန်မာပြည်မှာ စေတီပုထိုးတွေ သိန်းပေါင်း ထောင်နဲ့သောင်းနဲ့ချီအကုန်အကျခံပြီး
အသစ်ဆောက်နေတာကို တွေ့ရင် အတော် ဘဝင်မကျဖြစ်မိတယ်။
စေတီပုထိုးပေါတဲ့ မြန်မာနိုင်ငံမှာ စေတီပုထိုးထပ်တည်ဆောက်ဖို့ လိုသေးလို့လား။

ဆင်းရဲမွဲတေနေတဲ့ ကိုယ့်အမိ မြန်မာနိုင်ငံမှာ
စေတီပုထိုး အသစ်တည်ဆောက်မဲ့အစား
အဲ့အတွက်ကုန်ကျငွေတွေကို ပညာရေး၊ ကျန်းမာရေးတွေမှာ အသုံးချလိုက်မယ်ဆိုရင်
ဘယ်လောက်ခရီးရောက်လိုက်မလဲ လို့စဉ်းစားမိတယ်။

ဟိုတစ်နှစ်က မလေးရှားနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ်
မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့လည်မှာ
ရဟတ်လို့ခေါ်သလားတော့မသိဘူး။
အတက်အောက်လည်ပတ်တဲ့ဟာကြီး တစ်ခု တည်ဆောက်တယ်။
လူတွေ စီးနင်းလိုက်ပါသွားရတာ။ ဖြည်းဖြည်း ဖြည်းဖြည်း လည်ပတ်တာ။
အပေါ်ရောက်သွားရင် ကွာလာလမ်ပူမြို့ ရှုခင်းတွေကို ကြည့်လို့ရတယ်။
လိုက်ပါစီးနင်းလိုတဲ့လူတွေ ပိုက်ဆံပေးရတယ်။

လန်ဒန်မှာလည်း အလားတူ တစ်ခုရှိတယ်။
London Eye လို့ခေါ်တယ်ထင်တယ်။ လန်ဒန်ရှုခင်းကို ကြည့်ဘို့။
တစ်ခါစီးချင်ရင် ကိုးပေါင်ပေးရတယ်။
နိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ စီးနင်းလိုက်ပါနေတာကို တွေ့ခဲ့ရတယ်။

ဒီမလေးရှားနိုင်ငံ အစိုးရလည်း UK အစိုးရကို အတုခိုးပြီး
လိုက်လုပ်တာဖြစ်မယ်။ နိုင်ငံအတွက် နိုင်ငံတိုးတက်ဘို့ ဘက်စုံက ဖြစ်တဲ့နည်းနဲ့ ဘဏ္ဍာငွေရှာနေကြတာ။ အတော်အားကျဘို့ကောင်းတယ်။

ဒို့နိုင်ငံလည်း စေတီပုထိုးတွေတည်နေမဲ့အစား
နိုင်ငံတော်အတွက် လိုအပ်တဲ့ဘဏ္ဍာငွေကို ရှာပေးနိုင်တဲ့
လန်ဒန်မှာရှိတဲ့ ကွာလာလမ်ပူမှာရှိတဲ့ မြို့တော်ရှုခင်းကို တစ်နေရာတည်းကကြည့်လို့ရတဲ့
ရဟတ်ကြီးတစ်ခု တည်ဆောက်တာ ပိုအကျိုးရှိမယ်လို့ထင်မိတယ်။
စဉ်းစားမိတာပါ။
ထားပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ်၊

စေတီပုထိုးရှိတဲ့ တောင်ကုန်း ရှုခင်းတွေနဲ့ ယဉ်ပါးလာတဲ့မျက်စိဟာ
ဒီနိုင်ငံက တောင်ကုန်း တောင်တန်းတွေမှာ
စေတီပုထိုးမတွေ့ရတော့ ရင်ထဲဟာမိတာ အမှန်ပဲ။

စေတီပုထိုးဆိုတော့ စေတီပုထိုးနဲ့ဆက်စပ်ပြီး ရှင်အာနန္ဒာကြီးကို သတိရမိပြန်တယ်။

မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက
မြတ်စွာဘုရားကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့
အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြတယ်။
မြတ်စွာဘုရားကျောင်းမှာရှိနေရင်တော့ ပါလာတဲ့ပစ္စည်း လှူဒါန်းခဲ့ရုံပေါ့။
မြတ်စွာဘုုရားမရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။
မြတ်စွာဘုရားကို လှူဒါန်းဘို့စိတ်ကူးနဲ့လာကြတာကိုး။

ဒီတော့ ကျောင်းဒကာ အနာထပိဏ်က ရှင်အာနန္ဒာကို
ဘုရားထံ လှူဒါန်းဘို့လာတဲ့သူတွေ ဘုရားမရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင်
သင့်လျှော်တဲ့နေရာစီစဉ်ဘို့ လျှောက်တယ်။
ရှင်အာနန္ဒာကလည်း ဒီကိစ္စကို မြတ်စွာဘုရားနဲ့တွေ့တော့လျှောက်တယ်။

မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုးကို ပြောပြတယ်။
၁။ ဓာတ်တော်မွေတော်အပါအဝင် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ

ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တယ်။
မြတ်စွာဘုရားက
စေတီကို ငါဘုရားပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့
တည်ဆောက် ပူဇော်သင့်ကြောင်း၊ ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ  ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊
စေတီပုထိုးတော်တွေကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။

စေတီပုထိုးကို ကြည့်၊ ဘုရားအစစ်ကို (သက်ရှိထင်ရှားမြတ်ဘုရားကို)
စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာလို့ နားလည်မိပါတယ်။
တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။

စေတီပုထိုးမတည်သေးဘဲနဲ့ သူတရားအားထုတ်ခဲ့တဲ့ ဗောဓိညောင်ပင်ကို စိုက်ပျိုးပြီး
သူမရှိတဲ့အခါ သူခရီးထွက်နေသခိုက် သူ့ကိုယ်စား ဗောဓိညောင်ပင်ကို ပူဇော်ဘို့
မြတ်စွာဘုရားက ရှင်အာနန္ဒာကို အကြံပြုပါတယ်။

ဒီနောက် ရှင်အာနန္ဒာဟာ ရှင်မောဂ္ဂလာန်ကြီး အကူအညီနဲ့
ဗုဒ္ဓဂယာက ဗောဓိညောင်မျိုးစေ့ကိုယူပြီး
ဇေတဝန်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။
အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။
ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ
အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။

ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး
သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံ ဘုန်းကြီးကျောင်းတိုင်းမှာ
ဗောဓိပင်ကို ဘုန်းကြီးကျောင်း အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။
သီဟိုဠ်ဘုန်းကြီးကျောင်း (၁) ကျောင်းတည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၄၊ သံဃာနေဆောင် တို့ရှိရပါတယ်။

မြန်မာပြည်က ပေ ၄၀×၆ဝ အကွက်ခလေးကို ဘုန်းကြီးကျောင်းမြေကွက်အဖြစ်ချပေးပြီး
စေတီပုထိုး မပြောနဲ့၊ ဗောဓိညောင်ပင်မပြောနဲ့၊
ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင်တောင် ခြေရဲရဲ မဆန့်ရဲလောက်တဲ့ ကျောင်းမှာ
နေနေကြရတဲ့ မြန်မာနိုင်ငံ သာသနာ့ဝန်ထမ်းများဘဝကိုလည်း မြင်ယောင်နေမိတယ်။

3 comments

  • nigimi77

    February 16, 2011 at 2:18 am

    အရှင်ဘုရား။ ဒေဝဒတ် ဆက်ပါဦး။

  • char too lan

    February 16, 2011 at 4:57 am

    (မြန်မာနိုင်ငံမှာတော့ ဘယ်တောင်ကုန်းကြည့်ကြည့်၊ စေတီပုထိုးတစ်ဆူဆူကိုတော့ တွေ့ရစမြဲ။
    မြန်မာလူမျိုးဆိုတာ တောင်ကုန်းမြင့်မြင့်တွေ့ရင် စေတီပုထိုးတည်ပြီး ဘုရားဒကာ အမည်ခံချင်ကြတာမို့လား။)
    တောင်ကုန်း တောင်မြင့်ကြီးတွေပေါ်မှာ စေတီလေးတွေခက်ခက်ခဲခဲတည်ထားတာ ဘာရည်ရွယ်ချက်ပါလိမ့်လို့ တွေ ့တိုင်းတွေးမိပါတယ်…………တကယ်ပဲဆရာတော်ပြောတဲ့အတိုင်းပါပဲလား ဘုရား…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 16, 2011 at 5:21 am

    အရှင်ဘုရား
    စေတီထိုက်သူ လေးမျိုးကို လည်း
    ထည့်သွင်းရေးသားသင့်ပါတယ်ဘုရား
    ဘာရယ်တော့မဟုတ်ရပါဘူး အရှင်ဘုရား
    သူများတွေစာချတာကို အားကျလို ့ပါဘုရား။

Leave a Reply