တန်ဖိုးငယ်ဟောင်းနွမ်း ငွေစက္ကူများကို ပမာဏ ကန့်သတ် မထားဘဲ ဘဏ်ဖွင့်ရက်တိုင်း လဲလှယ် ပေးနေကြောင်း သိရ

BayoteApril 22, 20101min772

တန်ဖိုးငယ် ဟောင်းနွမ်း ငွေစက္ကူများကို မြန်မာ့စီးပွားရေးဘဏ်များတွင် လဲလှယ်ရာ၌ ယခင်ကလဲလှယ်နိုင်သည့် ပမာဏနှင့် လဲလှယ်ရမည့်ရက် ကို ကန့်သတ်ထားသော်လည်း ယခုအခါ ပမာဏ၊ လဲလှယ်ရန်ရက်ကန့်သတ်ချက်များ မရှိတော့ကြောင်း သတင်းရရှိပါသည်။ ရန်ကုန်မြို့ရှိ မြန်မာ့ စီးပွားရေး ဘဏ်ခွဲများတွင် အများပြည်သူလက်ဝယ်၌ ရှိသော ဟောင်းနွမ်းငွေစက္ကူ ၁ဝ ကျပ်တန်၊ ၂ဝ ကျပ်တန်၊ ၅ဝ ကျပ်တန်၊ ၁၀ဝ ကျပ်တန် နှင့် ၂၀ဝ ကျပ်တန်စသည်ဖြင့် ၅ မျိုးအား တန်ဖိုးတူချင်း လဲလှယ်ပေးရာတွင် ယခင်က တစ်မျိုးအရွက် ၂ဝ မှ ၃ဝ အထိ လဲလှယ်ပေးပြီး အချို့ မြန်မာ့ စီးပွားရေးဘဏ်များတွင် ဘဏ်မန်နေဂျာထံ လျှောက်လွှာတင်လဲလှယ်မှသာ တစ်မျိုးလျှင် အရွက် ၅ဝ အထိ လဲလှယ်နိုင်ခဲ့ကြောင်း သိရှိရ ပါသည်။ လဲလှယ်နိုင်သည့် ရက်ကို လည်းအပတ်စဉ် တနလာင်္၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင်သာ လဲလှယ်ရန် သတ်မှတ်ထားကြောင်း သိရ သည်။ သို့သော်ယခုအခါတွင် တစ်ဦးလျှင်မည်မျှ လဲလှယ်ရမည်ဟု ကန့်သတ်ချက် မရှိတော့ကြောင်းနှင့် ဘဏ်ဖွင့်ရက်တိုင်းတွင် လဲလှယ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ငွေအကြွေ ပြန်အမ်းရာတွင် အဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရန်ကုန်မြို့ရှိ အချို့သော ကုန်တိုက် ကြီးများသို့ တစ်ရာကျပ်တန်နှင့် ငါးဆယ်ကျပ်တန် ငွေဒင်္ဂါးများ ထည့်သွင်းပြန်အမ်းရန်လည်း တိုက်တွန်းထားကြောင်း သတင်း ရရှိပါသည်။ ယခင်က မထသသို့ တစ်ပတ်လျှင် ငွေအကြွေကျပ်သိန်း ၅ဝ သတ်မှတ် လဲလှယ်ပေးသော်လည်း ဧပြီလ ၆ ရက်နေ့မှစ၍ တစ်ပတ်လျှင် ကျပ်သိန်း ၆ဝ အထိ သတ်မှတ်၍ တိုးမြင့်လဲလှယ် ပေးကြောင်းလည်း သိရသည်။ ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့် မြန်မာ့စီးပွားရေး ဘဏ်များမှ လဲလှယ် ပေးသည့် ငွေအကြွေပမာဏမှာ ၂၀၀၉ ခုနှစ် ဩဂုတ်လမှ ယခုအချိန်အထိ ကျပ်သိန်းပေါင်း ၁၀၀၀ဝ အထိ လဲလှယ်ပေးပြီး ဖြစ်ကြောင်း သိရ သည်။ လဲလှယ်ပေးခဲ့သည့် နေရာများမှာ မော်တော်ယာဉ်လိုင်းများ၊ ဈေးများ၊ ဘဏ်များတွင်လာရောက်လဲသူများ ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • wunna

    April 22, 2010 at 8:53 am

    တန်ဖိုးနည်းငွေတွေဆိုတာ ၅ဝ တန်၊ ၁၀ဝ တန်၊ ၂၀ဝ တန်တွေပေါ့။ အကန့်အသတ်မရှိလဲပေးတယ်ဆိုလေတော့ ကိုယ်ဆီမှာ ၁၀ဝ တန် မလှမပ အရွက် ၁၀ဝ ရှိလို့ ဘဏ်ကိုသွားလဲ တယ်ဆိုပါစို့။ အဲ့ ၁၀ဝ တန် အဟောင်းအနွမ်း အစုပ် အရွက် ၁၀ဝ ကို ဘဏ်ကယူပြီး ၅ ထောင် တန် အသစ်စက်စက် ၂ ရွက် ဘဏ်က ပြန်ပေးလိုက်တယ်။

    အဲဒီမှာတင် ၁၀၀ဝ လား ၂၀၀ဝ လား သွားလဲတဲ့သူ ရှုံးပြီလေ။

    အပြင်မှာ ငွေ ၁၀ဝ တန် အရွက် ၁၀ဝ ကို လိုချင်ရင် ၁၁၀၀ဝ လား ၁၂၀၀ဝ လား မသိ ပေးရပါတယ်။

    ဒီတော့ ဘယ်သူမှာ သွားမလည်းပါဘူး။ ဒီတန်ဖိုးနည်းငွေ အစုတ်တွေကိုပဲ ဆက်သုံးရမှာပါ။
    ၁၀ဝ တန်အတွက် ၁၀ဝ တန်၊ ၂၀ဝ အတွက် ၂၀ဝ တန်များ လဲပေးလိုက်လို့ကတော့ ဘဏ်ရှေ့မှာ လူတွေပုံနေမယ်။

  • susunosuki

    April 22, 2010 at 12:14 pm

    ဝမ်းသာစရာသတင်းပါ
    ကျွန်တော်တို့လက်ထဲမှာ ရောဂါပိုးတွေ များများစားစားပါတဲ့
    အစုတ်အပြတ်တွေ မရှိနိုင်တော့ဘူးပေါ့

Leave a Reply