ပေတစ်ပင်၊ ကျီးတစ်ကောင်၊ လူတစ်ယောက်

“ဘယ်လိုများလဲလို့တော့ ခဏခဏတွေးမိဖူးတာပါပဲလေ လူပြောသူပြောများလိုက်ကြတိုင်း ငါတို့သမိုင်းရိုင်းရမလား၊ လှေစီးတိုင်း လှေနံမှာ ဓားမထစ်တတ်ပါဘူးကွယ်…. မျက်ဝန်းတွေကျယ်ပြောတဲ့ ဒေသဆီ ငါသွားချင်လှရဲ့”

သန့်ရှင်းသော တလင်းပြင်တစ်နေရာ………
ပေရွက်၊ ဘာမှ မရေးထားတဲ့ ပါဠိမဲ့ ပေရွက်တွေ ဝေနေအောင်ဆင်
သစ်တစ်ပင်ပေါ်မှာ
“ဘယ်လိုများလဲလို့တော့ ခဏခဏတွေးမိဖူးတာပါပဲလေ
လူပြောသူပြောများလိုက်ကြတိုင်း ငါတို့သမိုင်းရိုင်းရမလား၊
လှေစီးတိုင်း လှေနံမှာ ဓားမထစ်တတ်ပါဘူးကွယ်….
မျက်ဝန်းတွေကျယ်ပြောတဲ့ ဒေသဆီ ငါသွားချင်လှရဲ့”
တအား…အာ အာရင်း… ကျီးတစ်ကောင်နဲ့ ဝတ်ရုံနက်….
ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ဖို့သိပ်ခက်တဲ့ လူတစ်လက်…
မြေပြင်မှာ ချိတ်သူချိတ်၊ ကောင်းကင်မှာ ခြေခင်းလက်ဆန့် သာလို့သာ၊
ဒီလိုပဲ… ပေပင်ရိပ်မှာ တိတ်တိတ်လေးရပ်နေ…………..
ဆက်ရေးဖို့တွေဝေနေတယ် ၊
မိုးတွေရွာသွားကြောင်း၊ နေတွေပူသွားကြောင်း၊ ဆောင်းလေအေးသွားကြောင်း
သွားကြောင်းတွေကြောင့်ပဲ သောကြောင့်တွေဖြစ်…
ရင်မှာ တစ်ဆို့တနင့်နင့်ပေါ့၊ အခန်းတံခါးကို ပိတ်..။တိတ်တိတ်လေး ပြန်အိပ်ချင်တယ်…
ဘာပဲဖြစ်ဖြစ်ပေါ့လေ… အဲဒီ ပေပင်လေးကို မော့ကြည့်နေတဲ့သူ၊ ပေပင်ကိုင်းပေါ် မှီနားနေတဲ့သူ၊
နောက်ခံတေးသွားကို tong hua နဲ့ဆိုရင် လွမ်းဖို့ကောင်းမလား၊ အာဇာနည်ကိုပဲ ဆိုခိုင်းရမလား…
ဒီမီးချောင်းကတော့ အားစားနည်းပါတယ်လေ…၊
ကဲပါ… လေက ဖြူးဖြူးလေးတငြိမ့်ငြိမ့်တိုက်နေတယ်….
ဗီဇသတ္တိအရတော့ ကျီးကန်တွေမှာလည်း အနစ်နာခံကူညီစိတ်ရှိတယ်တဲ့…နောက်၊
နောက်ပြီးမှ ဆက်ဖတ်ဖို့ ထားတာတွေလည်း များနေပြီ….၊
အခုတော့ ကျီးကန်းလေး အာနေသည်။
ပေရိပ်ကို ခိုရင်း လူငယ်လေး တစ်စုံတစ်ရာကို စောင့်နေတယ်။
နေကသာ၊ ကျီးကအာ၊ ပြီးတော့ ပေပင်က ကြွေကျလာတဲ့ ပေသီးတွေများစွာ၊
သူ့ရှေ့ပျံကျဲနေလိုက်တာ…………. ရေးလက်စ စာရွက်ပိုင်းတွေ၊
လက်ကိုဆုပ်ချီဖြန့်ချီလုပ်နေမိတာက စိတ်မတည်ငြိမ်နေတာကို ပြတာဆိုရင်
သူ့မျက်လုံးတွေက အဝေးကိုငေးနေရမယ်… တစ်စုံတစ်ရာကို၊
တစ်ရာဖိုးဝယ်ရင် ရေခဲရေနှစ်ခွက်ရတဲ့ခေတ်မှာ
သူက ဘယ်လောက်ဖိုးဝယ်ချင်တာလဲ၊ ဘယ်လောက်ကြာကြာ……
ရွှေကျီးသံကြားလို့ သူ့ဆီဧည့်သည်လာလိမ့်မယ်…
ဘယ်လောက်ကြာကြာ….
သံသရာခရီးမှာ….. ဆေးလည်းပေးမယ်၊ မီးရောင်လည်း ပြပါ့မယ်…ချစ်သူ၊
ဘယ်လောက်ကြာကြာ…
ပေတစ်ပင်လို…ကျီးတစ်ကောင်လို…လူတစ်ယောက်စောင့်နေလိုက်တာ၊
ပေရိပ်မှာ လူငယ်တစ်ယောက် ကျီးအာသံ သာသာနားဆင်ပြီး…
ဘယ်လောက်ကြာကြာ ရပ်စောင့်နေမိတာ…
လေပြေသံတိုးတိုးရယ်၊ ရွက်ကြွေတွေ တွတ်ထိုးသံရယ်၊
နားမခံသာအောင်ပြန်ကြား.. နည်းနည်းတော့ခြောက်ခြားသင့်တဲ့အချိန်ပေါ့…
မကြာတဲ့ခဏမှာ ခပ်ကြာကြာမြဲလာတဲ့ လက်လေးတစ်ဖက်ကို ထာဝရဆွဲခွင့်လေး…
ဘယ်လောက်ကြာကြာ… စက္ကန့်တွေက ကမ္ဘာဘာ…..
ပျံ့ကျဲကြွေပေးပြီးသား….. ပေတစ်ပင်ရဲ့ တစ်သက်စာ ပေသီးလေးတွေ
ကားဘီးရာမှာ ကွဲကျနစ်ကြေလို့ကြေ
ကျီးညိုလေးလည်း လန့်ကာပျံဝဲ… ကောင်းကင်လွတ်ရာမြေဆီ
တစ်စက္ကန့်လေးပါပဲ…. ဖိတ်စာတစ်စောင်
ကောင်လေးနာမည်ကလွဲရင် အိပ်မက်တွေအားလုံးပါသွား
တစ်ခါက၊၊ ကောင်မလေး၊၊ ပေးသွားတယ်၊၊
ပေတစ်ပင်ရယ်၊ ကျီးတစ်ကောင်ရယ်၊ လူတစ်ယောက်ရယ်
ဘုန်းသန့်ခန့်
FI:ED211503SEP10