ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည် ဟုဆို

zaw mgFebruary 15, 20111min590

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည် ဟုဆို

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေးဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မည်ဟု အင်တနက် သတင်းစာမျက်နှာများတွင်ရေးသားဖေါ်ပြနေကြကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီးနဲ့ မိသားစုဟာ လက်ရှိနေထိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်ဝင်းအတွင်းနေအိမ်ကနေ နေပြည်တော် မြို့လယ် ပုဗ္ဗာသီရိမြို့ ဟိုတယ်ဇုံအနီး တည်ဆောက်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မှာ ဖြစ်ပြီး ပြောင်းရွှေ့ ရန် အတွက် နေ့ကောင်းရက်သာ ရွေးချယ်နေခြင်းဖြစ်ကြောင်းသိရသည်။

“အဲဒီ ဝင်းထဲမှာ ဒီ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ်ရှိတယ်၊ သူ့အိမ်က ဒီအိမ်ရှေ့မှာလည်း အဝိုင်းကြီး ရှိတယ်ပေါ့နော်။ ပြီးတော့ ရေကူးကန်တို့၊ အိမ်ကြီးရဲ့ ဘေးမှာလည်းပဲ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ဧည့်သည်တွေ လာရင် တည်းဖို့နဲ့ တူတယ်၊ အိမ်ကြီးတလုံး ရှိတယ်။ ဒါ့အပြင် သူနဲ့ မလှမ်းမကမ်းမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိတယ်၊ နောက်တခါ သူတို့နဲ့ ဖိုခနောက်ဆိုင်ပေါ့နော်၊ ကြည်း ရေ လေ ကွပ်ကဲညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းရဲ့ အိမ် ရှိခဲ့တယ်လေ။”

“အဲဒီတော့ အခု သူတို့တွေ အားလုံးက လက်ရှိ တပ်ရာထူးတွေကနေပြီးတော့ ဒီ ကန့်လန့်ကာ နောက်ကွယ်ကို ဝင်တဲ့လူကဝင်၊ တချို့ကလည်း ဒီ လွှတ်တော်တို့ ဘာတို့မှာ ဥက္ကဋ္ဌတို့ ဘာတို့ လုပ်တဲ့လူက လုပ်ဆိုတော့ အဲဒီ နေရာတွေကို နောက် အသစ်တက်မဲ့ သူတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဒီ ဗိုလ်ချုပ်တွေကို လွှဲပေးပြီးတော့ သူတို့က အသင့် ဆောက်ထားတဲ့ တခြား အိမ်တွေကို ပြောင်းရွှေ့ဖို့ ပြင်တာ ဖြစ်နိုင်ပါတယ်။”

“ဆိုလိုတာကတော့ သူတို့ သတ်မှတ်ထားတဲ့အတိုင်း သူတို့ လူတွေ သူတို့ အကုန် နေရာချထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီကန့်လန့်ကာရဲ့ နောက်ကွယ်ကို ဝင်တဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။”

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ မိသားစုကတော့ ပြီးခဲ့တဲ့လကတည်းက စစ်ရုံးချုပ် နေအိမ်ကနေ အဲဒီ ပုဗ္ဗာသီရိအရပ်မှာ တည်ဆောက်ထားတဲ့ သီးသန့် နေအိမ်သစ်ကို ပြောင်းရွှေ့သွားပြီး ဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်မြို့လယ်က အချက်အချာကျတဲ့ ဟိုတယ်ဇုံအနီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ခေတ်မီ အထူးသီးသန့် နေအိမ်သစ် ၆ လုံးကို ဆောက်လုပ်ထားတယ်လို့ နေပြည်တော်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြော ကြောင်း ရှမ်းသံတော် ဆင့်သတင်းစာ အင်တာနက်စာ မျက်နှာတွင်ရေးသားဖေါ်ပြထားကြောင်းသိရသည်။