“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းတစ်)

“စားစေချင် ချကျွေး ဖတ်စေချင်ရှာပေး”(အပိုင်းတစ်)
ညနေစောင်းစောင်း မှာ ကိုအောင်မောင်းတစ်ယောက်အိမ်ကိုရောက်ချလာပါတယ်။
သူအလုပ်ကအပြန်ကျွန်တော်ဆီကိုလှည့်ဝင်လာပုံရပါတယ်။
အိမ်ပေါ်ကနေလှမ်းကြည့်လိုက်တော့ သူဆိုင်ကယ်ရှေ့ခြင်းထဲမှာ ပါလာတဲ့ စာစောင်တွေရော မဂ္ဂဇင်းစာအုပ်ရော ဝတ္တုစာအုပ်တွေကို ယူနေတာကို တွေ့ရပါတယ်။
သူအိမ်ပေါ်တက်လာပြီး သူ့လက်ထဲပါလာတဲ့စာအုပ်တွေကို စားပွဲပေါ်ချရင်း လေဒီပေါက်ကို လှမ်းနှုတ်ဆက်နေပါတယ်။
သူနဲ့လေဒီပေါက်တို့ သာကြောင်းမာကြောင်းပြောနေကြတုန်း စားပွဲပေါ်တင်ထားတဲ့စာအုပ်တွေကို ကျွန်တော်က ယူကြည့်
နေပါတယ်။လျှပ်တစ်ပျက်ဂျာနယ်၊အလင်းတန်းဂျာနယ်၊မော်ဒန်ဂျာနယ်ရယ် ခုခေတ်ပေါ်စာရေးဆရာတွေဖြစ်တဲ့ လူနေတို့
နတ်ရွာမိုးတို့ မိုးဆက်လင်းထက်တို့ စာအုပ်တွေရယ် မင်းလူရဲ့စာအုပ်ရယ် ခင်ခင်ထူးဝတ္တုတိုပေါင်းချုပ်ရယ်နောက် အပျိုစင်မဂ္ဂဇင်း၊ ရွှေ္ဂအမြုတေမဂ္ဂဇင်း၊တွေရယ်ပါလာတာကိုတွေ့ပါတယ်။

ကျွန်တော် က ကိုအောင်မောင်းကို “စာအုပ်တွေက အများကြီး ဘာလုပ်ဘို့သယ်လာတာလဲ”လို့မေးတော့
“ငါ့ရုံးက ကလေးတွေဖတ်ဖို့လေကွာ”လို့ပြန်ဖြေပါတယ်။
ကျွန်တော် ကသိပ်နားမလည်နိုင်တဲ့ပုံစံနဲ့ကိုအောင်မောင်းကို ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့
ထုံးစံအတိုင်း ကိုအောင်မောင်းရဲ့ မှာတမ်းချွေတာကို နားဆင်ရပါတော့တယ်။
“ငါ့ရုံးမှာလဲ စာဖတ်ဝါသနာပါတဲ့ကလေးတွေရှိတယ်ကွ။
တစ်ချို့ကလေးတွေအဆောင်မှာနေကြတာ အဲတော့ စာအုပ်ငှားဖတ်မယ်ဆိုရင်အဆင်မပြေပြန်ဘူး။
အဆောင်မှာနေတဲ့သူဆိုပြန်ရင်လဲ တစ်ချို့စာအုပ်ဆိုင်က မငှားချင်ပြန်ဘူးလေ။
မင်းသိတဲ့အတိုင်းဘဲ ငါကလဲ ရုံးလာရင် စာအုပ်တစ်အုပ်လောက်ကတော့ငှားလာတတ်တယ်။
တစ်ချို့ကလေးက ကငါ မဖတ်သေးဘူးဆိုရင်(လေးအောင်ခဏနော်)ဆိုပြီး ယူပြီးဖတ်ကြတယ်။
အစကတော့ ဘာတွေမှန်းလဲမသိဘူးပြောချင်ပြောကြတာ။
အဲတော့ ငါက သူတို့ကို ဖတ်ချင်တဲ့စာအုပ်ရှိရင်ပြော ငါငှားခဲ့မယ်ဆိုဖွင့်ပေးလိုက်တယ်။
အဲတော့ ဟိုစာအုပ်ငှားခဲ့ပါ ဒီစာအုပ်ငှားခဲ့ပါနဲ့ပြောလာကြတာပေါ့။
နောက်ငါကလဲသူတို့ဖတ်ချင်လောက်တဲ့စာအုပ်လေးတွေကိုငှားငှားလာတော့ စိတ်ဝင်စားကြတယ်။
ငါစာအုပ်ငှားတဲ့ဆိုင်ကိုလည်းသဘောပေါက်အောင်ပြောထားရတာပေါ့ကွာ။
လေးလေးရုံးက ကလေးတွေဖတ်ချင်လို့ငှားပေးတာ ရက်လွန်ရင် စိတ်မပူဘို့ပေါ့။
တစ်ချို့လဲ အလုပ်ထဲမှာ မဖတ်ချင်တော့ အိမ်အပြန်ယူသွားကြတယ်။
အခုလိုစုငှားတော့ တစ်ယောက်ခြင်းစီငှားတာထက်စာရင်နည်းနည်းတော့ သက်သာတာပေါ့ကွာ။
ရက်လွန်ကြေး က တစ်ဝက်ဘဲယူတာကိုးကွ။
ဒါပေမယ့် ငါကလဲ ငှားပေးတဲ့စာအုပ်ဆို်င်အပေါ် ကြည့်ပါတယ်။
အခုလထွက်ထွက်ခြင်းအသစ်ဆိုရင် မငှားပါဘူး လကျော်မှငှားတာပါ။
ငါက အလုပ်ကကလေးတွေအတွက် ယူသွားပေးငှားသွားပေးတယ်ဆိုတာကိုသိတော့
အငှားဆိုင်က ကလေးတွေကလဲ စာအုပ်ငှားခကို လျှော့ပေးပါတယ်။
အစက စာအုပ်ငှားခကို ငါကပေးတော့ ပိုက်ပိုက်ထိတော့ အတော်ထိတယ်။
ဒါပေမယ့်သူတို့လဲ စာဖတ်တာကို စိတ်ဝင်စားလာရော ရုံးမှာတင်ဖတ်ရင် ငါစိုက်ပေးတယ်။
အိမ်ယူသွားမယ်ဆိုရင်တော့ ယူသွားတဲ့လူအားလုံးက အချိုးကျခံဆိုတော့ အဆင်ကိုပြေလို့ပါ။”

ပြောရင်းမောသွားတယ်နဲ့တူပါတယ် ရေနွေးကြမ်းတခွက်ကို မော့သောက်နေပါတယ်။
ကျွန်တော်က “မင်းတို့ကလေးတွေက အပျော်ဖတ်တွေနဲ့ဘဲအချိန်ကုန်နေမှာပေါ့ကွာ”လို့မေးတော့
ကိုအောင်မောင်းကဆက်ပြောပြန်ပါတယ်။
“အေး မင်းတို့ ခက်တာ အဲဒါဘဲ။
လူငယ်ဆိုမှတော့ အပျော်ဖတ်တွေဘဲ ကြိုက်မှာပေါ့ကွာ။
ဒါအပြစ်မှ မဟုတ်တာဘဲ။
လူငယ်ဆိုတာ ခေတ်မှီချင်တယ် ဖြစ်နိုင်ရင် ခေတ်ရှေ့ပြေးချင်တယ်။
လတ်တလောဖြစ်နေပျက်နေတာကို စိတ်ဝင်စားမယ်။
ပေါ့ပေါ့ပါးပါးလေးတွေကိုကြိုက်မယ်။
မင်းတို့ငါ့တို့ ငယ်ငယ်တုန်းကလဲ ဝင်းဦးတို့ ခင်စိန်လှိုင်တို့ ကလျာ( ဝိဇ္ဇာ သိပ္ပံ) ငြိမ်းကျော် တို့
အချစ်ဝတ္တုတွေ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ ရဲ့ကဗျာတွေကိုကြိုက်ခဲ့ကြတာဘဲလေ။
သိုင်းဝတ္တုအတွဲလို်က်ကြီးတွေ၊နိုင်ငံခြားက ဘာသာပြန်စုံထောက်ဝတ္တုတွေ
မင်းသိင်္ခတို့ ချစ်ဦးညိုတို့ရဲ့စွန့်စားခန်းတွေ ရာဇဝင်တွေကို အသေအလဲကြိုက်ခဲ့ကြတာဘဲလေ။
တော်လှန်တယ်ဆိုတဲ့ မော်ဒန်ကာရံမဲ့ကဗျာတွေကို အလွတ်ရအောင်ရွတ်ခဲ့ကြတာဘဲလေ။
ငါတုန်းကလဲ ဟိုစစ်ပြီးခေတ်က ခဲစာလုံးပွိုင့်ပြားပြားကြီးတွေနဲ့ရိုက်ထားတဲ့ ပီမိုးနင်းတို့
မြမျိုးလွင်တို့ သန်းဆွေ တို့ မြင့်ကျော်တို့ မြင့်နီတို့ စာအုပ်တွေကို ငါတို့ ဖတ်ခဲ့ကြတာမှ မဟုတ်တာဘဲ။
ဒဂုန်တာရာတို့ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေ နတ်နွယ်တို့ သိန်းဖေမြင့်တို့ ရန်ကုန်ဘဆွေတို့
မောင်သိန်းဆိုင်တို့ကျော်မင်းဦးတို့ ရဲ့စာအုပ်တွေ လဲ သိပ်ဖတ်ခဲ့ကြတာမှ မဟုတ်တာ။
ခေတ်မှာ ဟစ်ဖြစ်တယ်ဆိုတဲ့ပေါ်ပင်စာအုပ်တွေကို ဘဲ ရှာဖတ်ခဲ့ကြတာလေ။
နောက်မှသာစာတွေအဖတ်များလာတော့မှ အကောင်းအဟောင်းတွေ ရှေးကအနှစ်တွေရဲ့တန်ဘိုးကိုသိမှပြန်ရှာဖတ်ကြတာမလား။
လူလတ်ပိုင်းရောက်မှ သာရွှေဥဒေါင်း လူထုဦးလှ လူထုဒေါ်အမာ မြသန်းတင့်တို့ ပါရဂူတို့ မန်းတင် ခင်ဆွေဦး မစန္ဒာ မောင်သာရ တို့ရဲ့စာတွေအပါအဝင်စာကောင်းပေကောင်းတွေကို ပြန်ရှာပြီး လက်ကမချတမ်းဖတ်ခဲ့ကြတာမလား။
စဉ်းစားတတ်တဲ့အရွယ်ရောက်မှသာ စာကောင်းပေကောင်းဆိုတာတွေကို ဖတ်ဖြစ်ကြတာဘဲလေ။

အခုခေတ်ကလေးတွေလဲ ဒီလိုဘဲပေါ့ကွာ။
သူတို့ခေတ်မှာ ဟော့တဲ့ လန်းတယ်ဆိုတဲ့အကြောင်းတွေ ပေါ်ပြူလာဖြစ်တဲ့ သတင်းတွေဘဲသိချင်မှာပေါ့။
ငါကတော့ သူ့တို့အခုဖတ်ချင်တယ်ဆိုတဲ့ပေါက်ကရ ဟာသတွေ ဖြစ်သလိုရေးတာတွေလဲ ငှားပေးလိုက်တာဘဲ။
ဖြစ်သလိုဇာတ်လမ်းဆင်ပြီးရေးထားတဲ့ အချစ်ဝတ္တုအပေါစားတွေလဲ ငှားပေးလိုက်တာဘဲ။
နောက်မှသူတို့ကို တကယ်ကိုပြောင်မြောက်အောင်ရေးထားတဲ့ စာအုပ်တွေကို ထပ်ငှားပေးလိုက်တယ်။
သူုတို့ကို တစ်ခွန်းမှ ငါမဝေဖန်ဘူး။သူတို့ငှားတဲ့စာအုပ်ကို မကောင်းဘူူးလို့သွားမပြောဘူး။
သူတို့ကိုယှဉ်ပြီးဖတ်ခိုင်းလို်က်တာ။
နောက်ကြာလာတော့ အပေါစားဖြစ်သလိုရေးထားတဲ့ဟာသစာအုပ်တွေနဲ့ နီကိုရဲတို့ မင်းလူတို့ရေးတဲ့ဟာသတွေ၊
ပြီးစလွယ်ရေးထားတဲ့ ၊ဖြစ်သလိုခေတ်ပေါ်စကားလုံးတွေ ပြည့်သိပ်နေအောင်ထည့်ရေးထားတဲ့အချစ်ဝတ္တု
တွေ(ရှဲဒိုးရေးထားတဲ့စာတွေ)နဲ့ နေနော်၊နုနုရည်(အင်းဝ)၊ မြနှောင်းညိုဝင်းဝင်းလတ်၊ဂျူး၊နေဝင်းမြင့် တို့လို သေသေသပ်သပ်နဲ့ရေးထားတာတွေနဲ့ကွာတယ်ဆိုတာကိုသူတို့ကိုယ်တိုင်ဖတ်ရင်းသိလာကြတယ်။
နောက် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာပါတဲ့ သုမောင်တို့ နေဇင်လတ်တို့ လူထုစိန်ဝင်းတို့ဆောင်းပါးတွေ၊
မဟေသီ၊ရွှေအမြုတေမှာ ပါတတ်တဲ့ ဘဝသရုပ်ဖော်ဝတ္တုတိုတွေ ကို သူတို့ တဖြည်းဖြည်းနဲ့ခံစားတတ်လာ
ဖတ်ရကောင်းမှန်းသိလာတယ်။
ငါက သူတို့ စာဖတ်တာကို ဘာစာဖတ်ဖတ်မတားဘူူး။
သူတို့ဖတ်ချင်တာကို သူတို့်တောင်းဆိုတာကို သူတို့လက်ထဲကိုထည့်ပေးရင်းက ဖတ်သင့်တာလေးတွေကို ငါဖတ်စေချင်တာလေးတွေကို မသိမသာရောထည့်ပေးသွားတာ။

ခုခေတ်ကလေးတွေကို စာမဖတ်ဘူး စာမဖတ်ဘူးနဲ့ မင်းတို့ငါတို့က အားမလိုအားမရနဲ့ဖြစ်နေတာ။
ခေတ်ကို ဆုပ်ကပ်ကြီးဆိုပြီးအပြစ်တင်လိုက် လူငယ်တွေကို စာမဖတ်ဘူး မကြိုးစားဘူးဆိုပြီးအပြစ်တင်လိုက်
နဲ့ အပြစ်ဘဲတင်နေကြတယ်။
သူတို့ကို ဘာလုပ်ပေးသင့်တယ် ဘယ်လိုလုပ်ပေးမယ်ဆိုတာကိုတော့ မင်းတို့ငါတို့ပြန်မစဉ်းခဲ့ကြ
လုပ်မပေးခဲ့ကြဘူး။
ဥပမာ လွယ်လွယ်ပေးမယ်ကွာ။
အိမ်လာလည်တဲ့ ဧည့်သည်ကို လက်ဖက်ရည်သောက်မလား အအေးသောက်မလား လက်ဖက်စားမလား
ထမင်းစားမလားမေးမနေနဲ့။
မင်းစိတ်ထဲမှာ စားစေချင်တယ်ဆိုရင် သင့်တော်တဲ့စားစရာကိုချပြီး ဧည့်ခံလိုက်ကျွေးလိုက်။
ချပေးတဲ့အထဲက သူကြိုက်တာသူစားသွားလိမ္မယ်။
အေးကလေးတွေကို လဲ ဒီအတိုင်းဘဲ သူတို့ကိုစာဖတ်စေချင်တယ်မလား သူတို့လက်ထဲကို
စာအုပ်လေးတွေထည့်ပေးလိုက် သူတို့ကြိုက်တာ သူတို့ရွေးဖတ်သွားမယ်။
ဘာဖတ်ဖတ် အဓိက ကစာဖတ်တဲ့အလေ့အကျင့်လေးရဘို့ဘဲ”
လို့အရှည်ကြီးပြော သူယူလာတဲ့စာအုပ်တွေကိုကောက်
ပြန်ပြီဆိုပြီး ကိုအောင်မောင်းတစ်ယောက် ပြန်ချသွားပါတော့တယ်။
သူကသာပြန်သွားတယ် ထိုင်နေတဲ့ကျွန်တော့်မှာ အတွေးစတွေကျန်နေခဲ့ပါတယ်။
ကျွန်တော်ငယ်ငယ်က စာဖတ်ခဲ့ပုံတွေ အကိုလိုနေခဲ့တဲ့ အဝေးရောက်နေတဲ့ ကိုအောင်ဝင်း
ကျွန်တော်အဖေတို့ ဦးလေးတွေ က ကျွန်တော့်ဖတ်နေတဲ့စာတွေကို ပါးစပ်က ဘာတစ်ခွန်းမှ မဝေဖန်ဘဲ
ဖတ်သင့်တဲ့စာအုပ်လေးတွေကို မသိမသာ ချပေးပြီး ဖတ်တဲ့စာ မြင့်သထက်မြင့်လာအောင် စာအဖတ်ကျင့်ပေးခဲ့ကြတာတွေက
စိတ်ထဲမှာအမျှင်တန်း……………………………………………………………………….

(ဆက်လက်ဖော်ပြပါမည်)

12 comments

  • what is profile details

    February 16, 2011 at 3:47 am

    ဟုတ်တယ်။ ဘယ်သူမှစာဖတ်တတ်တာနဲ့ဂန္ထဝင်စာပေတွေ ကို စ မဖတ်ကြပါဘူး။ဒီ idea အရမ်းကောင်းပါတယ်။

  • nyimalay

    February 16, 2011 at 7:34 am

    လေးပေါက် ကိုလည်းအားကျတယ် ……… ပိစိကွေးက စာဖတ်အရမ်းနည်းတယ်……. အခုမှ ရွာထဲက စာရေးကောင်းတဲ့သူတွေစိတ်ကူးကောင်းတဲ့သူတွေကိုအားကျပြီး စာဖတ်လာတာ……… ပိစိကွေးလည်း ကိုယ်တိုင်စာရေးနိုင်အောင်ကြိုးစားနေတာ……ဘာစာအုပ်တွေဖတ်ရမယ်ဆိုတာနည်းနည်းပါးပါး လမ်းညွန်ပါအုံးလေးပေါက်ရယ်…… 🙂

  • kopauk mandalay

    February 16, 2011 at 12:17 pm

    ပိစိကွေးရေ
    ဖတ်တာကတော့ ကိုယ့်နားမှာလက်လှမ်းမှီသလောက်ဖတ်ပါ။
    တကယ်ဖတ်ရင်းနဲ့ စိတ်ထဲမှာ သိလာပါမယ်။

  • kai

    February 17, 2011 at 12:11 am

    စာအုပ်အကြောင်း ဖတ်ရတော့ ..ဒီနေ့ပဲ ကမ္ဘာ့အကြီးဆုံးစာအုပ်ဆိုင် ကုမ္ပဏီကြီး.. ဒေဝါလီခံဖို့ကြေငြာတာ .. ပြောချင်သွားတယ်..။ အောက်မှာသတင်းဖတ်ပါနော..။
    ယူအက်စ်မှာတင်.. သူ့ဆိုင်ပေါင်း… ၆၄၂ ဆိုင်ရှိနေတာ .. ဆိုင်၂၀ဝလောက်.. လောလောဆယ်ပိတ်ပစ်မယ် ပြောနေလေရဲ့..။
    အရင်ကတော့ .. စာအုပ်ဆိုင်သွား.. တနေ့လုံး.. စာအုပ်သစ်တွေအလကားထိုင်ဖတ်ခဲ့တဲ့ ဆိုင်ပေါ့..။
    အရမ်းလိုချင်တဲ့စာအုပ်ဆို .. ဝယ်လာပြီး .. ကော်ပီကူး.. တပါတ်နေမှ .. ရီတန်းလည်း ပြန်လုပ်ခဲ့တာ..။
    စာအုပ်ဈေးက ..တော်တော်ကြီးတယ်လေ..။

    ကြည့်ရတာ .. ပုံနှိပ်ခေတ်က..ကုန်လာနေပါပြီ..။
    လူတိုင်း..လက်ထဲက လက်ကိုင်ဖုံးတွေနဲ့တင် .. စာတွေ အီးဘုတ်နဲ့ ဖတ်လို့ရနေပြီ မဟုတ်လား…။
    နိုင်ငံခြားရောက် မြန်မာတွေရဲ့ ပုံနှိပ်မီဒီယာတွေလည်း .. တဖြုတ်ဖြုတ်နဲ့..။

    http://online.wsj.com/article/BT-CO-20110216-717315.html
    Borders Group Inc. (BGP) made its first appearance in bankruptcy court Wednesday afternoon after filing for Chapter 11 protection to shed its physical presence and restructure its burdensome debt.

    Chief Judge Arthur Gonzalez of U.S. Bankruptcy Court in Manhattan approved the most important of Borders’ first-day motions, allowing the company to tap on an interim basis $400 million of its $505 million bankruptcy financing from GE Capital to fund itself while in bankruptcy.

    Gonzalez also approved several other routine Borders motions, including giving the company the right to use its cash management system and bank accounts and also continue payi7ng most of its 17,500 employees.

    Battered by competition from Internet retailers and e-books, Borders filed for Chapter 11 protection Wednesday and said it will close about 30% of its 642 stores nationwide in the coming weeks.
    ===========

  • kopauk mandalay

    February 17, 2011 at 1:58 am

    ကိုခိုင်ရေ
    ပုံနှိပ်ခေတ်ကုန်ပြီဆိုတာက နိုင်ငံခြားမှာဘဲလောလောဆယ်ဖြစ်မယ်ထင်ပါတယ်။
    မြန်မာနိုင်ငံမှ အင်တာနက်ကို လူကြီးလူငယ်မရွေး လူတန်းစားမရွေးမသုံးတ် မသုံးနိုင်
    သုံးဘို့အဆင်မပြေသေးပါ။
    တစ်ခါတစ်လေ အင်တာနက်မှာစာရေးဘို့လိုင်းကောင်းအောင် နာရီဝက်လောက် ကြာမှာ လိုင်းပွင့်ပါတယ်.။
    နယ်အနှံ့တော့အနှံ့လောလောဆယ်ရောက်နေတာကတော့ ပုံနှိပ်ထားတဲ့ဂျာနယ်တွေ ပါဘဲ။
    နောက်ဆယ်နှစ်လောက်နေရင်တော့ ကိုခိုင်ပြောသလိုဖြစ်မယ်ဆို ဖြစ်လာနို်င်ပါတယ်။
    ဒါပေမယ့် အွန်လိုင်းမှာဖတ်ရတာ စာအုပ်ကိုင်ပြီးဖတ်ရတာလောက်အရသာမရှိတာတော့ အမှန်ပါဘဲ။

  • zawana

    February 17, 2011 at 3:46 am

    လောလောဆယ်တော့ အင်တာနက်ကနေ အလကား ဒေါင်းလို့ရတဲ့ eBook တွေက တော်တော်လေးကို အဆင်ပြေပါတယ်။ မူပိုင်ခွင့်ကိစ္စတွေက နောက်တော့ ရှိလာမယ် ထင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ စာအုပ်တွေကို ဝယ်မဖတ်နိုင်တဲ့ လူတွေ အတွက်တော့ တကယ့်ကို အဆင်ပြေပါတယ်။ အချို့ ရှားပါး စာအုပ်တွေဆိုရင် အလွန်ကို အဖိုးတန်ပါတယ်။
    နောက်ဆိုရင် eBook reader တွေလည်း တွင်တွင်ကျယ်ကျယ် သုံးလာကြမယ်လို့ ထင်ပါတယ်။
    eBook က Share လုပ်ရတာလည်း အဆင်ပြေတယ် မဟုတ်လား။

  • char too lan

    February 17, 2011 at 10:43 am

    လေးခိုင်တို့လိုလူတွေများသွားလို့ ပိတ်လိုက်ရတာနေမှာ…. 😀
    လေးပေါက်ရေ….စာအုပ်တွေတော့သိပ်မဖတ်ဖြစ်ဘူး ဆိုက်ထဲကစာတွေဖတ်ပီး ဟောပြောပွဲတွေ တော့နားထောင်ဖြစ်ပါတယ်

  • kopauk mandalay

    February 17, 2011 at 3:51 pm

    ဘယ်နားကဖတ်ဖတ် ဘယ်နေရာက ဖတ်ဖတ်
    ဟောပြောပွဲသွားသွား အခန်းထဲမှာဘဲ နားထောင်ထောင်
    အဲလိုလုပ်သူက ဒီအတိုင်းနေသူထက်စာရင် သာပါတယ်ဗျာ။

    • kai

      February 17, 2011 at 5:48 pm

      မြန်မာပြည်မှာ ..အက်ဖ်အမ်လိုင်းတွေများနေတယ်ကြားတယ်..။
      တကယ်ဆို.. စာတွေကို ..ရေဒီယိုကပဲ.. အသံကောင်းတဲ့တယောက်က .. ဖတ်ပြီး လွှင့်ပေးလိုက်နိုင်ရင်ကောင်းတယ်..။

      စာဖတ်ရ သက်သာတာပေါ့..။
      (ဒါကလည်း ..စာအုပ်တွေ..နိဂုံးရဲ့ နိဒါန်းတခုပဲ..)

  • weiwei

    February 17, 2011 at 5:57 pm

    ကျွန်မဆို အရင်က စာအုပ်တွေဝယ်စုတာ ဝါသနာပါတယ်။ ၂၀၀ဝ ပြည့်နှစ်နောက်ပိုင်းမှာ စာအုပ်ဈေးတွေတက်လာတယ် … အွန်လိုင်းမှာလဲ ebook တွေ အလွယ်တကူရနိုင်တော့ စာအုပ်မဝယ်ဖြစ်တော့ဘူး။ အခုဆို မော်နီတာနဲ့ စာဖတ်ရတာကို စာအုပ်နဲ့ဖတ်ရတာထက် ပိုကြိုက်လာပါပြီ။ မျက်စိက ကြာလေမှုန်လေဖြစ်လာတော့ စာအုပ်ထဲက စာလုံးလေးတွေကို အားမရတော့ဘူး … မော်နီတာကတော့ ချဲ့ပြီး ဖတ်လို့ရတယ်မဟုတ်လား 😛

  • etone

    February 18, 2011 at 4:43 am

    စာအုပ်တွေက စုရတာ နေရာလိုတယ်… ။ အသိမ်မတော်ရင် နောက်ပိုင်း ချစားကုန်ရော… ။ မဝေပြောသလိုပဲ EBOOK လေးတွေပဲ ဒေါင်းလော့လုပ်ပြီး ဖတ်တော့တယ်… ။ ဒါပေမဲ့ တချို့ စာအုပ်တွေက EBOOK အနေနဲ့ အွန်လိုင်းမှာ ရှာမရဘူးလေ…။

  • padonmar

    February 18, 2011 at 1:31 pm

    တူတွေတူမတွေ စာမဖတ်ချင်ရင်စိတ်တိုမိတာ။ကိုပေါက်စာဖတ်ရမှ ကိုယ့်အမှားတွေ့တော့တယ်၊ကိုပေါက်နည်းကို အတုယူပါ့မယ်။ ကျေးဇူဒတင်ပါတယ်၊

Leave a Reply