လပ်ကီး ဒရော ကံစမ်းမဲတွေ ၊ ဒစ်စကောင့်တွေ ၊ ပရိုမိုးရှင်းတွေကို မုန်းလာပြီ  … ။

အဲ့ဒါတွေနဲ့ ပတ်သတ်တိုင်း ကျမဘယ်တုန်းကမှ ကံမကောင်းခဲ့ဖူးပါဘူး ..ဒါကိုလည်း ဘယ်တုန်းကမှ အမှတ်မရှိ ထပ်ခါ ထပ်ခါ ကံစမ်း နေမိပြန်တယ် …။  ရွာသူ၊ ရွာသားတို့ရေ  ဖြစ်ပုံက ဒီလိုပါ…. ။

စိန်ဂေဟာ ဆိုင်ခွဲတိုင်းမှာ ပြီးခဲ့တဲ့ ချိုင်းနိ နယူးယီးယား တုန်းက ကျပ်သုံးသောင်းဖိုးဈေးဝယ်တာနဲ့ ဗလာမပါ အံပေါင်း ရမယ်လို့ ကြေငြာထားခဲ့ပါတယ်… ။ ဘယ်ကောင်တာမဆို ဈေးဝယ်ခွင့်ရှိပြီး နောက်ဆုံး ဘေလ်တွေပေါင်းလို့ သုံးသောင်းဆိုလျှင် အံပေါင်းနှိုက်ရပါတယ်တဲ့…. ။ နောက်ပြီး ယုန်နှစ်မွေးတဲ့လူတိုင်းကိုလည်း လက်ဆောင်တွေ ပေးပါသေးတယ် တဲ့…။ ယုန်နှစ် ဟုတ်မဟုတ်ဘယ်လို ခွဲလဲဆိုတော့ မှတ်ပုံတင် ပြရမှာပါလို့လည်း သိရပါတယ်…။

စိန်ဂေဟာက ကြော်ငြာထားတဲ့ ကျပ်သိန်း သုံးရာကျော်ဖိုး အံပေါင်းကို ကံစမ်းမယ်ဆိုတဲ့ စိတ်နဲ့ အားတိုင်း အိမ်မှာ မနေပဲ … အမြဲတမ်း သွားဖြစ်နေတဲ့ ဗိုလ်အောင်ကျော်လမ်းက ဘီအေကေတိုက် အောက်ခြေမှာ ရှိတဲ့ စိန်ဂေဟာဆိုင်ခွဲကို သွားခဲ့ပါတယ်…။ အဲ့ဒီဆိုင်က သိပ်အကြီးကြီး မဟုတ်ပေမဲ့ စားသောက်စရာတွေတော့ စုံပါတယ်…။ ပထမဆုံး ကျမလုပ်ရမှာက သုံးသောင်းဖိုးပြည့်အောင် ၀ယ်ဖို့လေ…။ ဒါနဲ့…ခြင်းလေးဆွဲပြီး မယောင်မလည် လိုက်ကြည့်ပါတယ်… ။ အရောင်းဝန်ထမ်းလေးတွေက တွတ်ထိုးတဲ့လူထိုး ငိုက်တဲ့လူက ငိုက် ၊ တခြား အလုပ်လုပ်နေတဲ့လူတွေကလည်း သူ့အလုပ်သူ ၊ ပစ္စည်းနေရာချသူတွေလည်း ရှိပါရဲ့… ။ ကျမကတော့ အားနေလို့ မယောင်မလည် ဈေးလာဝယ်တာဆိုတော့… ကိုယ်လည်း သုံးမဲ့ပစ္စည်းမျိုး ပရိုမိုးရှင်းလုပ်ပြီး လက်ဆောင်ပေးမဲ့ပစ္စည်းမျိုး ၊ ဒစ်စကောင့်လေးလည်း  ပါမဲ့ ပစ္စည်းမျိုးတွေ ရှာဝယ်ပါတယ်… ။ ပထမဆုံး ကျမတွေ့လိုက်တာက Maggi ဟင်းချို ဟင်းခတ်မှုန့်ပါ…။ တံဆိပ်ကတော့ အသစ်မဟုတ်ပါဘူး… အဲ့ဒီတံဆိပ်နဲ့ ငရုပ်ဆီတွေ ၊ ခရမ်းချစ်သီး ပေ့စ်တွေလည်း တင်သွင်းတာ မြင်ဖူးပါတယ်…။ ဟင်းချိုဟင်းခတ်မှုန့် ကတော့ အဆန်းပေါ့…။ တနည်းပြောရလျှင် အသားမှုန့်လိုပါပဲ…ဒါပေမဲ့..သူက ခလောက်ကြည့်ရင် ပုံဆောင်ခဲလေးတွေ ဂျစ်ဂျစ် ဂျစ်ဂျစ်ပြေးနေတာကြောင့်… ကျမက စိတ်ဝင်စားပါတယ်..။ အဲ့လို ပုံဆောင်ခဲလေးတွေက သကြားရယ် ၊ ကော်ဖီရယ်မှာပဲ ကျမမြင်ဖူးတာ …။ အခု ဟာက ဟင်းချို ဟင်းခတ်မှုန့်ဆိုတော့… စမ်းကြည့်မယ်ပေါ့… ။ အဲ … သူကလည်း အထုတ်အကြီးသေးရှိပါလား…။ ဈေးကတော့ မမှတ်မိတော့ဘူး … ။ ကြက်နဲ့ ၀က်လို့လည်း ခွဲထားသေးတယ်… ကြက်ခေါင်း (ဟိုဟာမဟုတ်ပါ :D ) ၀က်၊ ခေါင်းလေးတွေ တွေ့တာကြောင့်ပါ… ။ အံမယ် သူကလည်း ပစ္စည်းသစ်မိတ်ဆက်တဲ့ အနေနဲ့ …  1500 ဖိုးဝယ်တာနဲ့ ကံစမ်းခွင့်ရှိတယ်ဆိုပါလား ။ ကံမကောင်းပေမဲ့ …ကံစမ်းရတာ ကျမ ပျော်တော့… 1500 ဖိုးပြည့်အောင် ၀ယ်လိုက်ပါတယ်…။

သူက ဘယ်လို ပရိုမိုးရှင်း လုပ်သလဲဆိုတော့… ခွက်ကြီးတစ်ခုထဲမှာ ပင်ဘောင်လုံး ကာလာလေးမျိုး အများကြီးထည့်ထားပါတယ်… အ၀ါရောင်က ကလေးထမင်းဗူးထင်ပါရဲ့… အနီရောင်ကတော့..လက်ကိုင်ပုဝါလေးလား မသိဘူး…။ အစိမ်းရောင်ကတော့… ကော်မုန့်ဗူး 10cm ပတ်လည်လောက်လေးပေါ… အပြာရောင်ကတော့ နက်စ် ကော်ဖီထုတ်အသေးလေးရယ် ၊ နို့ထုတ်လေးရယ် ၊ သကြားထုတ်လေးရယ်ကို နက်စ်တံဆိပ်ပါ စက္ကူခွက်ထဲထည့်ထားတဲ့ အသင့်ဖျော်သောက်နိုင်တဲ့ ပုံစံလေးစီစဉ်ထားပါတယ်… ။ ဈေးကြီးတာဆိုလို့ ပင်ဘောင်အ၀ါလေးနှိုက်မိလျှင်ရမဲ့ ထမင်းဗူးလေးပါ…သူက ပေးတဲ့ပစ္စည်းတွေထဲမှာ ဈေးအကြီးဆုံးပါ… သူ့တန်ဖိုးက 1200 ကျပ်လောက်ပဲ ရှိပါတယ်…။ ကျမလည်း ကံစမ်းမဲနှိုက်တာပေါ့နော်… လက်ထဲပါလာတာ အ၀ါရောင်အလုံးမဟုတ်တော့ ကော်မုန့်ဗူးပေါက်ပါတယ်…။ ဒါကို ပြောင်ချော်ချော်နဲ့ … ပြန်လွှတ်ချပြီး  အဲ့ဒါအစမ်းနှိုက်တာ အခုမှ တကယ်လို့ပြောပြီး ကံစမ်းမဲ ထပ်နှိုက်ပါတယ် …။ အရောင်းစာရေးမလေးကလည်း အံ့သြနေတုန်း ကျမလက်ထဲ နောက် ပင်ဘောင်လုံးလေးထပ်ပါလာပြန်ပြီ …။ ကဲ လာစမ်းဟဲ့…ဒီတစ်ခါ အ၀ါ… ဟပ်ချလောင်းဆို လက်ကို ဆွဲထုတ်လိုက်ရော… တက်တက်စင်အောင်လွဲပြန်ပါတယ်… ဟွန့်… နက်စ် ကော်ဖီတဲ့… သောက်ချင်ပါဘူး ကျမလိုချင်တာ ထမင်းဗူးလေ… အသေးလေးတွေမလိုချင်ပါဘူး…ဒါနဲ့ပဲ စပ်ဗြဲဗြဲ မျက်နှာချိုသွေးပြီး အရောင်းစာရေးမလေးကို ပူဆာတာပေါ့… ဘယ်သူမှ မသိဘူးပေးလိုက်နော်အဟဲ တွေ ဘာတွေ ပြောရတာပေါ့… ။ ဒါနဲ့ပဲ ကျမ ထမင်းဗူးလေးရခဲ့ပါတယ်…။ ဘာရယ်တော့ မဟုတ်ဘူး လိုချင်တာရတော့ ပျော်လို့ ရွှင်လို့ပေါ့…။ နောက် ကောင်တာ တစ်ခုရောက်တော့… အိုဗာတင်းက ပရိုမိုးရှင်းလုပ်တာတွေ့ပြန်တယ်..။ ခြောက်ထောင်ကျပ်ဖိုး ၀ယ်တာနဲ့ မောလ် မစ်ခ် ဖန်ခွက်အကြည်လေးပေးမှာပါတဲ့… ဖန်ခွက်လေးမြင်ပြန်တော့လည်း ကျမကြိုက်ပြန်ရော… အနီးကကြည့်လိုက် ၊ အဝေးက ကြည့်လိုက်နဲ့ ဖန်ခွက်လေးကို သဘောကျတာနဲက ခြောက်ထောင်ကျော်အောင် ကျမ၀ယ်လိုက်ရပြန်ပါတယ်… ။ အိုဗာတင်း ပုလင်း နှစ်ပုလင်းကို ကျမဘယ်နှစ်ရက် အသောက်ခံမယ်မှန်းတော့ မသိဘူးပေါ့ … ဖန်ခွက်က အလွန်ဆုံးတန်မှ တစ်ထောင်ပေါ့… ။ ဒါပေမဲ့ ကျမလိုချင်တယ်လေ… တထောင်အတွက် ခြောက်ထောင် ရင်းလိုက်ရပြန်တယ်… ။ နောက်ကောင်တာ တစ်ခုရောက်ပြန်ပါတယ်… ။ မိုင်လို ကောင်တာပါ… သူက လေးထောင်ဖိုးဆိုလျှင် ချစ်စရာကောင်းတဲ့ မိုင်လို အကျီ င်္ ပုံစံ ရှောပင်းဘတ်လေး တစ်လုံး ရမှာတဲ့..ဒါလည်း လိုချင်ပြန်ရော… ။ ကျမလည်း ရူးများ ရူးနေသလား မသိပါဘူးရှင် တွေ့သမျှ လိုချင်နေတာနဲ့ ၀ယ်လိုက်ပြန်ပါတယ်… ။ သုံးသောင်းဖိုးကလည်း မပြည့်သေးတော့ အတင်းကာရော ရှာဝယ်တာပါပါတယ် …။ ဒါနဲ့ လေးထောင်ဖိုးဝယ်လို့ အိတ်လေးရတယ်ပေါ့… ။ ရယ်ချင်စရာတော့ အကောင်းသားရှင် အဲ့ဒီ အိတ်ကိုကိုင်ပြီး ကျမလမ်းထွက်ဈေးဝယ်ရင်သူများတွေ ၀ိုင်းဟားမှာ သိလား …။ ဘယ်က ငကြောင် သူ့မောင်လေးအိတ်လား ၊ သူ့ ညီမလေးအိတ်လား ကိုင်ပြီး လမ်းထွက် ရှိုးထုတ်နေလဲလို့.. တကယ့် ကလေး ကိုင်တဲ့ အိတ်ပုံစံလေးပါ.. ချစ်တော့ချစ်စရာလေး… ။ သုံးတာ မသုံးတာ အပထား ကျမလိုချင်ပြန်တယ်လေ … ဒါနဲ့ ၀ယ်ဖြစ်ခဲ့ပြန်ပြီ… ။ ဒါတင်ဆုံးလားဆိုတော့ မဟုတ်ပြန်ဘူး… ။  နောက်ကောင်တာ တစ်ခုမှာ နက်စ်ကဖေးက ပရိုးမိုးရှင်းပါ… ။ သူက ငါးထောင်ဖိုးဆိုလျှင် အပြုံးမျက်နှာ ကော်ဖီခွက်လေးပေးပါတယ်…။ ကိုးထောင်ဖိုးဆိုလျှင် သုံးခွက်ရပါတယ်… ။ ဈေးတွက်နဲ့ တွက်လိုက်လျှင် သူ့ခွက် တစ်ခုမှ 700ကျပ်လောက်ပဲ ရှိတယ်…။  မီးရောင်ကြောင့်လား ဘာလားတော့မသိဘူး ခွက်ကလေးတွေက လှနေပြန်တာရယ် ၊ ကိုယ်တိုင်ကလည်း ကော်ဖီကြိုက်တတ်တာကြောင့်ရယ့် ကိုးထောင်ဖိုး ထပ်ယူပါတယ်… ။ သောက်စရာတွေချည်းများနေတော့… စားစရာလေးဘာညာသုံးသောင်းပြည့်အောင်ဝယ်ပြီး … ကောင်တာမှာ ပိုက်ဆံရှင်းပါတယ်… ပြီးတော့  ပထမထပ်မှာ ကံစမ်းမဲသွားနှိုက်ပါတယ်..ကံစမ်းမဲမနှိုက်ခင်… ကျမစိတ်ထင် အံပေါင်းပေးမယ်ဆိုတော့.. အံပေါင်းထဲ ငွေသားပါမယ်ပေါ့…ဒါနဲ့ မသိမသာ အံပေါင်းတွေကို လက်နဲ့ထိုးကြည့်တော့မှ… အယ်… စာရွက်တွေ…ပိုက်ဆံလည်း မပါဘူး …အားလုံးပါးပါးလေးတွေချည်းပါပဲ..။ နောက်တော့ငွေသားနဲ့ လဲပေးမယ်ထင်တာပါပဲ … တစ်သိန်းဆုတို့ ၊ ဆယ်သိန်းဆုတို့ ပေါက်တဲ့လူတွေရဲ့ ဓါတ်ပုံ ပြထားပါတယ်… သောင်းဂဏန်းပေါက်တဲ့လူတွေလည်း ရှိပါတယ်…။ ဒါတွေကြည့်ပြီး ကျမလည်း ဘာများ ပေါက်မလဲ မျှော်လင့်ချက်နဲ့ ကံစမ်းမဲ နှိုက်တာပေါ့…အံပေါင်းထဲမှာရေးထားတာ 1000 တဲ့ ….ဟွန့် ….အော်ငိုချင်လာပြီ ။ တစ်ထောင်ရဖို့များ သုံးသောင်း ရင်းရတဲ့ငါ့အဖြစ်ဆိုးလှချည်လားရယ်ပေါ့…။ ဟိုပုံထဲက ဟာတွေကရော အင်လားဘာလား မယုံမကြည် သံသယဖြစ်လာခဲ့ပြန်ရော..။

ဇာတ်နာနာနဲ့ပဲ အံပေါင်းက စာရွက်လေးကို ပိုက်ဆံတစ်ထောင်နဲ့ လဲပြီး ကံစမ်းမဲ နှိုက်ချင်တိုင်း ထုတ်ကြည့်ဖို့ နမူနာယူမယ်ဆိုတဲ့ အတွေးနဲ့…. စာရွက်နဲ့ ပိုက်ဆံလဲပါတယ်… ။ မှန်းချက်နဲ့ နှမ်းထွက် လွဲပြန်ပါပြီ …။ ပိုက်ဆံတစ်ထောင်အစား ဘောင်ချာလိုလို ရုပ်ရှင်ရုံလက်မှတ်လိုလို … ရထားလက်မှတ်လိုလို စာရွက်အနီလေးတစ်ခုပေးပါတယ်…. ကျမတောင် ကြောင်သွားတယ်… ။ နောက်မှ ကောင်မလေးက ရှင်းပြပါတယ်… ။ ဒီစာရွက်နဲ့ အောက်မှာ တစ်ထောင်ဖိုးပြည့်အောင် ဒီနေ့အတွင်းဝယ်ရမှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်…။ မိအေးကတော့ နှစ်ခါပဲ နာပေမဲ့ ကျမကတော့ အကြိမ်ကြိမ် နာပေါ့ ။ မထူးတော့ပြီမို့… တစ်ထောင်နဲ့ ထိုက်သင့်တဲ့ ပုန်းရည်ကြီးကိုပဲ တထောင်ဖိုးပြည့်အောင် ဆင်းဝယ်လိုက်ရတယ်… ။ ဒါတောင် အစွန်းထွက် ပိုက်ဆံကို ကိုယ်က အလိုက်ပေးရသေးတယ်…တစ်ထောင်အောက်ပဲ ၀ယ်ရင် ငွေသားမလဲပေးပါဘူးတဲ့….ကျော်ရင်သာ ကျမတို့က ငွေသားအလိုက်ပေးရတာပါ…။ နှစ်နာရီလောက် အူလည်လည်ဖြစ်ပြီး ပရိုမိုးရှင်းတွေ ၊ ဒစ်စကောင့်တွေ ၊ လပ်ကီးဒရောတွေနောက်လိုက်နေခဲ့တာ… အချိန်နဲ့ ပိုက်ဆံတွေကို ဖြုန်းပစ်ခဲ့ခြင်းပါ..။ နောက် ၀ယ်ချင်စိတ်တွေဖြစ်တိုင်း အမှတ်ရစေဖို့ တစ်ထောင်နဲ့ ညီမျှတဲ့ ဘောက်ချာလေးကို ကျမ ဓါတ်ပုံရိုက်ခဲ့ပါတယ်….။ အခု ကော်နက်ရှင် မကောင်းလို့ ဘယ်လိုမှ ပုံတင်မရဖြစ်နေလို့ ပါ … ။ နောက်နှစ်တွေလည်း စိန်ဂေဟာက အံပေါင်းမက လို့ အံ့ကျော်သားပဲ ပေးပေး ကျမကတော့ မသွားတော့ပါဘူး… ။ ဒီတစ်ခေါက်နဲ့တင် မှတ်သွားခဲ့ပြီပေါ့…ငွေသားနဲ့ မလဲပေးပဲ …ပစ္စည်းပြန်ဝယ်ခိုင်းတာရယ် ၊ ဒီနေ့ ချက်ချင်းဝယ်မှ ဖြစ်တာရယ်ကြောင့် သူတို့ အိတ်ထဲ သူတို့ ပြန်ရောက်အောင် မက်လုံးပေးကာ လှည့်စားခြင်းလို့ပဲထင်မိပါတယ် ။ ဘယ်သူမပြု မိမိမှုပါပဲ ကိုယ်တုံးလို့ ကိုယ်ခံရတယ်လို့ပဲ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတော့တယ် ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!