သူ့စကား အချို့

Zaw WonnaFebruary 16, 20111min841

“လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု Love of Truth ရယ်၊ ဒါပဲ ဖြစ်တယ်၊ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရမယ်၊ ပြောဝံ့တဲ့ သတ္တိ ရှိရမယ်”
“I practise what I preach”
(ဗိုလ်ချုပ်အောင်ဆန်း မကြာခဏ ပြောလေ့ရှိသော စကား)

“ဟေ့ကောင်၊ ဒီနေ့ကစပြီး ငါဟာ အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာပြီ၊ မင်းကလည်း ငါ့ရဲ့ ပီအေအဖြစ် တစ်ရက် နှစ်ရက်အတွင်း တရားဝင် ပြန်တမ်း ထွက်လာလိမ့်မယ်။ ဒီတော့ ငါတို့မှာ အဆောင်ယောင် အခွင့်အရေးတွေ ရလာလိမ့်မယ်၊ အာဏာ ရလာတယ် ဆိုရင်ပဲ ငါတို့ကို ချဉ်းကပ် အကူအညီတောင်းတာတွေ လာလိမ့်မယ်၊ ငါ့ရဲ့ ဆွေမျိုးတွေ၊ ငါ့မိန်းမဘက်က အမျိုးတွေ၊ ပြီးတော့ မင်းနဲ့ ပတ်သက်တဲ့ အပေါင်းအသင်းတွေအားလုံး ဘယ်သူ့ကိုမှ မတရား အခွင့်အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင်းတာကို လုပ်မပေးရဘူး၊ မင်းတို့ ငါတို့ကလည်း ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူရဘူး၊ အခွင့်အရေး မယူရဘူး”
(၂၆.၉.၁၉၄၆ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ခေါင်းဆောင် တာဝန်ကို လက်မှတ်ရေးထိုး ရယူပြီးနောက် ဗဟန်း၊ တာဝါလိမ်းလမ်းရှိ နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) အား ပြောကြားသော စကား)

“ကိုယ်နဲ့ ဆန့်ကျင်ဘက် လုပ်တဲ့လူတွေကို ဖိနှိပ်ရှင်းလင်းဘို့ ဆိုတာ (အင်ဘီးရှင်း ရှိတဲ့လူမျိုးမှ) ကိုယ်ကျိုးအရင်းခံ ရှိတဲ့လူမျိုးမှ လုပ်နိုင်တဲ့စိတ်၊ ရက်စက်နိုင်တဲ့စိတ် ရှိတယ်။ ကျုပ်ကတော့ အဲဒီ ကိုယ်ကျိုးရှာအရင်ခံ စိတ်ထားမျိုး မရှိဘူး။ ကျုပ်စိတ်ထဲ မှန်းထားချက်ကတော့ ဗမာပြည် လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက နုတ်ထွက်ပြီး အေးအေးဆေးဆေး စာအုပ်ရေးဘို့ဘဲ။”
(ဦးပုကလေးက ဗိုလ်ချုပ်၏ လုပ်ငန်းစဉ်ကို ဆန့်ကျင်သော သူများအား အရေးယူ ဖိနှိပ်ရန် အကြံပြုသောအခါ ပြန်လည် ပြောကြားသောစကား)

“ခေါင်းဆောင်လုပ်တဲ့လူတွေဟာ နောက်လိုက် လူတွေထက် ပိုပြီး အမြင်ကျယ်ရမယ်။ ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ ယောင်ချာချာ လုပ်ရင် ခေါင်းဆောင် မဟုတ်ဘူး။ ခေါင်းဆောင် လုပ်တဲ့လူဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်။ အသက်စွန့်သင့်တဲ့ နေရာမှာ စွန့်ရဲရမယ်။ ပရိယာယ် သုံးသင့်တဲ့ နေရာမှာ သုံးရမယ်။ အချိန်အခါလိုက်ပြီး လုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ် အမောင် တောင်မှန်း၊ မြောက်မှန်းမသိ ဆိုရင် ခေါင်းဆောင် မဟုတ်ဘူး”
(၁၉၄ရ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သော ဧည့်ခံပွဲ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော စကား)

“လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက ထွက်တော့မယ်၊ မထွက်လို့လဲ မဖြစ်ဖူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး ရပြီးရင် အာဏာနိုင်ငံရေး လာတော့မယ်။ အာဏာနိုင်ငံရေးနဲ့ ကျွန်တော်နဲ့ မဖြစ်ဖူး” …… “အဲဒီအခါကျရင် သူတို့လုပ်ပုံတွေ ဘေးကထိုင်ကြည့်ပြီး ရယ်နေချင်တယ်ဗျာ”
(ဗိုလ်ချုပ်အောင်ဆန်းမှ သူ၏ အစ်ကိုဖြစ်သူ ဦးအောင်သန်းအား ပြောသောစကား)

မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀၁၁ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ၉၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် “အောင်သန်း၏ အောင်ဆန်း” နှင့် တက္ကသိုလ် နေဝင်း၏ “ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း” စာအုပ်များမှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။

One comment

  • bigbird

    February 16, 2011 at 2:58 pm

    ဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ရင်ထဲကဘယ်တော့မှထုတ်လို ့မရတော့ဘူး။ အမြဲတမ်းချစ်ခင်လေးစားဂုဏ်ယူလျှက်ပါပဲ။

Leave a Reply