၂၀၁၂ လန်ဒန် အိုလံပစ် ခြေစစ်ပွဲ ၀င်မည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်း၏ နောက်ဆုံး ၁၈ဦး လူစာရင်းအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF က ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်း ထုတ်ပြန် ကြေညာ သွားခဲ့သည်။

အဆိုပါ လူစာရင်းတွင် ဆားဘီးယား နည်းပြကြီး အနေဖြင့် ဂိုးသမား နှစ်ဦး၊ နောက်ခံလူ ၇ဦး၊ ကွင်းလယ် ကစားသမား ၆ဦးနှင့် တိုက်စစ်မှူး ၃ဦး ထည့်သွင်း ရွေးချယ်ခဲ့သည်။ ၁၈ဦး စာရင်းတွင် ပရိသတ် ရင်းနှီးသည့် ကစားသမား အတော်များများ ပါဝင် လာခဲ့ကာ ဒဏ်ရာ ရရှိနေသည့် ကျော်ကိုကို၊ ဇော်ဇော်ဦးတို့နှင့် အခြား ကစားသမား ၅ဦးကိုမူ မိခင် ကလပ်များထံ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

သို့သော် ဇီဗာဒီနိုဗစ်သည် အောင်မြင့်မြတ်၊ ရဲကိုဦး၊ သက်နိုင်နှင့် ကျော်ဇေယျာဝင်း တို့ကိုမူ ၁၈ဦး စာရင်းတွင် ရွေးချယ်ခဲ့ခြင်း မရှိသည့်တိုင် လေ့ကျင့်ရေးများ ဆက်လက် ပြုလုပ် စေလျှက် ရှိကာ ခြေစမ်းပွဲတွင် ခြေစွမ်းပြ ကစားခဲ့သည့် ယူ-၁၉ အသင်းမှ မျိုးမင်းလတ် (ဂိုး)၊ နိုင်ကိုလင်း၊ အောင်စည်သူ တို့ကိုလည်း အဆိုပါ ကစားသမား များနှင့်အတူ ပူးတွဲ လေ့ကျင့် စေလျှက် ရှိကြောင်း သိရသည်။ ၎င်းတို့အား ပြိုင်ပွဲသို့ လိုက်ပါမည် မဟုတ်သည့် လက်ထောက် နည်းပြများ ဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးအောင်အောင်ထွန်း တို့က ဦးစီးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ ယူ-၂၃ အသင်းသည် အိုလံပစ် ခြေစစ်ပွဲ အဖြစ် လာမည့် ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် အိန္ဒိယ အသင်းနှင့် အဝေးကွင်းတွင် စတင် ယှဉ်ပြိုင် ရမည်ဖြစ်ရာ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာမည် ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံး ၁၈ဦး လူစာရင်း

ဂိုး – ကျော်ဇင်ထက် (ကမ္ဘောဇ)၊ ဟိန်းကျော်သူ (မနောမြေ)

နောက်တန်း – ရန်အောင်ဝင်း (ရန်ကုန်)၊ ကျော်ကျော်မျိုး၊ ဥာဏလွင် (ကမ္ဘောဇ)၊ ဇော်မင်းထွန်း – အသင်းခေါင်းဆောင် (မကွေး)၊ အောင်ဟိန်းကျော် (မနောမြေ)၊ မင်းကိုကို (ဇေယျာရွှေမြေ)၊ ရန်မျိုးအောင် (ဆောက်သမ်း)

အလယ်တန်း – ရန်အောင်ကျော်၊ ဒေးဗစ်ထန်၊ ကြည်လင်း (ရန်ကုန်)၊ ဇော်လင်း (နေပြည်တော်)၊ သိန်းသန်းဝင်း (ကမ္ဘောဇ)၊ နိုင်စိုးဝေ (ဇေယျာရွှေမြေ)

ရှေ့တန်း – ပြည့်ဖြိုးဦး (နေပြည်တော်)၊ မိုင်းအိုက်နိုင် (ရန်ကုန်)၊ စိုးမြတ်သူ (ဇေယျာရွှေမြေ)

FROM soccermyanmar.com

About မောင်ဖိုးတီ

has written 34 post in this Website..