ကံစမ်းမဲဆိုတာ ကံပါမှလား အပိုင်း ၂

manawphyulayFebruary 20, 20111min985

ကံစမ်းမဲတစ်ခါ ပေါက်ပြီးထဲက ကံစမ်းမဲဆိုတာ ဘာကြောင့်လုပ်တာလဲ၊ ဘယ်လိုလူတွေပေါက်တာလဲ စဉ်းစားမိရင်းနဲ့ ၂၀၀၆ ခုနှစ်မှာ အံ့ဩဖွယ်ရာ အကြီးအကျယ် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒါဘာလဲဆိုတော့ လူအတော်များများ စိတ်ဝင်စားတဲ့ အမေရိကန်ဒီဗွီလို့ ခေါ်တဲ့ အမေရိကန်ရဲ့ ကံစမ်းမဲလက်မှတ်ပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ လမ်းဘေးမှာ စာအိတ်နဲ့ ထည့်ပြီး ရောင်းချတာကို တွေ့ရှိရပါတယ်။ လူတွေက ဝယ်ပြီး ဖောင်ဖြည့်ပြီး စာတိုက်က ထည့်ကြရပါတယ်။ သူငယ်ချင်းတွေက အင်တာနက်ခေတ်စားလာတော့ အကူညီတောင်းပါတယ်။ ထည့်ပေးဖို့ကို ပြောတော့ အေး လုပ်ပေးမယ်ပြောပြီး ဘာရယ်မဟုတ် သူတို့ကို ဖောင်ဖြည့်ပြီး ထည့်ပေးတဲ့ လုပ်ငန်းလုပ်တဲ့နေရာကို ခေါ်သွားပါတယ်။ နောက်ပြီး ဓာတ်ပုံကိုလည်း သူတို့က တိုက်ရိုက်တစ်ခါထဲ ပိုက်ဆံမပေးရပဲ ရိုက်ပေးပြီး တင်ပေးပါတယ်။ ကိုယ်က ခေါ်သာသွားတာ သိပ်စိတ်မဝင်စားဘူး။ သူငယ်ချင်းတွေက နင်လည်း တင်ပါလားလို့ပြောတော့ မတင်ပါဘူး။ ငါက မလုပ်ရင် မလုပ်ဘူး။ လုပ်ရင် အောင်မြင်မှ ကြိုက်တာလို့ ပြောမိတယ်။ နောက် ဆက်ပြီး ပြောလိုက်မိသေးတယ်။ ငါ ပေါက်နေရင် တစ်ယောက်ထဲမသွားရဲဘူးလို့ ပြောလိုက်တော့ သူငယ်ချင်းက ငါ့အစ်ကို ခေါ်သွားတဲ့ နောက်ပြီး ပြောပါတယ်။ မနောကလည်း အေးဟာ တင်လိုက်မယ်လို့ပြောပြီး တင်ခဲ့မိတယ်။ ဒါပေမယ့်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ။ ၄ လပိုင်းမှာ အိမ်ကို စာတိုက်ကနေ စာရောက်လာတယ်။ ဖွင့်ကြည့်တော့ အမေရိကန်စင်တာက ဒီဗွီနံပါတ် ဘယ်လောက် မဲပေါက်တာ အကြောင်းကြားစာ ဖြစ်နေတာကို အံ့ဩဖွယ်ရာ မြင်တွေ့ရတယ်။ ဒါတောင် ကိုယ်က အင်းလေ သူငယ်ချင်းတွေဆီလည်း လာမှာပဲလို့ တွေးမိသေးတယ်။ ညနေရောက်တော့ အတူတူတင်တဲ့သူငယ်ချင်းကို နင့်ဆီ စာတိုက်က ရောက်လာတယ်မလားလို့ မေးလိုက်တော့ မရောက်ပါဘူး ဘာဖြစ်လို့လဲပေါ့ သူတို့က မိသားစုလိုက် နိုင်ငံခြားသွားဖို့ ရူးနေတဲ့ သူတွေဆိုတော့ သူကို ပြေးပြီးပြောမိတာပေါ့။ ဟယ် ငါ့ဆီ ဘာမှမလာဘူး။ နင့်ဆီ ဘာလာလဲလို့မေးတော့ အမေရိကန်စင်တာကနေ ဗီဇာပေါက်တယ်ဆိုတာ လှမ်းပြောတဲ့စာလို့ ဖောင်ပါ ပါတယ်ပေါ့။ တစ်ကမ္ဘာလုံးဆိုင်ရာ ပေါက်မဲနံပါတ်က ၃၂၂ နဲ့ ပေါက်တာ ဖောင်ပြန်ဖြည့်ပြီး အမေရိကကို တန်းပို့ပေးဖို့ သံရုံးလိပ်စာတွေလည်း ပါတယ်ပေါ့။ သူက သူ့အစ်ကိုကို ယူပြီးသွားပါလားတဲ့။ မနောကတော့ သွားဖို့ မသွားဖို့လည်း ခေါင်းထဲမှာမရှိဘူး။ ပြန်တင်ဖို့တောင် ချီတုံချတုံဖြစ်လို့ ဒါနဲ့ စိတ်ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဒုတိယစာကိုလည်း အတော်နောက်ကျမှ ပြန်တင်လိုက်တယ်။ လူအတော်များများက သိပ်နားမလည်တော့ ဒီဗွီပေါက်ရင် သွားရမယ်လို့ပဲ သိထားကြတာကို ကုန်ကျစရိတ်ဘယ်လောက်၊ သွားနေရမယ့်နေရာလိပ်စာ၊ နောက် စတဲ့ အနေအထားတွေ အများကြီးပဲ ကြုံခဲ့ရတယ်။ ငွေကြေးမပြည့်စုံတဲ့ သူတွေအတွက် မစွန့်စားရဲခဲ့တာလည်း ပါပါတယ်။ နောက် အရာရာ ဒုက္ခဆင်းရဲကို ကြိုတွေးပြီး ရှေ့ဆက်မတိုးရဲခဲ့တာလည်း ကိုယ့်ဘာသာကိုယ် သိခဲ့တယ်။ မသွားခဲ့ရလို့ နောင်တရနေလားဆိုတော့လည်း မရခဲ့ပါဘူး။ အဲဒီအချိန်က ဘာစဉ်းစားမိလဲဆိုတော့ ဒီဟာ မဲမပေါက်ပဲ ထီပေါက်လို့ ပိုက်ဆံရရင်တော့ ချက်ချင်းလှူဖြစ်ဖို့ စိတ်ပဲ ရှိခဲ့တယ်။ နောက် ဗုဒ္ဓဂယာကိုလည်း အရမ်းဖူးမြော်ချင်နေတာ ခုချိန်တိုင်ပါပဲ။ ဒါနဲ့ ပြန်တင်တဲ့စာကို ငွေကြေးမတတ်နိုင်လို့ DHL နဲ့ကို ပေါက်တဲ့သူတွေ စုလိုက်ပြီး တစ်ခါထဲ ထည့်ပေးလိုက်ပါတယ်။ တကယ်လို့ အသေးစိတ်အစအဆုံး သိချင်တဲ့သူတွေရှိရင်လည်း မနောကို သိချင်တာတွေ မေးမြန်းလို့ရပါတယ်နော်။ ဒုတိယစာ ပြန်တင်တာ တစ်ပတ်အကြာမှာ စာတိုက်ကနေ ပြန်ကျလာပါတယ်။ ကိုယ့်ဆီစာလာတာနဲ့ သံရုံးကို ကိုယ့်အတွက်ဗီဇာ ပို့လိုက်ပြီး ဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မလှုပ်ရှားခဲ့ပါဘူး။ နောက် သံရုံးကနေ အကြိမ်ကြိမ် ဗီဇာချန်ထားပါတယ်လို့ ဖုန်းခဏခဏ လာတာကိုလည်း အခြေအနေအရပ်ရပ်ကြောင့် ရှေ့ဆက်မတိုးပဲ ဒီနေရာမှာပဲ ကံစမ်းမဲပေါက်ပြီး လက်မှတ်ပျောက်ခဲ့တာပဲ ဖြစ်ပါတော့တယ်။

5 comments

  • eros

    February 21, 2011 at 6:53 am

    DV က ဗီဇာပဲပေးတာမဟုတ်လား။ ကျန်တာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စီစဉ်ရတာမဟုတ်လား။ အင်တာဗျူးလဲဝင်ရတယ်ကြားတယ်။

    • kai

      February 21, 2011 at 8:42 am

      ဒီဗီက..ဗီဇာမဟုတ်ဖူးလို့ထင်တာပဲ..။
      အဲဒါက ..အမြဲနေထိုင်ခွင့်(ဂရင်းကဒ်)ကို မဲဖေါက်ပေးတာ..။

      ကျန်တာ အကုန်ကိုယ့်ငွေနဲ့ကိုယ်လုပ်ရမှာပေါ့..။ လေယဉ်ခရောပဲ..။
      ရောက်ပြီဆိုရင်တော့ … အစိုးရဆီက တောင်းစားချင်တောင်းစားလို့ရပါပြီ…။ ကျမ်းမာရေးအာမခံလည်း တစိတ်တပိုင်းရတယ်ပေါ့..။
      အမြဲနေထိုင်ခွင့်သမားတွေမှာ .. သာမန်ဗီဇာနဲ ့လာတဲ့သူတွေနဲ့ မတူတဲ့… အခွင့်အရေးတွေရှိတယ်..။

  • bigcat

    February 21, 2011 at 7:36 am

    ကူညီပါရစေ ကူညီပါရစေခင်ဗျ။

  • kai

    February 21, 2011 at 8:39 am

    အင်း..
    အဲဒါကံနဲ့ဘာမှကို မဆိုင်ပါဘူး..
    ချီတုံချတုံ စိတ်ကြောင့်ပဲလို့ထင်ပါတယ်..။

    နောက်တခုကတော့ ..မန္တလေးဂေဇက်နဲ့ စောစောမပါတ်သက်ခဲ့လို့ပေါ့..။ မန္တလေးဂေဇက်က ..၂၀၀၆ဆို .. အွန်လိုင်းပေါ်ရောက်နေပါပြီ…။
    အခုလည်း မှီသေးတယ်..။ အနည်းဆုံးတော့ … ကိုရင်ကြောင်ကြီးတကောင်…အဲ..အဲ.. တယောက်လုံးရှိသေးတယ်..။
    ကူညီပါရစေ….တဲ့..။

  • manawphyulay

    February 21, 2011 at 11:21 am

    စာရွက်စာတမ်းတွေကတော့ ခုထိရှိသေးပါတယ်။ သူက ဂရင်းကတ်ထုတ်ပေးပြီး တရားဝင်နေထိုင်ခွင့်ပေးတာဆိုတာတော့ မနောလည်း သိပါတယ်။

Leave a Reply