ကျပ် ၅ သိန်းတန်ဖုန်းများ ပျောက်ဆုံး ပျက်စီးပါက ကဒ်ဖိုးငွေ တစ်သိန်းနှင့်အတူ တစ်လအတွင်း ပြန်လည် လျှောက်ထားနိုင်

BayoteApril 23, 20101min630

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း အသုံးပြုခွင့် ချထားပေးနေသည့် ကျပ် ၅ သိန်းတန် CDMA 800 , 450 MHz WLL ဖုန်းများ ပျောက်ဆုံး ပျက်စီးပါက အသစ် ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ ကျပ် ၅ သိန်းတန် ဖုန်းများသည် GSM, ကမ်းရိုးတန်း ဖုန်းများကဲ့သို့ ကတ် ဖုန်းစနစ် ဖြစ်ရာ သုံးစွဲနေသည့် RIUM ကတ်ပျက်စီး၊ ပျောက်ဆုံးပါက GSM, ကမ်းရိုးတန်းဖုန်းများ ကဲ့သို့ပင် မြန်မာ့ဆက်သွယ်ရေးသို့ ငွေ တစ် သိန်း ပေးသွင်း၍ ကတ်အသစ် ပြန်လည်ထုတ်ယူနိုင်ကြောင်း သိရသည်။ “ ၅ သိန်းတန်ဖုန်းရဲ့ ကတ်ကို ဟန်းဆက်တွေမှာ ထည့်သုံးပြီး ကျ ပျောက်တာတို့၊ ခါးပိုက်နှိုက်ခံရလို့ ပါသွားတာတို့ ဖြစ်ခဲ့ရင် မိုလ်ဘိုင်းဖုန်းတွေလိုပဲ ငွေတစ်သိန်း လာသွင်းပြီး တစ်လကြာတဲ့အခါ ပြန်ထုတ်ပေး ပါတယ်။ ဖုန်းကျတုန်းက မြန်မာ့ဆက်သွယ်ရေးနဲ့ ချုပ်ထားတဲ့ စာချုပ်ကိုပြပြီး လာလျှောက်နိုင်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးမှ လက်ထောက် မန်နေဂျာ ဦးတင်ထွဋ်ကပြောကြားခဲ့သည်။ ကျပ် ၅ သိန်းတန်ဖုန်းများ ပျောက်ဆုံး၍ ကတ်အသစ် ပြန်လည် လျှောက်ထားရာတွင် တစ်လ ကြာမြင့်သော်လည်း ကတ်ပျက်စီးခြင်းတွင် ပျက်စီးသည့် ကတ်အဟောင်းကိုပြ၍ ငွေတစ်သိန်းနှင့် ပြန်လည် လျှောက်ထားလျှင် အချိန်နှစ်ပတ်အတွင်း ကတ်အသစ် ပြန်လည် ရရှိနိုင်ကြောင်း သိရသည်။ “ကတ်ပျက်စီးလို့ အသစ် လာလျှောက်ရင် ပျောက်လို့ လာလျှောက် တာထက် ပိုမြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျက်စီးတဲ့ကတ်ကို ယူလာရင် ပျက်နေတဲ့ကတ်ကို ပြန်လဲပေးရုံပဲ။ ပျောက်သွားတဲ့ ကတ်ကျတော့ အရှုပ်အရှင်းတွေ ပေါ်လာတတ်တယ်၊ တချို့က ရောင်းထား၊ ပေါင်ထားပြီးမှ ပျောက်တယ်ဆိုပြီး ကတ်အသစ် ပြန်လျှောက်ကြတဲ့အတွက် အချိန် တစ်လ ပေးပြီး စောင့်တာပါ။ ပြဿနာတွေ ပေါ်လာရင်တော့ ကတ်ထုတ်ပေးဖို့ကို ဆိုင်းငံ့ထားပါတယ်။ ပြဿနာကို ကိုယ့်ဘာသာ ကိုယ်ရှင်း ရမှာ ပါ။ ကျွန်တော်တို့ဘက်ကတော့ စာချုပ်လက်ဝယ်ရှိတဲ့သူ တစ်ဦးကိုပဲ ပြန်ထုတ်ပေးမှာပါ” ဟု ဦးတင်ထွဋ်မှ ဆက်လက် ရှင်းပြခဲ့ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။