ကံစမ်းမဲဆိုတာ ကံပါမှလား အပိုင်း ၃

manawphyulayFebruary 20, 20111min472

ကံကိုစမ်းတာလား ကုသိုလ်ကိုစမ်းတာလားဆိုတာ မသိပေမယ့် ကျွန်မကတော့ ကံစမ်းမဲဆိုတာနဲ့ အမေရိကန်ဒီဗွီပေါက်ပြီးထဲက လန့်ပြီး နောက်တွန့်နေမိပါတယ်။ အဝတ်အထည်ဆိုင် သွားတော့လည်း အမရေ ကံစမ်းမဲပါတယ်နော် တစ်ထည် ဝယ်ရင် တစ်ထည် လက်ဆောင်ဆိုတာနဲ့ ကြည့်ပြီး မဝယ်ပဲ ပြန်ထွက်ခဲ့တဲ့နေရာတွေလည်း ရှိလာပါတယ်။ နောက် ကော်ဖီဝယ်သွားတော့လည်း Gold Rose မှာ ကံစမ်းမဲပါပြန်ရော မဲကတော့ ၁၀၀ဝ ကျပ်တန်တို့ ကော်ဖီမစ်ထုပ်တို့ ပေါက်ပြန်ရော။ ထီကျတော့ထိုးလားဆိုတော့လည်း မထိုးခဲ့တာ နှစ်နဲ့ချီကြာနေတာ ခုချိန်တိုင်ပါပဲ။ ထီထိုးမယ့် ပိုက်ဆံကို တရားပွဲတွေလှူ၊ မိဘမဲ့ကလေးတွေလှူ၊ ကြွလာတဲ့သံဃာတွေလှူနဲ့ပဲ နေလာခဲ့တာ။ အဲ ဟိုတစ်လောက သူငယ်ချင်းများဖိုရမ်ကနေ တွေ့ဆုံပွဲလုပ်မလို့ လာခဲ့ပေးပါဆိုလို့ ကျောင်းကနေ အပြေးလေးတစ်ပိုင်းနဲ့သွားလိုက်ပါတယ်။ တာမွေမွန်းမှာလုပ်တာဆိုတော့ အချိန်တော့ နည်းနည်းပေးရတာပေါ့။ ဟိုရောက်တော့ လာတဲ့ မန်ဘာတွေ အချင်းချင်းမိတ်ဆက် မိဘမဲ့တွေလှူမယ့်အစီအစဉ်တွေပြောကြနဲ့ ပြီးတော့ လာတဲ့သူတွေကို မဲဖောက်ပေးဖို့ ဆု ၄ ဆု စီစဉ်ထားတယ်တဲ့။ စပြီး မဲနှိုက်တော့ မနော မဲက ဗလာကျနေပါတယ်။ ဒီတစ်ခါတော့ ကံမကောင်းနိုင်တော့ပါလားလို့ တွေးနေတုန်းရှိသေးတယ်။ ပထမဆုမဲကို ပယ်မဲထဲ မှားထည့်လိုက်မိလို့ မဲတွေ အကုန်ပြန်ပေးပါ အစအဆုံးအသစ်ပြန်လုပ်ပြီး ပြန်နှိုက်ရမယ်လို့ပြောပြီး သိမ်းသွားပါရော။ နောက် အစကနေ ပြန်နှိုက်ရတော့ တစ်ခုပြန်ယူလိုက်ပါတယ်။ ဖွင့်လည်းကြည့်လိုက်ရော ပေါက်မဲနံပါတ် ၃ တဲ့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံဘူး။ ခုနတုန်းကတော့ ဗလာဖြစ်နေတယ်။ ပြန်နှိုက်တော့ ပေါက်နေပါလားပေါ့။ အားလုံးကို ပြောလိုက်တော့ အစ်မ ကံကိုက အမအတွက် ဖြစ်လာတာတဲ့လေ။ အံ့ဩမိပါရဲ့။ ကျန်တဲ့အသေးအမွှားတွေတော့ မပြောတော့ပါဘူး။
အဲ ခုတစ်ခါကတော့ ချစ်သူများနေ့မှာ (ဦးပိုင်) 547 Trading က ပြုလုပ်တဲ့ ၁၄ ရက် ၂ လ ၂၀၁၁ ခုနှစ် ချစ်သူများနေ့ ဈေးရောင်းပွဲတော်မှာ ကံစမ်းမဲလက်မှတ်များ ရောင်းချပါတယ်။ ရုံးက အစ်မတစ်ယောက်က ဝယ်လာပြီး ပြောတယ် ကားရရင် ဘယ်သွားမယ်တို့ ဘာတို့ပြောတော့ မကြီး အဲဒါ ဘာလဲလို့မေးတော့ ကံစမ်းမဲ တစ်ထောင်နဲ့ ဝယ်လာတာတဲ့။ ဘယ်ကဝယ်လာတာလဲဆိုတော့ စထရယ်ဟိုတယ်ရှေ့မှာ ရောင်းနေတာပြောတော့ ရုံးက အန်တီတွေကလည်း မုန့်စားသလောက်ပဲရှိတယ် ကံစမ်းမယ်ဆိုပြီး အလုပ်က မောင်လေးတစ်ယောက်ကို သွားဝယ်ပေးဖို့ပြောတော့ မနောလည်း အင်တာနက် ၂ နာရီစာဖိုးတော့ ရှိမှာပဲ မှာလိုက်ဦးမယ်ဆိုပြီး ဝယ်ခိုင်းလိုက်ပါတယ်။ အဲဒီမောင်လေးပြန်လာတော့ ၁ဝ ရက်နေ့က ဝယ်ခိုင်းတာဆိုတော့ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ မျှော်စင်ကျွန်းမှာ မဲဖောက်မယ်လို့ပြောတယ် ဆုပေါက်တဲ့သူတွေကို စထရယ်ဟိုတယ်မှာ စာရွက်နဲ့ကပ်ပေးထားမယ်ပြောလိုက်တယ်လို့ပြောပါတယ်။ ဝယ်လာတဲ့ နံပါတ်က ဟိုအန်တီနှစ်ယောက်က ၄၅၅၊ ၄၅၆ ဖြစ်ပြီး မနော နံပါတ်က ၄၅ရ ဖြစ်ပါတယ်။ ၁၄ ရက်နေ့ ရောက်တော့ တစ်ယောက်နဲ့တစ်ယောက် နောက်ကြပါတယ်။ မနောကတော့ ပြောလိုက်ပါတယ်။ ၄နဲ့ ၅ ပေါင်းရင် ၉ နဝင်းလို့ နောက်က လပ်ကီး ရ လို့ အားလုံးပေါင်းရင် လပ်ကီး ရ နံပါတ်လို့ ပြောလိုက်မိပါသေးတယ်။ ဖုန်းလာမယ် ကားရမယ်တို့ဘာတို့ ပြောနေကြတာ တစ်နေကုန်သွားတော့ လူတွေ ဒီလောက်များတာ တို့တွေ ဗလာမဲထဲ ပါပြီနဲ့တူတယ်လို့ ပြောကြပြီး ၁၅ ရက်နေ့ရောက်တော့ မေ့မေ့ပျောက်ပျောက်ပါပဲ။ နေ့လည် ကော်ဖီသောက်ချိန်ပြီးတော့ ၃ ခွဲလောက် အစ်မ ဖုန်းလာနေတယ်ပြောလို့ သူငယ်ချင်းဆီက ဖြစ်မယ်ပြောပြီး ကိုင်လိုက်တော့ စထရယ်ဟိုတယ်က ဆက်တာပါ ကံစမ်းမဲ နံပါတ် ဝ၄၅ရ ပေါက်ပါတယ် မနက်ဖြန် ၁၁ နာရီကို စထရယ်ဟိုတယ်ကို လာပေးပါလို့ ပြောပြီး ဘာပစ္စည်းပေါက်တာလည်း မေးလို့မရခဲ့ဘူး။ ရုံးကလူတွေကတော့ တစ်ရုံးလုံးမှာ နင်ပေါက်တာဆိုတော့ အတော်ကံကောင်းတယ်တဲ့။ ဒါနဲ့ မနောလည်း အိမ်ပြန်ရောက်တော့ တစ်ထောင်နဲ့ ဝယ်ထားတဲ့လက်မှတ်က ကံစမ်းမဲပေါက်တယ်ပြောလိုက်တော့ အိမ်က ကားရပါဆိုပြီး ပြောကြတယ်။ မနောစိတ်ကတော့ ဘာပဲရရ အရမ်းကြီးလည်း ဘာလိုချင်တယ်ဆိုတာ စိတ်မှာ မဖြစ်မိဘူး။ တစ်ထောင်နဲ့ထိုးထားတာ ဘာရရ တန်ပါတယ်လို့ ပြန်ပြောလိုက်တယ်။ ၁၆ ရက်နေ့ရောက်တော့ အလုပ်က အဘနဲ့ ဦးလေးတစ်ယောက်က လိုက်ပေးပါတယ်။ ဟိုရောက်တော့ ခုမှ ဦးပိုင်မှာ သွားထုတ်နေတုန်းတဲ့ ခဏတော့စောင့်ရမယ် ဘာရတယ်ဆိုတာလည်း သူတို့လည်းမသိဘူးတဲ့။ ဒါနဲ့ ကြာနေမှာစိုးလို့ ပြန်လာပြီး ထမင်းစားပြီးချိန်ကို ရုံးက အဘကို မလိုက်ခိုင်းတော့ပဲ ဦးလေးက သူ လိုက်ခဲ့မယ်ပြောပြီး သွားကြတယ်။ ဟိုတယ်ရောက်တော့ ဝန်ထမ်းတွေကလည်း ဘာပေါက်တာလဲတဲ့ သူတို့လည်းသိချင်တယ်ပေါ့ မနောက ပြန်ပြောလိုက်တယ် ပေါက်မဲနံပါတ်တွေနဲ့ သတင်းစာမှာ ပစ္စည်းစာရင်းတွေပါတယ် ကြည့်လိုက်ပါလို့ပြောလိုက်တယ်။ ခဏပြန်လာတော့ သတင်းစာရောက်တော့ ကိုယ်က ဘာပေါက်တယ်ဆိုတာ သိပြီးနေပြီ စတီးအိုး ၁ဝ လုံး ပေါက်တာဆိုတော့ သိပ်တော့ မကြီးလောက်ဘူးပေါ့။ ဒါနဲ့ ဟိုတယ်ရောက်တော့ မန်နေဂျာက နာမည်နဲ့နံပါတ်ပဲပြောရသေးတယ် အထူးဆု လာထုတ်တာပဲတဲ့ သူက ပြောတယ် မနောကတော့ ရောက်တော့ ပစ္စည်းတွေက ပလတ်စတစ် ချိုင့်တွေကော မြင်တော့ ဒီလိုပုံစံပဲပေါ့။ နောက်လည်းကျရော အလားလား စတီးအိုး ၁ဝ လုံးထည့်ထားတဲ့ စက္ကူဗူးကြီးက နည်းတာမဟုတ်ဘူး။ အထူးဆုတဲ့လေ။ လုံခြုံရေးကို သယ်ခိုင်းတော့ တစ်ယောက်ထဲမနိုင်လို့ နှစ်ယောက်ဝိုင်းမရတယ်။ ဒါနဲ့ ရုံးကို ကားငှားပြီးပြန်၊ ညနေအလုပ်ဆင်းတော့ အိမ်ကို ကားငှားပြန်ခဲ့ရတာပေါ့။ ရုံးက အန်တီတွေကတော့ ပြောတယ် အဲဒါ မနော ကံကြောင့်ရတာတဲ့။ ရှေးဘဝက ကုသိုလ်ကြောင့်တဲ့ မနောလည်း ဘာကြောင့်ဆိုတာ မသိတော့ပါဘူးရှင်။ ဘာပဲဖြစ်ဖြစ် မဲပေါက်တော့လည်း အလုပ်က လူတွေကို မုန့်ဝယ်ကျွေးပြီး ဒါနလုပ်ဖြစ်သွားတာပေါ့နော်။ ဒီနှစ် ချစ်သူများနေ့ရဲ့ အမှတ်တရပဲ ဖြစ်ပါတော့တယ်။ ချစ်သူရှိမှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။ တစ်ယောက်ထဲလည်း နေတတ်ရင် ကျေနပ်စရာပါလို့ ဒီနေရာကနေ ပြောလိုက်ပါရစေရှင်……………………..

2 comments

  • naywoonni

    February 21, 2011 at 2:42 pm

    ကံစမ်းမဲလက်မှတ်တို့ ထီလက်မှတ်တို့ ဆိုတာက သူတို့အမြတ်ရဲ့ ရာခိုင်နှုန်းနဲနဲလေးကို ပြန်ပေးတာပါ။ အဲဒါကို မက်ပြီး လိုက်ဝယ်နေမယ်ဆိုရင်တော့ ညစာခက်သွားလိမ့်မယ်လို့ပဲ သက်သက်ညှာညှာ ပြောလိုက်ပါရစေ …………။စဉ်းစားကြည့်ပါ နှစ်လုံးဆိုရင် အကွက်တစ်ရာမှ တစ်ကွက် ။ သုံးလုံးဆိုရင် အကွက်တစ်ထောင်မှတစ်ကွက် ။ အောင်ဘာလေဆိုရင် အစောင်နှစ်ထောင်လောက်မှ တစ်ရွက်နှုန်း လောက် ပေါက်တာ။ ကိုယ်က သူများနဲ့ထူးပြိး ကံမသာ ဘူးဆိုရင် စမ်းကြည့်ဖို့မလိုတဲ့ အရာတွေပါ။

  • draungkyawkyawoo

    February 22, 2011 at 4:46 am

    မနောတို့ ကံစမ်းမဲအကြောင်းပြောပြီး ကံကောင်းကြောင်းကြွားနေပါလား ဗျို့ 😀

Leave a Reply