ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (1) by May Aye Oo

padonmarFebruary 22, 20111min851

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (1)
by May Aye Oo on Wednesday, September 22, 2010 at 9:47am

သည်ကလေးကိုမြင်တိုင်း ခွန်အားတွေရတယ်။

သူ့ကိုစတွေ့ခဲ့တုံးကပေါ့….

အဲဒီနေ့က ဒီဇင်ဘာ ၆ ရက် ၂၀၀၉ ပေါ့.. ..

မနေ့ညက နယ်က မိတ်ဆွေဆရာတစ်ယောက်က အိမ်ကိုဖုန်းဆက်တယ်လေ၊

`ဆရာမရေ.. ဒီမှာကလေးတစ်ယောက်၊ ဒီနှစ် ၁ဝ တန်းကို အမှတ်ပေါင်း ၄၁၄ မှတ် ရထားတာ၊ ဒါပေမဲ့ ကျောင်းဆက်တက်ဘို့ မတတ်နိုင်လို့ ဆရာမရေ၊ ကူညီနိုင်မလားလို့ပါ။´

`သူ့မိသားစုအခြေအနေက ဘယ်လိုရှိလဲ ဆရာ´

`Nargis မှာ သူ့အဖေနဲ့ အစ်မနဲ့ ဆုံးသွားတယ်၊ အမေကလဲ ဘာမှလုပ်မစားတတ်ဘူးလေ၊ အဲဒါ .. ကျဘမ်း ပေါ့ဆရာမရယ်၊ ခေါ်တဲ့အိမ်ရှိရင်တော့ အဝတ်လိုက်လျှော်တယ်လေ၊ သူ့အဖွားကလေဖြတ်ပြီး အိပ်ယာထဲ လဲနေတယ်၊ ဒီနှစ် ၁ဝ တန်းကိုတောင်မှ၊ သူ့ကျောင်းက ဆရာမတွေ ဝိုင်းပြီးစာအုပ်တွေ၊ ဘာတွေ ထောက်ပံ့ကြ လို့ ကျောင်းတက်နိုင်ပြီး အောင်လာတာ´

`မိသားစုက ၃ ယောက်ပေါ့နော်´

`ဟုတ်တယ် ဆရာမ၊ အခု ပညာရေးတကúသိုလ် ဝင်တယ်ဆရာမရေ၊ ဒါပေမယ့် ကျောင်းတက်ဖို့ အဆင် မပြေလို့…´

`ဟုတ်ပါပြီဆရာရယ်.. ကျမ မနက်ဖြန် ဆင်းခဲ့ပါ့မယ်၊ မနက် ၉ နာရီလောက် ရောက်မယ်ဆရာ၊ ဆရာ့အိမ် ကိုဘဲ လာခဲ့လိုက်မယ်လေ ဆရာ၊ အဲဒီကနေမှ ဆက်သွားကြတာပေါ့´

`ဟုတ်ကဲ့ဆရာမ.. ကျနော်စောင့်နေပါ့မယ်..´

အဲဒီလိုနဲ့.. ကျမတို့ သူ့ရဲ့မြို့ကလေးကို နောက်နေ့မနက်ရောက်သွားရတာပေါ့…

သူ့ရဲ့အိမ်ကို မိတ်ဆွေဆရာကလိုက်ပို့တော့.. ကြိုပြောထားလို့ထင်ပါရဲ့.. အဆင်သင့်ဘဲတွေ့ရတယ်..

၁ဝပေ ပတ်လည် တဲအိမ်ကလေးထဲမှာ ဘာအခန်းမှကန့်ထားခြင်းမရှိ ဒိုးယိုပေါက်ပေါ့။ ပရိဘောဂဆိုလို့ သစ်သားမှန်ဘီဒို သေးသေးတစ်ခု၊ အထဲကိုထွင်းဖောက်မြင်နေရတာ.. ဘာမှ ဟုတ်တိပတ်တိ မရှိ.. ။

အိမ်အတက်မှာ ချထားတဲ့သစ်တုံးကနေတစ်ဆင့်အိမ်ပေါ်ကိုတက်လိုက်တာနဲ့ လေဖြတ်နေတဲ့ သူ့အဖွားကို ဖျာစုတ်လေးတစ်ချပ်ပေါ်မှာ လှဲလို့ တွေ့ရတယ်။ လေဖြတ်ထားပြီး စကားလဲမပြောနိုင်၊ ထလဲမထနိုင်ဘဲ အိပ်ယာ ထဲ ပက်လက်ဘဲ.. ။ ဒါပေမဲ့ မျက်လုံးတွေကတော့မျှော်လင့်ချက်တွေနဲ့ တောက်နေသလားဘဲ..။ အခြေအနေက မြင်လိုက်တာနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာ သိသာလှပါတယ်။

သူတို့သားအမိ ပြာပြာသလဲ ခင်းပေး ရှာတဲ့ အနားတွေဖွာနေတဲ့ ဖျာကလေးပေါ်မှာ ကျမထိုင်ပြီးတော့.. စကားပြောကြရင်း ကလေးရဲ့အဖေနဲ့ အစ်မက Nargis မှာ ဆုံးသွားတဲ့အကြောင်း၊ ဆုံးသွားတဲ့အချိန်မှာ သူ့အစ်မမှာ ကိုယ်ဝန် ရ လနဲ့တဲ့… အော်.. ဘဝ တွေ..

`သားက B.Ed ဝင်တာဆို´

`ဟုတ်ကဲ့ဆရာမ´

`အခု ဒီဇင်ဘာတောင်ရောက်နေပြီ.. Risgister တောင်ပိတ်တော့မယ်ထင်တယ်..´

`ဟုတ်ကဲ့ဆရာမ.. ၉ ရက်နေ့ပိတ်မှာပါ၊ ဗုဒ¨ဟူးနေ့ ပေါ့ဆရာမ´

`ဟင်.. အခုဘဲ ၆ ရက်နေ့ ရှိနေပြီသားရယ်..ဘာလို့ကျောင်းမအပ်သေးတာလဲ သားရဲ့.. ရက်ကျော်သွားရင် တစ်နှစ်နာသွားမှာပေါ့´´

`အပ်ဘို့ပိုက်ဆံ မှ မရှိတာ ဆရာမရယ်…. ´

သူ့အသံတိမ်တိမ်လေးကြောင့် ကျမရင်ထဲနင့်သွားရပါတယ်..

`အော်..´ .. `ကျောင်းအပ်ဘို့ဘယ်လောက်ကုန်မှာလဲ.. သား´

`သူငယ်ချင်းတွေကပြောတော့.. နှစ်သောင်းခွဲလောက် ကုန်တယ်တဲ့ ဆရာမ´

`အော်.. အေး.. အေး.. ရော့ သား.. ဒီမှာ နှစ်သောင်းခွဲ၊ မနက်ဖြန် ရန်ကုန်တက်ပြီး တစ်ခါတည်း အပ်လိုက်တော့နော်.. ပြီးရင် ဆရာမကို ပြန်အကြောင်းကြား.. အပ်ပြီးပြီဆိုတာကို..´`လောလောဆယ် အရေးကြီးတာက ကျောင်းအပ်ဖို့.. ပြီးမှ ကျန်တာကို ဆရာမ ဆက်ပြီးစီစဉ်ပေးမယ်.. ဟုတ်ပြီလား..´

ကျမက ပိုက်ဆံအိတ်ထဲက ငွေ နှစ်သောင်းခွဲ ကိုထုတ်ပေးရင်းပြောလိုက်တဲ့အခါမှာ..

တစ်ကယ်ဘဲ မထင်မှတ်ထားပါဘူး.. သားအမိနှစ်ယောက် ကျမကို ကုန်းပြီးကန်တော့လိုက်ကြပါတယ်..

အမှန်အတိုင်းပြောရရင်.. ဆရာမလုပ်ခဲ့တဲ့သူမို့ကလေးတွေကန်တော့ခံရတာ ရိုးနေပါပြီ။ ဒါပေမဲ့ အမေကပါထိုင်ကန်တော့လိုက်လို့..

`အို.. မလုပ်ပါနဲ့.. ကန်တော့စရာမလိုပါဘူး.. အစ်မရယ်.. မကန်တော့ပါနဲ့.. ´

သူတို့ကျမကိုဘာမှပြန်မဖြေပါဘူး.. ဒါပေမဲ့မျက်ရည်စို့နေတဲ့မျက်ဝန်းနှစ်စုံကိုကြည့်ပြီးကျမရင်ထဲ ဝမ်းနည်း ဝမ်းသာ ဖြစ်နေမိပါတယ်..။

`ဆရာမရယ်.. ကျမလေ.. သားလေးတကúသိုလ်တက်ဘို့ ကျမစုထားတဲ့ပိုက်ဆံ.. တစ်သောင်းရှိပါတယ်.. ဒါကြောင့်ဆရာမ တစ်သောင်းခွဲဘဲပေးပါ..´

`ရပါတယ်.. အဲဒီစုထားတဲ့ တစ်သောင်းကို.. နောင်လိုရင်သုံးဖို့ထားလိုက်ပါ.. မနက်ဖြန် ရန်ကုန်တက်ရင် ကားခလဲကုန်အုံးမှာ မဟုတ်လား.. အဲဒီစားရိတ်တွေအတွက်ချန်ထားလိုက်ပါ´` ဆရာမရဲ့ကဒ်ပြားလေး ယူထားလိုက်နော်.. လိုအပ်ရင် အဲဒီဖုန်းနံပါတ်ကိုဆက်သွယ်ပေါ့.. ဟုတ်ပြီလား´

`ဟုတ်ကဲ့ဆရာမ.. ကျေးဇူးတင်လိုက်တာ..´

`ရပါတယ်ရှင်.. ကျောင်းကဘယ်တော့စတက်ရမှာလဲ..´

`၉ ရက်နေ့ စတက်ရမှာဆရာမ..´

`ဟုတ်ပြီလေ.. ဆရာမ မင်းရန်ကုန်မှာနေဖို့ စီစဉ်လိုက်အုံးမယ်.. ပြီးရင် ဆက်သွယ်မယ်လေ..´ `ဆရာရေ.. ဆရာ့ဖုန်းကိုဘဲဆက်ပြီးပြောရမှာပေါ့နော်..´

`ဟုတ်ကဲ့ဆရာမ.. ဆရာမဆက်ရင် ကျနော် ဒီကိုလာပြောပေးမယ်လေ..´

ကျမ မပြန်ခင်မေးလိုက်တော့မှ.. သူ့အမေက ၄၅ နှစ်တဲ့.. အော်.. ကျမထက် ၂ နှစ် ငယ်တာပေါ့။

အပြန်လမ်းတစ်လျှောက်မှာ.. ကျမစဉ်းစားရင်း.. မျက်ရည်တောင်ဝဲမိပါတယ်..

ဒီအတောအတွင်း ကျမ အလုပ်မှာ အဆင်မပြေပါဘူး..ပရဟိတလုပ်တာပေမဲ့လည်း.. အဲလိုလုပ်လို့ကို မုန်းတဲ့လူကလဲ အသေမုန်းတာပါ..

ဆိုရိုးစကားရှိသလိုပေါ့..

သူတော်ကောင်းဆိုတာများ.. ဘယ်လောက်တောင်ကောင်းသလဲဆိုရင်..

မိတ်ဆွေဖြစ်ရလို့ကောင်းတာကိုထည့်မပြောနဲ့အုန်း..

ရန်သူဖြစ်ရတာတောင်.. အန္တ္တရာယ်မပေးတတ်လို့ ကောင်းသတဲ့..

သူယုတ်မာများကတော့..ရန်သူဖြစ်ရလဲမကောင်း.. မိတ်ဆွေဖြစ်ရလဲ.. စိတ်မချရဘူးတဲ့..

အခုတော့မျက်ရည်ကြားက… ကျမ ခွန်အားတွေရလာတယ်…

ဒီကလေးဟာ.. အဆင်မပြေတဲ့ကြားက ကြိုးစားပြီး ၁ဝ တန်းအောင်တော့ သူဝါသနာပါတဲ့ ပညာရေးတက္ကသိုလ် ရတော့ကျောင်းတက်ချင်ရှာမှာပေါ့.. ကျောင်းအပ်ခွင့်ပိတ်ဘို့ ၃ရက်ထဲ လိုတော့တဲ့အချိန်အထိ.. ကျောင်းမအပ် နိုင်သေးတာ.. ဘယ်လောက်များ.. စိတ်ဆင်းရဲရှာလိမ့်မလဲ..

သူ့အမေဟာလဲ.. တစ်ဦးထဲကျန်တဲ့သားကလေး ၁ဝ တန်းအောင်တော့ တက္ကသိုလ် ပို့ချင်ရှာမှာပေါ့.. နော်..

သူ့အဖွားကရော.. သူဘာမှ မပြောနိုင်ရှာလို့သာ.. သူ့မြေးကလေးကို.. ကျောင်းဆက်တက်စေချင်ရှာမှာပေါ့…

ကျမမှာ.. သားလေးနှစ်ယောက်ရှိပါတယ်..

ခင်ပွန်းမရှိတော့ပေမဲ့ တစ်ယောက်ထဲ အံခဲပြီးကြိုးစားခဲ့တာ.. ကံကောင်းထောက်မစွာ.. ဒီသားလေးနှစ်ယောက်ကို.. လူတန်းစေ့အောင် ထားနိုင်ခဲ့တယ်.. ကျောင်းလဲ.. သူများနည်းတူ ထားနိုင်ခဲ့တယ်..

ဘယ်လောက်ဘဲ စိတ်ဆင်းရဲရတယ်ဆိုပေမဲ့.. `ရော့.. ကျောင်းအပ်ဘို့ ငွေ နှစ်သောင်းခွဲ´ လို့.. ဘတ်ကနဲ ထုတ်ပေးနိုင်သေးတယ်..

ငါစိတ်ဆင်းရဲရတယ်ဆိုတာ.. ဘာဟုတ်သေးလို့လဲ…

ငါ့ရဲ့ စိတ်ဆင်းရဲမှုတွေက.. ခက်ခဲနေတဲ့ကလေးတစ်ယောက်ရဲ့ ဘဝ တစ်ခုကို အဆင်ပြေသွားစေနိုင်တယ် ဆိုရင်..

အဲဒီစိတ်ဆင်းရဲခြင်းကို ငါခံနိုင်ရမှာပေါ့.. လို့.. ကိုယ့် ကို ကိုယ်..အားပေးမိ.. အားတက်မိပါတယ်.. ..

ကြုံကြိုက်လို့ ဒီအကြောင်းကိုပြောဖြစ်တိုင်းလဲ.. ကိုယ်ကူညီခဲ့တဲ့သူတွေဆီက.. တုန့်ပြန် မေတ္တာနဲ့..

`ဆရာမရေ.. ဆရာမ စိတ်ချမ်းသာပါစေ.. အန္တရာယ်ကင်းပါစေလို့ မေတ္တာ ပို့ပေးပါတယ်.. ´ လို့..သူတို့က ပြောကြပါတယ်..

`ဆရာမ ကူညီလိုက်လို့ ကျနော်၊ ကျမတို့ စိတ်ချမ်းသာရသလိုဘဲ.. ဆရာမလဲ.. စိတ်ချမ်းသာပါစေ..´ လို့ ပြောကြတဲ့ အခါ.. မျက်ရည်ဝဲမိအောင်.. ချမ်းမြေ့မိပါရဲ့..။

အဲဒီလို.. ကူညီနိုင်အောင်.. လှူကြတဲ့အလှူရှင်တွေကိုလဲ.. ကျေးဇူးတင်မိပါတယ်..

ကြားက ဆောင်ရွက်ပေးတဲ့ကိုယ့်အပေါ်မှာတောင် သူတို့ ကျေးဇူးတွေတင်နေတာ.. အဓိက အလှူရှင် တွေကိုတော့ ပြောဘွယ်ရာ မရှိပေဘူး.. နေ့စဉ်မေတ္တာ ပို့ကြတယ်တဲ့ ..

သူပထမဆုံးရန်ကုန်လာတော့ ကျမရယ်.. သားကြီးရယ်.. သားကြီးရဲ့ သူငယ်ချင်းရယ်.. သင်္ဘောဆိပ်မှာ သွားကြိုရတယ်.. ရန်ကုန်မှာ မသွားလာတတ်လို့..လေ..

`ဗိုလ်ချုပ်ဈေးဆိုတာ လှိုင်သာယာမှာပေါ့နော်..´ တဲ့

အလှူရှင်တွေကလဲဝိုင်းပြီးတော့ပေးလိုက်ကြတာ.. ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း၊ အဝတ်အစား၊ လွယ်အိတ်၊ ကျောင်းဝတ်စုံ..စာကြည့်မီး… အို.. စုံလို့ပါဘဲ..

အခုတော့ B.Ed ကျောင်းသားကြီးဖြစ်နေပြီ.. စေတနာရှင်တွေက ကူညီထားတဲ့ ကျောင်းဝတ်စုံတွေ နဲ့ လှပလို့ ..

ဘာလိုလိုနဲ့.. ပထမနှစ်စာမေးပွဲကြီးတောင်ဖြေရတော့မှာဘဲ..

လဆန်းကတော့.. ကျမဆီမှာ ငွေလာထုတ်ရင်းနဲ့..

`ဆရာမရေ.. သားစာမေးပွဲပြီးလို့ ကျောင်းပိတ်ရင်.. ပုံနှိပ်တိုက် တစ်ခုမှာ အလုပ်ဝင်လုပ်မယ်.. ကျောင်းပိတ် ရက် မှာ.. ဝင်ငွေရအောင်ပေါ့´ တဲ့..

လန်းဆန်းတက်ကြွနေတဲ့.. ကလေးကိုကြည့်ရင်း (ကျမအသက်နဲ့တော့ သူတို့က.. ကလေးပေါ့နော်..) .. ကျမရင်ထဲမှာကြည်နူးမိတယ်.. ..

ဒီလိုခက်ခဲတဲ့ ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. ..

ကူညီကြတဲ့ အလှူရှင်တွေကိုလည်း..ကျေးဇူးအထူးပါ.. ..

ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..

တောင်းခံသူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.