(၆၄)ကြိမ်မြောက်မွန်အမျိုးသားနေ့အခန်းအနားကို တပို့တွဲလပြည့်ကျော်(၁)ရက်နေ့(၁၉-၂-၂၀၁၁) ရက်နေ့ စနေနေ့တွင် မွန်ပြည်နယ် ရှိမြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာ အသီးသီးနှင့် အဝေးရောက်ပြည်ပရှိ မွန် အမျိုးသားများနေထိုင်ရာ နေရာအသီးသီးတို့တွင်လည်း ကျင်းပခဲ့ကြ သည်ကိုတွေ့ရပါတယ်…
(၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပသည့် မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ကို ထွက်ခွါ လာရာမှာ ဖြတ်သန်းခဲ့ရတဲ့ မွန်ပြည်နယ် တစ်ခွင်မှာ ကျေးရွာဆိုရင်ကျေးရွာအလျှောက် ၊ မြို့နယ်ဆိုရင်လည်း မြို့အလျှောက် အင်္ကျီအဖြူ ၊ လုံချည်(ပုဆိုး)အနီ ၀တ်ဆင်ထားသောမွန်လူမျိုးများ စည်းလုံးညီညွတ်စွာဖြင့် မွန် အမျိုးသားနေ့အခန်းအနားကျင်းပနေကြတာကို မင်္ဂလာရှိစွာတွေ့ကြရရင်ပဲ အတိုင်းမသိကို ၀မ်းမြောက် ကြည်နူးမိပါတယ်… ကြက်သီးမွေးညှင်းများထမတတ်အောင် ရင်ထဲမှာ တလှပ်လှပ်နဲ့ခံစားရပါတယ်… အိပ်ရေးပျက်ခဲ့ရတဲ့ညတွေများခဲ့ရပေမဲ့.. အဲဒီမြင်ကွင်းမြင်လိုက်ရတာနဲ့…မောတာပန်းတာ နွမ်းတာ လျတာ တွေဟာ ပိန်းကြာပင်ရေမတင်သလို ပျောက်ကွယ်သွားပြီး စိတ်အစဉ်သည်လည်းကြည်လင်အေးချမ်းကာ ခွန်အားတွေလည်း ပြည့်ဝလာပါတယ်…

တက်ကြွစွာလှုပ်ရှားနေတဲ့ ကျွန်တော်တို့မွန်တိုင်းရင်းသားတို့ရဲ့ စည်းလုံးမှု အင်အားကမသေးလှပါဘူး…ဒါကလည်းအခုမှမဟုတ်ခဲပါဘူး ခေတ်အဆက်ဆက်မှာ မွန်လူမျိုးဆိုတာ ကမ္ဘာကအသိအမှတ် ပြုထားတဲ့လူမျိုးတစ်မျိုးမဟုတ်ပါလား…ရာဇ၀င်တစ်ခုကိုပိုင်စိုးထားခဲ့တဲ့ ပိုင်စိုးထားဆဲ သမိုင်းဝင်တဲ့လူမျိုး ဖြစ်တယ်ဆိုတာ သမိုင်းအထောက်အထားတွေအရတွေ့နေကြရတာ ပဲမဟုတ်လား…
မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှာကျင်းပတဲ့ (၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) မှတ်တမ်းဓါတ်ပုံ လေးတွေရှုစားကြပါဦး………

အခန်းအနားမုခ်ဦးအားတွေ့ရစဉ်

အခမ်းအနားစင်မြင့်

ဘင်ခရာတပ်ဖွဲ့နှင့်အတူ

အမျိုးသမီးအလံကိုင်တပ်ဖွဲ့၏အားမာန်အပြည့်ဟန်

စည်းလုံးညီညွတ်မှုကိုပြသနေသည့် အမျိုးသမီးအလံကိုင်တပ်ဖွဲ့များ

အခမ်းအနားတက်ရောက်ခဲ့သည့် မွန်မျိုးချစ်ခေါင်းဆောင်များ

အခမ်းအနားတက်ရောက်ခဲ့သည့် မွန်မျိုးချစ်ခေါင်းဆောင်အချို့

ဒီလိုနဲ့ဟံသာဝတီပြည်တည်ထောင်တဲ့နေ့(တပို့တွဲလပြည့်ကျော် -၁ ရက်နေ့)ကိုအစွဲပြုပြီး ၁၉၄၇ ခုနှစ် ကနေစတင်ကျင်းပလာရာ ယနေ့အထိဆိုရင် (၆၄)ကြိမ်တိုင်တိုင်ရှိခဲ့ပါပြီ…သည်လိုနေ့ထူးနေ့မြတ်တစ် ရက်ကို ကိုယ်တိုင်ကိုယ်ကျ ဆင်နွဲခဲ့ရတာကို မျက်စိထဲမှာမြင်ယောင်တိုင်း ကြည်နူးရပါတယ်….မျိုးချစ်စိတ်ဓါတ် တွေလည်းတစ်ဖွားဖွားနဲ့ပေါ်ပေါက်နေမိပါတယ်…ဒါပေမဲ့လည်း ကျွန်တော် မသိတာလား နားမလည် တာလား တော့မသိဘူး…ကျွန်တော်က ရန်ကုန်မှာနေပြီးအလုပ်လုပ်နေတဲ့မွန်တိုင်းရင်းတစ်ယောက်ပါ… မွန် အမျိုးသား တစ်ယောက်ဖြစ်ခဲ့ပေမဲ့ မွန်ပြည်နယ်နဲ့ရေစက်မဆုံတာလား…ကံမကြုံတာလားတော့မသိဘူး မွန် အမျိုးသားနေ့ တိုင်းမှာ မွန်ပြည်နယ်မှာမရှိပဲ တခြားဒေသတွေမှာ သွားရောက် အလုပ်လုပ်နေတာနဲ့ပဲကြုံဖြစ် ခဲ့ရပါတယ်… အဲ…ဒီနှစ်လည်းဒီလိုပဲဖြစ်နေမယ်လို့ထင်ထားခဲ့ပါတယ်…ရန်ကုန်မှာကျင်းပတန်ကောင်းရဲ့ဆိုပြီးတော့လည်း နေခဲ့တာလည်းပါပါတယ်….
ရန်ကုန်မြို့ဆိုတာ တစ်ချိန်က မွန်တိုင်းရင်းသားတွေတည်ထောင်ခဲ့တဲ့ သမိုင်းဝင်မြို့ပဲ မဟုတ်လား.. ရွှေတိဂုံစေတီတော်က သက်သေပင်မဟုတ်ပါလား…ဒါကလည်း သမိုင်းရာဇ၀င်နားမလည်တဲ့ ကလေးများပင် သိနေတဲ့အကြောင်းအရာတစ်ခုပါ…သည်တော့ ရန်ကုန်ဆိုတာ မွန်လူမျိုးတို့နေထိုင်ရာဒေသ ဖြစ်ခဲ့တာနဲ့အညီ ယခုလက်ရှိအချိန်မှလည်းနေထိုင်နေကြတာပဲမဟုတ်လား….ဒီလိုဆို မွန်လူမျိုးတို့အထွဋ် အမြတ်ထားတဲ့ မွန်အမျိုးသားနေ့ဆိုတာကိုတော့ ကျင်းပခွင့်ပြုသင့်တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်ယူဆမိ ပါတယ်… ဒါကလည်းကျွန်တော်တစ်ယောက်တည်းရဲ့ ကိုယ်ပိုင်ယူဆချက်သာဖြစ်ပါတယ်….

ကျွန်တော်မခံမရပ်နိုင် ဖြစ်မိတာတစ်ခုတော့ရှိတယ် ကျွန်တော်တို့ နိုင်ငံ ဟာ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ပဲ မဟုတ်လား…သည်နိုင်ငံမှာနေထိုင်ကြတဲ့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင်း နဲ့ ရှမ်းလူမျိုးတွေ နဲ့ တခြားတိုင်းရင်းနွယ်စုတွေရဲ့ အရေးဟာ သည်နိုင်ငံရဲ့အရေးပဲမဟုတ်ဘူးလား…အခုတော့ဗျာ..ကျွန်တော် တို့မွန်လူမျိုးများအထွဋ်အမြတ်ထားတဲ့ မွန်အမျိုးသားနေ့ ဆိုတာကို အသိအမှတ်ပြုပြီး အများပြည်သူရုံးပိတ် ရက်မဟုတ်တောင်မှ မွန်ပြည်နယ်မှာရှိတဲ့ကျောင်းများ ရုံးများပိတ်သည့်ရက်အဖြစ်သတ်မှတ်သင့်တာကို လစ်လျူရှုပြီး(တော်သေးတာက ဒီနှစ်မှာက စနေ၊တနင်္ဂနွေနေ့တွေမှာကျရောက်နေလို့) ရန်ကုန်မှာ မွန်အမျိုးသားနေ့ကျင်းပခွင့်ကိုပိတ်ပင် နောက်ဆုတ်ခိုင်းတာတော့ နည်းနည်းလွဲနေ သလိုဖြစ်နေ မလားပဲ…စဉ်းစား ကြည့်ကြပါဗျာ….မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံခြားသား (တရုတ်၊ ကုလား)တွေရဲ့ နေ့ထူးနေ့မြတ်ကျတော့ ရုံးတွေပိတ်ပြီး ပျော်ပွဲရွှင်ပွဲတွေဆို တစ်ရက် မဟုတ်နှစ်ရက် ဟုတ်လုပ်လိုက်ကြတာ အားရစရာ(လူမျိုးရေးအရ ပုတ်ခတ်ပြောဆိုခြင်းမဟုတ်ပါ. ဖြစ်နေသည့်အခြေအနေကို တင်ပြခြင်းသာဖြစ်ပါသည်)…

ဒါပေမဲ့ ကွန်တော်တို့မွန်အမျိုးသားနေ့ ကျင်းပဖို့ကျတော့ အကြောင်းအမျိုးမျိုး ကြောင့်ကျင်းပခွင့်မရခဲ့ပါဘူး… သည်တော့ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ပင်လုံညီလာခံက တိုင်းရင်းသား များကိုယ်ပိုင်အခွင့် အရေးရရှိရေးဆိုတာ ဘယ်မှာလည်း… ဘယ်ကို ရောက်ကုန်တာလည်း… ကျွန်တော်တို့ တောင်းနေတာ ကိုယ်ပိုင် လွတ်လပ်ခွင့်ရနိုင်ငံမဟုတ်ဘူး… တိုင်းရင်းသားအချင်းချင်းတန်းတူ လွတ်လပ်ခွင့် ရရှိရေးပါ…… မွန်နှင့်ဗမာက ညီအစ်ကို တွေပါဆိုပြီး ရောချကာ မွန်လူမျိုးပပျောက်သွား စေ တဲ့ ရည်ရွယ်ချက် တွေကိုလည်း သည်ထက်ပိုမိုမလုပ်စေချင် တော့ဘူး…ရပ်တန်းက ရပ်သင့်ပြီလို့လည်း ထင်မြင် မိပါတယ်….တိုင်းရင်းသားလူမျိုးတစ်ခုလုံးပျောက်ကွယ်သွားအောင် ရည်ရွယ်ချက် ရှိရှိဆောင်ရွက်နေတာကတော့ ခံရတဲ့တိုင်းရင်းသားတွေအတွက်တော့ မတရားမှုတစ်ခုသာဖြစ်မယ်ဆိုရင် မှားမလားဗျာ….
တစ်ခုတော့ရှိတယ်…ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှာကျရောက်တဲ့ မွန်အမျိုးသားနေ့ကျင်းပခွင့် မရခဲ့ ပေမဲ့လည်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာကျရောက်ခဲ့တဲ့ ချင်းအမျိုးသားနေ့ကိုတော့တစ်ခမ်းတနား နဲ့ကျင်းပခွင့် ရတဲ့အတွက် ချင်းတိုင်းရင်းသားများအတွက် ၀မ်းမြောက်မိပါတယ်…ကျွန်တော့်အနေနဲ့ကတော့ နောင်နှစ်မှာ မွန်အမျိုးသားနေ့ကို ရန်ကုန်မှာ ကျင်းပခွင့်ရရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်…. ကျင်းပခွင့်ပေး နိုင်ကောင်းရဲ့လို့ လည်းတွေးမိပါတယ်… ဒါပေမဲ့ မွန်အမျိုးသားနေ့ကိုရန်ကုန်မှာ အခုလိုဘာကြောင့် ကျင်းပခွင့်မရတာလည်းဆိုတာ ကိုတော့ ကျွန်တော့်ခေါင်းထဲမှာ အစဉ်တွေးတောနေရတဲ့ ကွက်လပ် တစ်ခုဖြစ်နေဦးမယ်ဆိုတာကိုတော့…….
သည်ကွက်လပ်လေးကိုဘယ်သူဖြည့်ပေးကြမှာလည်း….ကျေးဇူးပြုပြီးတော့….ပြောပြပေးကြပါလား… ဘာကြောင့်လည်း…ဘာ့အတွက်လည်း….ဘာဖြစ်လို့လည်း……တခြားဘယ်တိုင်းရင်းသားတွေလည်း သည် လိုအဖြစ်အပျက်မျိုးခံနေကြရပြီလည်း….သည်လိုမျိုးမကြုံမတွေ့ကြရပါစေနဲ့လို့လည်းဆုတောင်းနေပါတယ်….
(အထက်ပါရေးသားချက်သည်ကျွန်တော်တစ်ဦးတစ်ယောက်တည်း၏အတွေ့အကြုံနှင့် ရင်ဖွင့်ရေးသား ချက် သာဖြစ် သည့်အတွက် မည်သူတစ်ဦးတစ်ယောက်နှင့်မျှမသက်ဆိုင်ပါ…..)

About thuyamon

thuya mon has written 2 post in this Website..

no