မွေးကျေးဇူး၊ ကျွေးကျေးဇူးနဲ ့ ကျေးဇူးရှင်လေးတွေ – မောင်မိုးညို

kaiFebruary 22, 20111min21211

ဖြစ်ပုံက ဤသို့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသို့ (၂၀၀၇) နှစ်ဦးပိုင်းကစပြီး တဖွဲဖွဲရောက်လာကြသော မြန်မာတိုင်းရင်းသားပြောင်းခိုသူများ ထဲတွင် “နွမ်” (“နွမ်” လို့ဘဲအမည်တပ်ပါရစေ။) တယောက်လဲသူ့မိသားစု နှင့်အတူအပါအဝင်ဖြစ်သည်။ တနေ့ “နွမ်” ၏ခေါင်းတွင်ဖူးယောင်နေသောညိုမဲဒါဏ်ရာကို ဆရာမလုပ်သူကမေးမြန်းရာ ကလေးကသူ့အဖေခေါင်းခေါက်၍ဟု ပြီးစလွယ်ဘဲအဖြေပေးလိုက်သည်။ ဆရာမက ကလေးကိုလက်ဆွဲပြီး ရုံးခမ်းရှိသူနာပြုထံပြရုံမက သက်ဆိုင်ရာ ကလေးသူငယ်ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနသို့ အကြောင်းကြားရတော့သည်၊ နေ့ချင်းပင်အဆိုပါဌာနမှ အရာရှိများသာမက၊ နောက်ရဲဌာနကပါ ပါလာသည်။ အဖေလုပ်သူကလဲ စိတ်လိုက်မာန်ပါလုပ်လိုက်သည်ကားအမှန်ဖြစ်သည်။ သည်လိုဘဲလက်လွယ်လွယ်နှင့်ထိပ်ခေါက်တင်ပါးကိုရိုက်သည့်စရိုက်က မြန်မာမိဘတွေမှာအနဲနှင့်အများ ရှိကြသည်ကားအများအသိပင်။ မိဘကလည်းငိုမတတ်ဖြစ်ကြရုံမက၊ မပြောဆိုတတ်၊ ဘာသာပြန်ပေးမည့်သူ မရှိဖြစ်တော့၊ နောက်ဆုံးမောင်မိုးညိုကိုခေါ်သဖြင့် သွားဖြေရှင်းရပါတော့သည်။ အမှိုက်ကစပြဿာဒ ်မီး လောင်ချေပြီ။ ကျွမ်းကျင်သူရှုထောင့်ကကြည့်လျင် တမင်လုပ်သောလက်ချက်ဆိုသည်ကားပြေးမလွတ်တော့။ အမှန်ပြောရလျင် ကလေးနှင့်မိဘကြား ရှိခဲ့သောပြသနာကား ခုမှမဟုတ်။ ငယ်စဉ်ကတည်းကဟု နီးစပ်သူတို့ကဆိုကြသည်။ လက်မြန်သောမိဘ နှင့် မဟုတ်မခံပြန်ပြောတတ်သော ကလေးကြားဇာတ်လမ်းကစချေပြီ။ ရဲနှင့်စစ်ဆေးသူတွေ ကိုတော့မြင်သူသက်သေမရှိသဖြင့် ပြောရခက်ကြောင်း၊ ကလေးပြီပြီကစားရာကလည်းဖြစ်နိုင်ကြောင်း လမ်းလွှဲရတော့သည်။ သက်သေမရှိတော့လည်း ရဲကဘာမှမလုပ်နိုင်။ သို့သော်ထိုနေ့မှစ၍ ကလေး၏နေထိုင်ရာဝန်းကျင်သို့ သက်ဆိုင်ရာဌာနမှ စုံစမ်းထောက်လှမ်းမှုများဆက်တိုက်လုပ်လာကြသည်။ federal ဗဟိုအစိုးရကလည်းအဖေလုပ်သူကို သံသယဖြစ်ဘွယ် ကလေးသူငယ် ညဉ်းပမ်းနှိပ်စက်သူများစာရင်းတွင်ထဲ့ လိုက်ကြောင်းများမကြာမှီ စာရောက်လာတော့သည်။ ထောင်/အချုပ်စသည်တို့သို့မရောက်တော့သော်လည်း၊ အဖေလုပ်သူက အလုပ်ဘဲလျှောက်လျှောက်၊ ငွေဘဲချေးချေး၊ ဒီကိစ္စက နောက်မှ အရိပ်လိုလိုက်နေပြီကားသေချာနေပြီ။

ပြည်ပမှာ မြန်မာမှုဆိုတိုင်း သိပ်တော့မလွယ်။

စိတ်ဖိစီးမှုကစသော ဇာတ်လမ်းများ

ဤကဲ့သို့နိုင်ငံမျိုးတွင်ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြကုန်သော မြန်မာမိသားစုများက တည်ဆဲဥပဒေစည်းကမ်းများ၏ အတိုင်းအတာ၊ အာဏာသက်ရောက်မှုကို ဘယ်အထိနားလည်ကြသည် ဆိုသည်ကိုကားပြောရန်လွန်စွာခက်ခဲပါဘိ။ ရောက်ခါစ နေထိုင်စားသောက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ စကားပြောဆိုကူးလူးဆက်ဆံရေး စသောအရေးကိစ္စအပေါင်း တို့ကားကျယ်ပြောပါဘိတောင်း။ ရောက်ခါစရက်ပိုင်းအတွင်းကား အိမ်ရှင်ဖြစ်သူတို့ကလိုက်ပို့သော amusement park, mall စသည်တို့အလယ်တွင် ကျီးကန်းတောင်းမှောက်မျက်စိနားသူငယ် နှင့် ပြောင်းလဲသောအချိန်နေ့နှင့်ည တို့၏တရစပ်လည်ပါတ်မှုတို့ဖြင့် အိပ်မက်ရောင်ရောင်ဖြစ်သွားကြကုန်သည်။ များမကြာမှီ အလုပ်လုပ်ခွင့်ရလာပြီ၊ ကလေးများအတွက် ကျောင်းအပ်ပြီးပြီ ဆိုသည်နှင့် နေ့တဓူဝလည်ပါတ်ရသော စက်ရုပ်များဘဝသို့ ရောက်မှန်းမသိရောက်သွားကြတော့သည်။ အလုပ်အကိုင်၊ ယဉ်ကျေးမှူ နှင့် ဘာသာစကားကွာခြားမှု တို့က လူ့စိတ်ကိုတနေ့တခြားဖိစီးလာရသည်ကို သတိထားမိသူများရှိသလို၊ အများစုကတော့ သတိထားမိကြမည်မထင်။ ကြိတ်မှိတ်ပြီးဒူးနှင့်မျက်ရေသုတ်ကြရသူတိုင်းလိုလို။ မိမိစိတ်ထဲခံစားနေရ သည်များကို ပြင်ပတွင် ထုတ်ဖေါ်ရအောင်ကလည်း မပြောတတ်မဆိုတတ်။ သည်မှာတင် ပြဿနာကိုမိသားစုထဲဆွဲသွင်းလာကြသည်။ အလုပ်ထဲကပြဿနာ၊ ကျောင်းကပြဿနာတို့ကိုအိမ်သို့ ခေါ်ဆောင်လာကြပြီး  အိမ်မှာတင်မိသားစုထဲ ပြဿနာပေါက်ကွဲတော့သည်။ လက်လွယ်ကြသူတွေက လက်စွမ်းပြကြသလို၊ တချို့ သည်းခံနိုင်အားနဲကြသူတွေက လက်လွန်ချေလွန်ဖြစ်ကြရုံမက မိသားစုပျိုကွဲသည်အထိ ဝမ်းနဲဘွယ်အဖြစ်များ တွေ့လာရသည်။ ယင်း transition ကာလကားလေ့လာကြည့်ရသလောက် ငါးနှစ်မှဆယ်နှစ်လောက်အထိ ရှိမည်ဟုထင်ရသည်။ ဆယ်နှစ်လောက်ကျောိကြာမှ ကိုယ်ရောက်ရှိရာနိုင်ငံ၏အထာ၊ စကား နှင့်  ယဉ်ကျေးမှု၊စည်းကမ်းအထာ တို့ကိုတဖြေးဖြေးသိလာရသည်၊ အဲ့ဒီတော့မှ အနယ်ထိုင်ချင်လာသည့်သဘော ရှိလာသည် ဟုဆိုကြပါစို့။ ယင်းကား ပြောင်းရွှေ့လာသူ မည်သည့်မိသားစုမဆို တနည်းမဟုတ်တနည်းကြုံတွေ့ရမည့် အတွေ့ကြုံကောင်းဟုဆိုရမည်လား။ အဆိုးလို့ဆိုရမည်လားမသိ ကြုံ ကြမည်မှာဧကန်မလွဲပင်။

မိဘများနှင့်အမူအကျင့်ပြောင်းလာသောသားသမီးများ

ဤနေရာအခြေနေမျိုးရောက်ပြီဆိုလျင် အများစုမိဘများ ဖြစ်လေ့ရှီကြသောကိစ္စမှာ မိမိသားသမီးများနှင့် ကင်းကွာမှန်မသိကင်းကွာလာကြသည်ကိုတွေ့ရသည်၊ သားသမီးများမှာလည်းငယ်ရွယ်သူများ ဖြစ်ကြသည့် အားလျော်စွာ၊ အသက်အရွယ်ကြီးငယ်ပေါ် လိုက်၍ ဤနိုင်ငံ၏ ယဉ်ကျေးမှု၊ အပြောအဆိုအတွေးအခေါ်တို့က စိမ့်ဝင်ချင်းနင်းဝင်ရောက်မှုရှိလာကြသည်။ ငယ်လေ ယင်းသိုစိမ့်ဝင်မှုပြောင်းလဲလာမှုတို့ကမြန်လေပင်။ ကိုယ်ကမြန်မာလိုပြော၊ သူတို့ကအမေရိကန်လိုပြန်ပြော၊ ကိုယ်က မြန်မာလိုတွေး၊ ကလေးတွေက အမေရိကန်လိုတွေးဖြစ်လာကြသည်။ သည်လို အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက်ပြောနိုင်၊ ဆိုနိုင်တွေးနိုင်ခေါ်နိုင်လာသည်ကိုကြည့်ပြီး၊ မိဘအပေါင်းတို့ကလည်း ဂုဏ်ဘဲယူကြရမလား၊ ငါတို့ယဉ်ကျေးမှုတော့သွားလေချင်းဆို၍ ကြိတ်မနိုင်ခဲမရဖြစ်ရမည်လားမသိ ဆိုသောအချိန်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတော့သည်။ သည်နိုင်ငံရဲ့လူနေမှုစနစ်နှင့်လွတ်လပ်မှု၊ အရာရာအဆင့်မြင့်ချင်သူတို့၊ မက်မောကြသူတို့က ကိုယ်လမ်းကိုရွေး၍ ရောက်လာကြသူတွေချည့်ပင်။ ဘယ်သူကမျှရိုက်ခေါ်၍ရောက်လာကြရခြင်းမဟုတ်မှန်းအသိ။ သို့သော်ဤနိုင်ငံ၏ယဉ်ကျေးမှုစိမ့်ဝင်မှုကား အရှိန်ကြီးဘိသည်။ (၁၆) နှစ်ပြည့်၍ sweet 16 ဆိုသည်နှင့်စိတ်ကစားကြ၊ သူ့အိမ်ငါ့အိမ်အပြန်အလှန် ညအိပ်ကြသည်တို့ကအစ၊ မသိမသာအခြေအနေမှသည်၊ သိသိသာသာအခြေသို့ရောက်မှန်းမသိ ရောက်သွားကြသည်။ သည်အထဲ ကြုံကြိုက်၍အဘိုးအဘွားများလာရောက်လည်ပါတ်ချိန်နှင့်ကြုံသည်ဆိုပါစို့။ ပြဿနာမီးတောက်ကကြီးလာသည်။ အဘိုးအဖွားလုပ်သူတို့ကပြောသောစကား ကိုကလေးတွေက နားမလည်ကြသည်ကား ကလေးများအတွက်ထွက်ပေါက်ပင်။ မိဘလုပ်သူတွေကတော့ လှိမ့်ပြီးအဆိုအဆဲ၊ အငေါက်တွေစုပြုံခံကြရတော့သည်ကားမလွဲဧကန်။ သည်နေရာတွင် ပြီးခဲ့သောအပါတ်များအတွင်းက Wall Street Journal တွင်အတော်ဂယက်ရိုက်ခဲ့သော တရုတ်လူမျိုး ဖိလစ်ပိုင်နိုင်ငံသူ Amy Chua ၏ “Tiger Mom” အကြောင်းမျှလိုပါသည်။ ယင်းတွင် ပြင်းထန်လှသောစည်းကမ်းချက်များဖြင့် သားသမီးမြေတောင်မြှောက်သော အဖြစ်အပျက်အကြောင်းဆောင်းပါးကို တစေ့တစောင်း တင်ပြလိုပါသည်။ အေရှ ဆိုသဖြင့်မြန်မာနှင့်လဲ သိပ်မကွာလှကြောင်း သိနိုင်ပါသည်။ Amy ကား အမေရိကန်နိုင်ငံ၏ထိပ်တန်း Yale တက္ကသိုလ်မှ ဥပဒေပညာပါမောက္ခဖြစ်ပြီးအမေရိကန်တွင်မွေး၊ ဒီမှာတင်ကြီးပြင်းခဲ့သူဖြစ်သော်လည်း သူမ၏မိဘတရုတ်လူမျိုးတို့၏ထုံးတမ်းအစဉ်အလာကိုအလေးထားပြီး သူ့သမီးနှစ်ဦးစလုံးကို ပုံစံရိုင်သွန်သင်ခဲ့ပုံက ဤသို့ဟုဆိုပါသည်။ (၇)နျစ်သမီး Sophia ကို စန္တယားတီးလေ့ကျင့်ခန်းတပုဒ်ကို မရမချင်းကျင့်ခိုင်းသည်မှာ၊ နားချိန်မပေး၊ ထမင်းစားခွင့်မပေးရုံမက၊ အိမ်သာသို့ပင်သွားခွင့်မပေးခဲ့ကြောင်း ပြောပြပါသည်။ ဝေဖန်ကြသူတို့ကအပြင်အထန်ဝေဖန်သည့်ကြားက၊ သူမက သူ့ကလေးငယ်များကိုအလွန် ချစ်ပါကြောင်း၊ သူတို့ပျော်ရွှင်သည်ကိုမြင်လိုတွေ့လိုပါကြောင်းချေပခဲ့သည်။ သူမငယ်စဉ်ကဖခင်လုပ်သူ ကိုကျောင်းဆုပေးပွဲသို့ခေါ်သွားရာ အပြန်တွင်အဖေလုပ်သူက ဒေါသထွက်ပြီးဆူပူခြင်းခံရကြောင်း၊ သူ့ကိုအရှက်ခွဲသည်ဟုဆူပူကြောင်းပြောပြပါသည်။ သူမ၏မိဘ(၂ဝပါးလုံးက ကျောင်းအမှတ်စါရင်းတွင် grade A ကိုသာမြင်ချင်ပြီး A မရလျင်ထိုနေ့ကားမိုးပျိုသောနေ့ဟုဆိုရမှာဖြစ်ကြောင်းဖေါက်သယ်ချပါသည်။ သူမကိုရက်စက်သောမိဘ၊ ကိုယ်ချင်းစာစိတ်မထားသောမိဘဟုသမုတ်ကြတာတို့ ဒုနှင့်ဒေးရှိကြောင်း သူမကဝန်ခံပါသည်။ သို့သော်လည်း သူမကသူမ၏ မိရိုးဖလာနည်းနှင့်မြေထောင်မြှောက်ပေးခဲ့သောသမီးများက ကျောင်းတွင်အမြဲ grade A များရကြရုံမက၊ ယင်းသမီးနှစ်ဥိးစလုံးက သူတို့မှတဆင့်ပေါက်ဖွားလာမည့် နောင်လာနောင်သားများကိုလည်း သူမတို့၏မိခင်က မြေတောင်မြှောက်သည့်နည်း အတိုင်းလိုက်နာ ကျင့်ကြံကြမည်ဖြစ်ကြောင်းအောင်မြင်ထည်ဝါစွာပြောနိုင်သည်ကိုတွေ့ရပါသည်။ သူမ၏သားသမီးဆုံးမပုံမြေတောင်မြှောက်ပုံတို့ကို အထင်ကရတက္ကသိုလ်ကြီးများကပညာရှင်များကလည်း လေ့လာသုတေသနပြု၍၊ ထောက်ခံကြသည်ကိုလည်းတွေ့ရပါသည်။

ကိုယ့် သားသမီးကို သူငယ်ချင်းလိုပေါင်းပါ

လူဆိုသည်ကား ကိုယ့်ရွယ်တူချင်း စရိုက်တူကြသူချင်းသာ အဖေါ်လုပ်လိုသည်ကားဓမ္မတာ။ teen age အရွယ်တွင်မိမိရွယ်တူဖေါ်များ နှင့်မှ အတွင်းစကားထွက်ကြသည်။ အိမ်ရှိမိဘများကား အရွယ်ကွာရုံမက၊ အတွေးအခေါ် မိမိနှင့်နီးစပ်လာနေသောယဉ်ကျေးမှုနှင့်အလှမ်းဝေးလွန်းမကဝေးလှဘိသည်။ facebook စသော နယ်ပယ်ကျယ်ပြောလာသော လူလူချင်းပေါင်းသင်းဆက်ဆံမှုကွန်ယက်ကားနေ့စဉ်နှင့်အမျှ နယ်ပယ်ချဲ့ထွင်နေသည်ကား မြန်မာမိဘအပေါင်းတို့အတွက်လိုက်လေပြေးလေ ဝေးလေဖြစ်နေသော ခေတ်၏တိုးတက်မှုရေစီးကြောင်းပင်။ ကိုယ့်ရှေ့မှာကလေးတွေက အင်တာနက်ပေါ်တွင်ကြည့်မြင်နေသမျှကို ဓါတ်ပုံကလွဲ၍ ‘၀’တလုံးမှနားမလည်သော မိဘအပေါင်းတို့မှာ နောက်ကောက်ကျပြီးရင်းကျရင်းဖြစ်နေပေပြီ။

သည်နေရာတွင်မိခင်ဖြစ်သူတို့၏အခန်းကဏ္ဍကလွန်စွာအရေးပါလှသည်။ ကိုယ်သားသမီး၏သူငယ်ချင်းများ အကြောင်းကိုခရေစေ့တွင်းကျသိရန်လိုလာသည်။ သူတို့ကြည့်သော DVD, TV show, music CD/iPod စသည်တို့ကို မိခင်များက လိုက်သုံးစွဲတတ်ယုံမက၊ သူတို့ကမှတ်ချက်ပေးလျင် ကိုယ်ကလဲပေးနိုင်အောင် ကြိုးစားကြဘို့လိုသည်။ သူတို့က club တွေအကြောင်းပြောလျင်ကိုယ်ကလည်း သူတို့သွားလေ့ရှိသော club တွေအကြောင်းသိဘို့လိုသည်။ သူတို့အချင်းချငိးအတင်းပြောကြရင် ကိုူယ်လဲဝင်အကြံပြုပါ။ သူတို့နဲ့ရေလာမြောင်းပေးဖြစ်သွားမည်။ သူတို့စကားဝိုင်းထဲ၊ ကိုယ့်ကိုထဲ့လာမည်။(၂၁)နှစ်ပြည့်လျင်ကား အရက်သောက်ခွင့်လိုင်စင်၏ အခွင့်အလမ်းကို သူတို့တွေက အလျံပယ်သုံးကြပြီ။ မျက်လုံးပြူးရန်မလိုပါ။ မူးပြီးလဲတာ၊ စကားများတာ တွေဖြစ်မည်။ အခက်အခဲအကျပ်အတည်းတွေ့ချိန် ပြဿနာဖြစ်ချိန်ရှိ လာမည်ကားမြေကြီးလက်ခတ်မလွဲပါ။ အထိတ်တလန့်မဖြစ်ပါနှင့်။ ဒါကိုလက်ညှိုးထိုးပြီးသူတို့လိုက်နာရမည့် အတိုင်းအတာကိုသတ်မှတ်ပေးလိုက်ပါ။ ဒီအဖြစ်အပျက်တွေက အလွန်ဆုံးကြာလှ တစ်နှစ်ပေါ့။ နောက်သူဖာသာဘရိတ်အုပ်သွားမည်။ သို့သော်လည်း ကိုယ်ကဒါတွေအားလုံကိုူသိကြောင်း၊ မိမိကသားသမီး အားလုံးကိုဤကဲ့သို့အဖြစ်မျိုးရောက်အောင်မြေတောင် မြှောက်ပေးခြင်းမဟုတ်ကြောင်း နားလည်အောင် ပြောပြပါ။ ကိုယ့်ကိုတိုးတိုးဖေါ်အဖြစ်သတ်မျတ်သောနေ့ကား၊ ကိုယ်ကသူတို့အပေါ်နဖားကြိုးစွပ်နိုင်သော နေ့ဟုမှတ်ပါ။

ဂုဏ်တုဂုဏ်ပြိုင် နှင် ့ပကာသန ကို နမူနာမယူမိပါစေနှင့်

ဤနိုင်ငံကား လူမျိုး၊ကျားမ၊ ဘာသာအသက်အရွယ်မရွေး အခွင့်အလမ်းကိုနည်းမျိုးစုံနှင့်ပေးထားသော စနစ်ဖြင့်ထူထောင်ထားသောနိုင်ငံဖြစ်ပေသည်။ ယူတတ်ဘို့၊ အသုံးချတတ်ဘို့သာလိုပါသည်။ ဤအခွင့်အလမ်း တို့ကိုရရန် ဘယ်သူ့ကိုမျှ ချဉ်းကပ်စရာမလို၊ လာဘ်ထိုးစရာမလို၊ အဆက်အသွယ်မလိုသည်ကား အထင်အရှားပင်။ ဤနေရာတွင်ရရာရကြောင်းသိကြသူတွေက အခွင့်အလမ်းတွေ၊ အခြေအနေတွေရနေ ကြသော်လည်း၊ တချို့က ယင်းနှင့်ပါတ်သက်သောသတင်းစကား ကိုမျှဝေရန် ဝန်တိုကြသူတို့လည်းရှိကြသည်ကို ဝမ်းနဲဘွယ်တွေ့ရပါသည်။ မိမိလျှောက်လှမ်းခဲ့ရသောဘဝအခြေအနေအတွေအကြုံတို့ကို မျှဝေကူညီ တတ်သောလူစားမျိုးနှင့် ယင်းအတွေ့အကြုံတို့ကိုမျှဝေပေးရန်တွန့်တိုကြကုန်သော၊ “ငါ့တုန်းကလည်းခံရ ကြိုးစားရတာဘဲ၊ မင်းတို့လဲခံကြကြိုးစားပေါ့။ မကူညီနိုင်ပါဘူး။ မမျှဝေနိုင်ပါဘူး” ဆိုသော “ဘူး” ဆောင်သောလူတန်းစားမျိုးတွေလဲဒုနဲ့ဒေးပင်။ ကိုယ့်စိတ်နှင့်ကိုယ်မို့အပြစ်မပြောသာပါ။ ပြည်ပနိုင်ငံများတွင်လည်း မိမိယဉ်ကျေးမှူဓလေ့နှင့် မြန်မာမှုနယ်ပယ်ကိုပြန်ပြောင်းသတိရစေသော၊ သင်္ကြန်ကဲ့သို့ ပွဲလမ်းသဘင်၊ သတင်းဂျာနယ်၊ ဗဟုသုတဖြစ်ဘွယ်၊ အထောက်အကူဖြစ်ဘွယ်ဟောပြောပွဲများ ပြုလုပ်ကြသည်ကိုဝမ်းမြောက်ဘွယ်တွေ့ရပါသည်။ ယင်းကိစ္စကိုဖြစ်မြောက်အောင်ဖန်တီးကြကုန်သော လူကြီးမင်းတို့ကို ချီးကျူးမိပါသည်။ သည်ကြားထဲက စင်မြင့်ပေါ်တက်ချင်၊ ဖဲကြိုးဖြတ်ချင်၊ လူရာဝင်ချင်ကြကုန် သူတို့၏ မဖုံးနိုင်မဖိနိုင်ထင်ပေါ်ကျော်ကြားလိုသော ဝါသနာကတော့ ဘယ်သူမှမကယ်နိုင်။ ရှိစေတော့…။ လင်ယောက်ျားချင်း၊ သားသမီးချင်း၊ ရာထူး ငွေကြေးချင်း ဂုဏ်ပြိုင်ရာတွင် မြန်မာတို့ပြိုင်စံရှားသည်ကား အောချရလောက်သည်။ အတိတ်မှရွှေထီးဆောင်းလာသော အဖြစ်ကို ခုထိစမြုံ့ပြန်ကောင်းကြတုံးပင်။ ပညာတော်ကြတာချင်းပြိုင်လျင်ကားဟုတ်သေး၏။ ယင်းတို့ကိုနမူနာယူမိသော သားသမီးများကလည်း၊ မဖြစ်သင့်ရာကိစ္စတွေဖြစ်သွားတတ်သည်။ အထူးသဖြင့်အိမ်ထောင်မှုကိစ္စတွင်ဖြစ်ပါသည်။ အရွယ်ရောက်ပြီဟုဆိုလျင် မိမိတို့ဩဇာညောင်းနိုင်သော ကိုယ့်နိုင်ငံမှသူတွေနှင့်လက်ဆက်ပေးဘို့ အတင်းအကြပ်လုပ်လာကြသည်။ မိဘတို့သိရန်မှာကား၊ ကွာခြားလွန်းမကကွာခြာနေပြီဖြစ်သော မိမိကလေးများ၏တွေးခေါ်မျှော်မြင်မှုနှင့်ဓလေ့စရိုက်များကို မိဘတို့ မျက်ခြေပြတ်မှန်းမသိပြတ်နေ ကြသည်ဆိုခြင်းကိုပင်။ ဇွတ်လုပ်တော့မဖြစ်သင့်မကြားသင့်တာတွေဖြစ်ကုန်သည်။ အားလုံးတော့မဆိုလိုပါ၊ သတိရှီကြဘို့ နှင့် တကယ်ရောက်နေသော မိမိကပလေးများ၏ဘဝကို နားလည်လက်ခံတတ်ကြဘို့လို မည်ထင်ပါသည်။

မြန်မာဆန်လွန်းသော ဒုက္ခ

အံ့ဩစရာလေ့လာတွေ့ရှိချက်တခုကား၊ မြန်မာမိဘတို့သည် အချို့နေရာများတွင် အလွန်အမင်းမြန်မာ ဆန်မှုများရှိကြပြီး၊  မိမိတို့အလိုရှိသောနေရာတွင် အနောက်တိုင်းအတင်းဆန်လိုက်ကြသည်။ ဥပမာ- အိမ်ထောင်ရေးကိစ္စစသည်တို့တွင် မြန်မာထုံးတမ်းကိုလိုက်နာချင်ကြသော်လည်း၊ သားသမီးများ၏ ကိုယ်ပိုင်ကျောင်းစရိတ်စသည်တို့အတွက် ကိုယ်ကတ်နိုင်သလောက် ထောက်ပံ့ကူညီရမည့်အစား၊ ပညာတပိုင်းတစနှင့်ထွက်ပြီးအလုပ်အချိန်ပြည့်လုပ်ခိုင်းသော မိဘများအတော်များများကိုတွေ့ရသည်။ ယင်းကား “တပိုင်းတစ” မြန်မာဆန်မှုဟုဆိုရမည်လားမသိပါ။ သားသမီးဆိုသည်ကား ရွှံ့ရုပ်ကလေးများသဖွယ် ဖြစ်ပါသည်။ မူလတန်းအလယ်တန်းလောက်အထိကို ကိုယ်လိုသောပုံစံ၊ ရိုက်သွင်းပေးနိုင်သည်။ ကိုယ်က သူတို့တတွေကို အကဲခတ်နေသလို သူတို့ကလည်းမိမိကိုမျက်စေ့ဒေါက်ထောက်ကြည့်နေသည်ကို မမေ့သင့်ပါ။ ကိုယ်ဘာလုပ်နေသည်လည်း ဆိုသည်ကိုအမြဲသတိမူမိရန်လိုပါသည်။ ပြောဖန်များလျင်နားယဉ်ပါးပြီး၊ မိမိလိုသောလမ်းကြောင်းပေါ်လျှောက်လာနိုင်ကြပါသည်။ ဗေဒင်ကိန်းခန်းယတြာဟုဆိုကာ အတင်းအကြပ် လိုက်နာလုပ်ကိုင်စေခြင်း ကိုအထူးသတိထားပါ။ အကျိုးမရှိသည့်အပြင်အပြစ်တောင်ဖြစ်သွားနိုင်သည်။ လက်တွေ့ကိုသာယုံကြည်ပြီး၊ အကြောင်းပြချက်ရှိသော ခိုင်းစေချက်ကိုသာ သူတို့ကလိုက်နာမည်။ ဒါအသေမှတ်ထား၊ ယုံချင်ယုံမယုံချင်နေ ဆိုသည်မျိုးမဖြစ်မိရန်အထူးသတိရှိသင့်သည်။

သားသမီးထက် ကိုယ်ကခြေတလှမ်းရှေ့ကိုကြိုမြင်နိုင်အောင်ကြိုးစားပါ

နောက်အရေးကြီးသောအချက်ကား သားသမီး၏ပညာရေးကိစ္စကို ကိုယ်ကခြေတလှမ်းကြိုသိအောင် မြင်ထားနားလည်ထားအောင်ကျောင်းသားမိဘတိုင်းလေ့လာကြဘို့လိုပါသည်။ အခြေခံပညာရေးဆိုတာမည်သို့. Grading syetem ဆိုတာမည်သို့၊ မည်သည့် honors သင်တန်းကိုတက်နေသည်၊ သင်ခန်းစာဆရာ ကိုမည်သို့ဆက်သွယ်ရသည်၊ တက္ကသိုလ်ပညာရေးဆိုတာ မည်သို့ရှီသည်ဆိုသည်တို့ကိုရေရေလည်လည် သိနားလည်ထားဘို့လိုပါသည်။ မိမိကိုယ်ကိုမေးကြည့်ပါ – မိမိကလေးဘာဘာသာရပ်တွေသင်နေသလဲ။ သူ့အဆင့်အတန်းနှင့်သင်ယူနေသော ဘာသာများ အံဝင် ရဲ့လား။ အခြားသက်တူရွယ်တူတွေယူနေသော ဘာသာရပ်နဲ့ ကိုယ့်ကလေးများရဲ့ဘာသာရပ်များ ကိုက်ညီသလား။ ယခုခေတ်တွင်အလယ်တန်းနှင့် အထက်တန်းဆိုလျင်ကျောင်း websites များရှိသလို ကိုယ်ကရော ပုံမှန်စစ်ဆေးခြင်းလုပ်ပါသလား။ ကျောင်းဆရာများနှင့်ရော တနှစ်လျင်အနဲဆုံး(၂) ကြိမ် counseling သွားပါသလား။ ယင်းအစည်းအဝေးများတွင်ကိုယ်ကဘယ်လောက်အထိ မေးခွန်းများကို မေးနိုင်သလဲ။ မိမိကလေးများတက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး  (FAFSA) ကို နှစ်စဉ် လဆန်းတလနှစ်လ လောက်အတွင်းမှာမိမိကိုယ်တိုင်ဦးဆောင်ပြီးလျှောက်ပေးသလားသညသမျ ့။ တက္ကသိုလ်သင်ခန်းစာတွဲအဆင့် general education requirement, upper division and lower division classes တွေ ကိုဘယ်လောက်လိုက်နိုင် သလဲ။ အုပ်စုလိုက်တာဝန်ပေးစေခိုင်းချက်များကိုရောတကယ်သွားသလား။ sorority စသောဘာသာရပ် ဆိုင်ရာအသင်းအဖွဲ့များတွင် ကိုယ့်ကလေးကဘယ်လိုပုံစံမျိုးနှင့် ပါဝင်နေသလဲ။ အသုံးစရိတ်တွေကို ဘယ်လိုလိုက်စစ်ဆေးနေသလဲ – စသော လဲ နှင့် လားပေါင်းများစွာတို့ကားအချို့တဝက်သာ ဖြစ်သည်ကိုနားလည်ပါ။ သည်မေးခွန်းများကိုမဖြေနိုင်လျင် “ငါတို့ကမင်းတို့အတွက်အနစ်နာခံနေတာကွ။ မိဘကအားလုံးကိုတာဝန်ယူနေတာကွ။” ဟုခတ်တည်တည်နှင့်ဖြီးလို့မရတော့ဟုမှတ်ယူကြပါ။

မိန်းကလေးယောကျာ်းလေးမရွေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် မြေတောင်မြှောက်ပါ

မြန်မာပြည်ကခွာပြီဆိုကတည်းက မိဘတိုင်းသိသင့်သည့်အချက်ကား ကျားမလူတန်းစားခွဲခြားမှုမရှိတော့ ဟူသောတက်ယ့အဖြစ်မှန်ကိုပင်။ ခံစားခွင့်ချင်းရှိရာမှာတန်းတူသလို၊ အရေးယူအပြစ်ပေးခံရလျင်လည်း ချမ်းသာမပေးပါ။ တခါတရံ လမ်းတွင ်ရဲက မိန်းမငယ်များကိုလက်နောက်ပြန်ထားစေလျက် ထိုင်ခိုင်းထား သည့်မြင်ကွင်းများကိုသတိမူကြပါ။ မိန်းကလေးမို့ဟုလျှော့မတွက်ကြပါ။ အလုပ်အကိုင်တွင်ဘဲဖြစ်ဖြစ်၊ ကိုယ်နေထိုင်သော အိမ်မှာဘဲဖြစ်ဖြစ်၊ ကျောင်းမှာဘဲဖြစ်ဖြစ်၊ ဖုံးပေါ်မှာဘဲဖြစ်ဖြစ်၊ ကိုယ့်ကိစ္စကိုယ် တာဝန်ယူကြရသည်။ ငါမိဘဘဲဆိုပြီးဝင်စွက်ဖက်ခွင့်မရှိတော့ပါ။ ကိုယ့်ဝန်ကိုထမ်းကိုယ့်လမ်း ကိုယ်သွားကြရသည်၊ မောင်နှင့်နှမ၊ သားနှင့်အမိ၊ လင်နှင့်မယားတယောက်နှင်တယောက် မကူနိုင်ကြပါ။ ကိုယ်ထူကိုယ်ထဆိုသည်မှာ၊  သည်လိုနိုင်ငံရောက် မှ နဖူးတွေ့ဒူးတွေ့တွေ့နေရပေပြီ။ မိန်းကလေးမို့၊ ငယ်သေးလို့ဆိုသော ဆင်ခြေဆင်လက်များ၊ ရှိတတ်ကြကုန်သော ကျွန်တော်တို့အားလုံးက ဒီလက်တွေ့ကြုံနေရသော ခြေနေမှန်တွေကို  နားလည်လက်ခံကြဘို့လိုပါပြီ။ ရောင်နောက်ဆံထုံးပါကြပေမဲ့၊ တကယ်အကြောင်းရှိလျင် မိန်းကလေးများကလည်း ကိုယ့်ကိစ္စ ကိုယ်ရှင်းနိုင်မှဖြစ်သည်။ မိဘများကလည်းဘာမဆိုသားသမီးကိုမှီခို ပြီးသားသမီးကကြီးပွားသည်ကို၊ ကိုယ်ကဝင် လက်ဝေခံလိုချင်၍မရသော နိုင်ငံမျိုးဆိုသည်ကိုနားလည်ကြဘို့လိုသည်။ ဘာမဆိုအားကိုးချင်သော စိတ်တွေကိုခုနှိမ်တတ်သော အကျင့်များကြံဖန်မွေးမြူကြဘို့လိုသည်။ သားသမီးအိမ်ပေါ်တက်နေပြီး၊ အပြုစုခံမည်ဟုစိတ်ကူးမယဉ်မိကြဘို့နှိုဆော်လိုက်ပါသည်။

မြန်မာ့ဆိုရိုးစကားလာ မွေးကျေးဇူး၊ ကျွေးကျေးဇူးဟူသည်ကား၊ ဘယ်အထိကျယ်ပြန့်ကြောင်း၊ ဘယ်အတိုင်းအတာအထိ တာဝန်ကြီးမားကြောင်း မြန်မာပြည်ပြင်ပတွင် အခြေချနေထိုင်သူ မိဘဖြစ်နေသူများ ပိုသိနိုင်ပါလိမ့်မည်။
ထိုအခါ မြန်မာဖိုးဖွား၊မိဘများက စိတ်ရှုပ်ချိန်တွင် သားသမီးများကိုရွဲ ့ပြောတတ်သော “ကျေးဇူးရှင်လေးတွေ” ဆိုသည့်စကားကိုအမှတ်တရ ကြားယောင်မိနိုင်ပါသည်။
အမေရိကရောက် မြန်မာမိဘတို့သည် “ကျေးဇူးရှင်လေးတွေ” ဖြစ်သော သားသမီးတို့အတွက် ပေးဆပ်လုပ်ပေး ကြရမည့်တာဝန်ဝတ္တရားများကို မြန်မာဓလေ့၊အမှုတို့နှင့်တိုင်းတာ လုပ်ကိုင်ပေးနေတိုင်း မိဘတို့တာဝန်ကျေပွန်သည် မဆိုနိုင်သေး ဟူ၍သာ မှတ်ယူကြပါကုန်…….။

မောင်မိုးညို

မှတ်ချက်။   ။ မန္တလေးဂေဇက် ဖေဖေါ်ဝါရီလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်ပါသည်။

11 comments

  • nigimi77

    February 23, 2011 at 3:19 am

    အင်း…. အမေရိက…။ ဒီ တသက်တော့ ရောက်နိုင်တော့မယ် မထင်…။ အဲဒါမျိုးတွေ ထပ်ရေးပါဦး။

  • maungmoenyo

    February 23, 2011 at 4:05 am

    ဒီစကားကြားဖူးပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က နိုင်ငံခြားပိုးထ ခဲ့တဲ့မောင်မိုးညိုတယောက် တတိယနိုင်ငံကနေ ဒုတိယနိုင်ငံတွေကိုခုန်ပြန်ကျော်လွှားပြီး၊ အမေရိကားဆိုတဲ့ အိပ်မက်နိုင်ငံကိုရောက်ခဲ့ပါတယ်။ “ခြေလှမ်းလေး တချက်ချခွင့်ရရင်တော်ပါပြီဗျာ” ဆိုတဲ့အခဲမကြေ (နိုင်ငံတကာကို ဥဒဟိုသွားကြသူတွေကိုကြည့်ပြီး) မနာလိုစိတ်တွေနဲ့ပေါ့။ တကယ်ရောက်လာတော့လဲ တကယ်ကျောကော့အောင်အလုပ်လုပ်ရသလို၊ “အော်….ဒါကမှနေ့တဓူဝ” ဆိုတာကိုတရေးရေးသိလာရပါတယ်။ ရောက်လာကြသူတွေ တဖွဲဖွဲရှိလာကြသူတွေ ရှိသလို။ ထိုထိုသော ရေးပြရခက်ခဲတဲ့ ဒုက္ခလေးတွေက ဖိစီးနှိပ်စက်လာတာကို မသိမသာဘဝကနေ သိသိသာသာဖြစ်လာကြရတယ် ဆိုပါတော့…။
    ဒီကြားထဲက ကိုယ်ဖြတ်သန်းလာရတဲ့ ဘဝပေါ်အခြေခံပြီး…”နောက်ကျမှသိရလေချင်း”..ဆိုတဲ့အဖြစ်မျိုးတွေနဲနိုင်သမျှနဲအောင် …ဘဝပေးအဖြစ်တွေကို ျမျှဝေပေးခြင်းတမျိုးလို့မှတ်ပါ ရယ်လို့……

  • kai

    February 23, 2011 at 8:47 am

    မြန်မာပြည်တွင်းက သူတွေအတွက်တော့ .. နည်းနည်း သဘောပေါက်ရခက်ချင်ခက်နေမှာပါပဲ..။
    ဒါပေမဲ့ .. အပေါ်ကဆောင်းပါးကို သေသေချာချာ ဖတ်ထားသင့်တယ် ထင်မိပါတယ်..။

    ကံအကြောင်းတိုက်ဆိုင်ရင် … ကိုယ်တိုင်သော်လည်းကောင်း… မိဘနေရာနဲ့ အဲဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရမှာမို ့ပါ..။
    အဲဒီဆောင်းပါးထဲ ကျုပ်အနေနဲ့ ပေးချင်တဲ့ ကုဒ်လေးကတော့ ..
    “ယင်း transition ကာလကားလေ့လာကြည့်ရသလောက် ငါးနှစ်မှဆယ်နှစ်လောက်အထိ ရှိမည်ဟုထင်ရသည်။ ဆယ်နှစ်လောက်ကျောိကြာမှ ကိုယ်ရောက်ရှိရာနိုင်ငံ၏အထာ၊ စကား နှင့် ယဉ်ကျေးမှု၊စည်းကမ်းအထာ တို့ကိုတဖြေးဖြေးသိလာရသည်၊ အဲ့ဒီတော့မှ အနယ်ထိုင်ချင်လာသည့်သဘော ရှိလာသည် ဟုဆိုကြပါစို့။”
    အဲဒါအမှန်ပါပဲ..။

    ရောမမြို ့ရောက်လို့…ရောမသားလို ကျင့်ကြပေမဲ့ ..တကယ်တန်းအသားကျဖို့က … ငါးနှစ်မှဆယ်နှစ်လောက်အထိ အချိန်ယူတယ်ဆိုတာလေး…ပေါ့..။

  • R Ga

    February 23, 2011 at 9:48 am

    တစ်ခါတလေကျတော့လည်း နိုင်ငံရပ်ခြားမှာ နေထိုင်ချင်တယ်။ ဒါပေမဲ့ ဒီလို လူမှုရေးမတူညီတဲ့ အသိုင်းအဝိုင်းထဲ ဝင်ရောက်ရမှာကိုလည်းကြောက်မိတယ်။ ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံမှာပဲ မချမ်းသာရင်တောင် အေးအေးချမ်းချမ်းလေနေချင်ပါတယ်။

  • unclegyi1974

    February 23, 2011 at 4:43 pm

    ရုပ်ချမ်းသာ နဲ့ စိတ်ချမ်းသာ
    သင်ရွေးချယ်မှုအတို်င်းသာဖြစ်ပါလိမ့်မည်

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 23, 2011 at 5:51 pm

    အောင်ပုအမြင်ကတော့
    သူတို ့စီကိုရောက်ဘူးမှဟုတ်ဝူး
    မရောက်ဘူးပေမယ့်လည်း ခေတ်ရေစီးကြောင်းရဲ ့သဘောတရားကိုနားလည်စေဘို ့လိုလိမ့်မယ်ထင်တယ်
    ဆိုလိုတာက
    ယနေ ့ဝတ်နေကြတဲ့ တိုတိုရှည်ရှည် မပေါ်တစ်ပေါ်တွေဟာလည်း
    ရောက်ဘူးတာမှ မဟုတ်တာ
    သူ ့ခေတ်ကာလအလိုက်ကူးဆက်လာကြတာဘဲဂလား
    ဒါကို မဖြစ်နဲ ့လို ့တားလို ့ရမလား
    တားလိုက်တဲ့အတွက် အောင့်အီးနေရမယ် အောင့်အီးနေရတဲ့အတွက်
    စိတ်ပိုင်းဆိုင်ရာထိခိုက်မယ် ( ဆိတ်ကျောင်းသားသဘော )
    ( မိမိကသားသမီး အားလုံးကိုဤကဲ့သို့အဖြစ်မျိုးရောက်အောင်မြေတောင် မြှောက်ပေးခြင်းမဟုတ်ကြောင်း နားလည်အောင် ပြောပြပါ။ )
    ဒါတော်တော်အရေးကြီးတဲ့အချက်ဘဲ
    ဆိုတော့ကာ
    အတွေ ့အကြုံကိုတော့ ရစေမှကိုဖြစ်မယ် မရခင်ထိမ်းကြောင်းမှုက တစ်နည်းသွားမယ်
    ကြုံတွေ ့နေတဲ့အချိန်မှာ လက်တွေ ့နားလည်စေမှာက အကြောင်းတစ်ခုသွားပြန်မှာပါ
    လိင်ကိစ္စတွေကအစ ပါဘဲ ယဉ်ကျေးမှုကြောင့်လို ့မပြောလိုပါဘူး
    ခပ်ရှင်းရှင်းဝေဖန်ရရင် မပြတ်မသား မပွင့်မလင်းရှိကြလို ့ပါ
    ဥပမာ
    ကိုယ့်ရဲ ့အရွယ်ရောက်တဲ့ နှမလေးတစ်ယောက်ကို
    ညီမလေး နင့်အကောင်နဲ ့နင်နဲ ့ကြုံးကြရင် နင့်အကောင်ကို အိပ်စွပ်ခိုင်းနော်လို ့
    အကိုက ညီမကို မပြောရဲဘူး
    ပြောရင်လဲ တော်တော်မိုက်ရိုင်းတာပေါ့ ယဉ်ကျေးမှု။
    ဒီလို မပြောတဲ့အတွက် ဖြစ်လာတဲ့ပြဿနာတွေ
    အများကြီးရှိတယ်
    အများကြီး အများကြီး အများကြီး
    အထူးနားလည်ကြသင့်တာက လုပ်ခွင့်လုပ်ကွက် တွေပေးလိုက်ပြီးတော့
    ဪ..ဒါပါလား..ဒါပါဘဲဘာမှမဟုတ်ပါဘူး
    ဒါကိုသိသွားတဲ့အခါ နားလည်သွားမယ်
    ဒီနေရာမှာတော်တော်ညှိနိုင်းယူရမှာနော်
    မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ စာအုပ်ကြီးလှမ်ပြလို ့ကတော့ရှုပ်ကုန်မယ်
    အဲ့ကြရင် အမျိုးရုပ်ဆိုပြီး အကစ်ခံရအုန်းမှာ
    ဝမ်းနည်းစရာကောင်းတာကတော့
    ကုတ်ကမြင်းတွေဖြစ်ကုန်တာပါဘဲ
    အိုက်ခါကြရင်လာဦးမယ် ဟန်တွေပန်တွေနဲ ့
    နင့်နှမကိုသွားပြောပါလား
    ဒို ့လိုမိန်းမကောင်းတွေဘာညာကွိကွ
    စိတ်ရှိလက်ရှိချယ်မှုန်းလိုက်ရရင်တော့ ပို ့စ်လှလှလေးတစ်ခုဖြစ်သွားတော့မှာဘဲ
    စာရေးရမှာပျင်းလို ့

  • အင်မတန်ကောင်းတဲ့ ပို့စ်ပါဗျာ။ အမေရိကမှာ သွားမနေချင်ပါဘူး။ ဒါပေမယ့် ဒါလေးဖတ်ရတာ သမီးတစ်ယောက်အဖေအတွက် အကျိုးကျေးဇူးများလှပါတယ်။
    ကျွန်တော် ရန်ကုန်သွားတာ ၃ရက်လို့မှန်းတာ ၃ပတ်ကြာသွားတယ်။ ခုမှ မန်းလေးအွန်လိုင်းကို အူရားဖားရားဖတ်နေရတာခင်ဗျ။ မဖတ်ရတာ ၃ပတ်တောင်ရှိပြီ။

  • maungmoenyo

    February 24, 2011 at 5:15 am

    အမှန်ပြောရရင်မြန်မာတွေခေသူမဟုတ်ဆိုတာ ပြည်ပကိုရောက်မှတဖြေးဖြေးသိလာရပါတယ်။ Department of Homeland Security လိုဌာနမျိုး၊strategic institutions မှာ research fellow တွေ။ Pacific Command လိုစစ်ဌာနချုပ်တွေမှာ အမျိုးသမီးဗိုလ်မှူးကြီးအဆင့်အထိရှိသူတွေရှိနေကြပါပြီ။ ဒီ blog ကိုလာကြတဲ့ မြန်မာပြည်နေခေတ်လူငယ်တွေနဲ့ ဘာမှမကွာပါဘူး။ နိုင်ငံခြားမှာနေကြတိုင်း အခြောက်တိုက်ကြီး အထင်ကြီးစရာမလိုပါဘူး။ စနစ်ကစီးခြားခြင်းခံလိုက်ရလို့မှတ်ကြပါ။ စနစ်ကောင်းရင် ကိုအောင်ဘုကြီးလဲ ဒီမှာ မြို့တော်ဝန်မဖြစ်ဘူးလို့မပြောနိုင်သလို။ ကိုအာဂ လဲ billionaire ကုမ္ပဏီ CEO ကြီးမဖြစ်ဘူးလို့မပြောနိုင်ပါဘူး။ နိုင်ငံခြားမလာဘဲ၊ မရောက်ဘူးကြဘဲနဲ့တောင်တွေးကြခေါ်ကြ၊ ရေးနိုင် ဆွေးနွေးနိုင်ကြတာကြည့်ပြီး၊ ကိုယ့်ကိုယ်တောင်ရှက်မိတာအမှန်ပါ။
    တခုဘဲရှိပါတယ်။ ကိုယ်ကိုယ်ကို အစွန်းမရောက်ပါစေနဲ့။ အထူးသဖြင့်ကိုယ်သားသမီးနဲ့ပါတ်သက်ရင်၊ ပိုသတိထားကြပါ။ “ဒါမြန်မာ့ယဉ်ကျေးမှုကွ”..လို့ခတ်တည်တည်နဲ့ဖြီးလို့မရတဲ့ခေတ်ထဲရောက်နေပြီဆိုတာကိုပါ……..။

  • MaMa

    February 25, 2011 at 12:32 am

    နည်းနည်းလေးပြင်ပေးပါရစေ။ စီးခြား အစား စည်းခြားလို့ရေးလိုက်ရင် ဖတ်ရတာ အဆင်ပြေသွားပါလိမ့်မယ်။

  • maungmoenyo

    February 25, 2011 at 2:41 am

    ကျေးဇူးကမ္ဘာပါဗျာ။ ဒါမျိုးလေးတွေလဲကြိုဆိုပါတယ်။

  • etone

    February 25, 2011 at 5:10 am

    ပို့စ်ကောင်းလေးပါပဲ … ဖတ်ပြီး စိတ်ထဲ တစ်ခုခု ကျန်ခဲ့သလားပဲ … ။
    ဒီနိုင်ငံမှာက မိဘတွေစိတ်ထဲမှာ င့ါခြံထဲက ကြက် င့ါဘာသာငါ ရိုက်သတ်သတ်ဆိုတဲ့ အတွေးမျိုး အတော်များများမှာ ရှိနေပါတယ်… ။ တစ်ခါတစ်လေ သဘောထား ကွဲလွဲမှူလေးတွေ ၊ သားသမီးနဲ့ မိဘကြားရှိခဲ့ လျှင်တောင်မှ ငါက မိဘ ငယ်ရာက ကြီးလာတာ ဘာညာနဲ့ ဖြေရှင်းခွင့်မပေး ၊ ရှင်းပြတာ နားမထောင်ပဲ သူတို့ပြောချင်တာ ၊ ဖြစ်ချင်တာကိုပဲ ဦးတည်လုပ်ဆောင်ပါတယ် … ။ မရမက ခံပြောရင် ဗျင်းခံရပြီသာမှတ် … ။ အီးတုံးအကျင့်က ယုံကြည်ရာကို မှန်တယ်ထင်ရင် လုပ်တတ်တာပါပဲ … ။ မှန်တယ်မှားတယ်ဆိုတာကလည်း ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားပြီး ကိုယ်တိုင် လက်ခံထားတဲ့ ရလဒ်တစ်ခုပါပဲ … ။ လူကြီးတွေ အနေနဲ့ မှားနေတယ်မြင်တဲ့ ကိစ္စကို ကိုယ့်ဘက်က အမြင်နဲ့ မှန်တယ်ထင်လည်း ဘုကလန့်လုပ်ပြီး ရှေ့ဆက်တိုးတတ်တာပါပဲ .. ။ အဲ့ဒါကြောင့်လည်း ငယ်ငယ်က ခဏခဏ အတီးခံရတယ်… ။ လူကလည်း ထုလေမာလေ ငါးဖယ်လိုပဲဖြစ်နေခဲ့တာကြောင့် အလွန်ခေါင်းမာတယ် ဆိုတဲ့ လူစားထဲ ပါလာခဲ့ပါတယ် ။ ကိုယ်ယုံကြည်ရာကို လုပ်လိုက်လို့ လူကြီးတွေပြောတဲ့ အတိုင်း မှားနေခဲ့တယ်ဆိုလည်း လက်မခံသေးပဲ နောက်တစ်ကြိမ်၊ နှစ်ကြိမ် ထပ်ကြိုးစားကြည့်ပါသေးတယ် ။ ကိုယ်ကိုယ်တိုင်က ကိုယ့်ရွေးခြယ်မှူမှားတယ်လို့ လက်ခံလိုက်တဲ့အချိန်က နှောင်းသွားခဲ့ရင်တောင် ပြန်လည်ပြင်ဆင်ပြီး အကောင်းဆုံးအနေထားရောက်အောင် ပြုပြင်ပါတယ် ။
    ပို့ဖတ်ပြီး အတွေ့ကြုံလေးတွေလည်း ရပါတယ်… ။ ကိုယ်ကိုယ်တိုင်က မိဘနေရာ ရောက်လာခဲ့လျှင် ဘယ်လို ကိုယ့်ကလေးတွေအပေါ် ဆက်ဆံရမလဲဆိုတာ စဉ်းစားလို့ရတာပေါ့ … ။

Leave a Reply