ယနေ့ခေတ် များပြားလာသော အင်တာနက်ဆိုင်များ၊ နက်ဝက်ဂိမ်းဆိုင်များ နှင့် ဝန်ဆောင်မှုများ

introFebruary 23, 20111min1038

ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် အင်တာနက်ဆိုင်၊ နက်ဝက်ဂိမ်းဆိုင် ဟူသော ဝေါဟာရသည် ယနေ့ခေတ် လူငယ်ထုများကြားတွင် သိတ်မစိမ်းတော့သော ဝေါဟာရ တစ်ရပ်ဖြစ်လာသည်မှာ လပေါင်း၊ နှစ်ပေါင်း တော်တော် ကြာပေပြီ။ အချို့က နေ့စဉ် အချိန်မှန်မှန်၊ အချို့က ရံဖန်ရံခါ၊ အချို့က စွဲစွဲလမ်းလမ်း သုံးနေကြသည်လဲ ရှိ၏။ အချို့က ဗဟုသုတ ရှာမှီးရန်အတွက်၊ အချို့က အလုပ်အကိုင်အတွက်၊ အချို့က အပျင်းပြေ (အီစီကလီ) အတွက် အကြောင်း အမျိုးမျိုး သုံးနေကြသည် များလဲ ရှိ၏။ မည်သို့ပင်ဆိုစေကာမူ အင်တာနက်ဆိုင်များ ပေါ်ပေါက်လာခြင်းသည် ရပ်ဝေးရောက်သားသမီးများအတွက် မိဘများ၏ အလွမ်းဖြေစရာ၊ ချစ်သူများ အတွက် ရင်ခုန်သံ ဖလှယ်ရာ၊ စီးပွားရေး သမားများအတွက် အချက်အလက် စုဆောင်းရာ၊ အွန်လိုင်းမှ ပညာရှာမှီးလိုသူများအတွက် Learning Center၊ ကလေးငယ်များအတွက် ဂိမ်းကစားစရာ နေရာ ဖြစ်လာပေသည်။

ထိုသို့ လူများအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်လာသည်နှင့်အမျှ အင်တာနက်ဆိုင်များသည် တစ်နေ့ထက်တစ်နေ့ သူ့ထက်ငါ အပြိုင်အဆိုင်ဖွင့်လာကြသည်မှာ မျက်မြင်ပင် ဖြစ်ပေသည်။ သို့ရာတွင် အချို့ဆိုင်များမှာ နေရာထိုင်ခင်းခ၊ လစဉ်ကြေး၊ ဝန်ထမ်းများအတွက် လခ၊ စက်များပြင်ဆင် ထိန်းသိမ်းစရိတ်များ အတွက် တွက်ချေ မကိုက်သောကြောင့် ပိတ်လိုုက်ရသော၊ ပြန်ရောင်းလိုက်ရသော ဆိုင်များမှာလဲ မနည်းလှပေ။ သို့ရာတွင် အင်တာနက် အသုံးပြုသူ အရေအတွက် မှာမူ နေ့စဉ်နှင့်အမျှ တိုးတက်လျှက် ရှိနေပေသည်။ ထိုသို့ တိုးတက်လာသော အင်တာနက် အသုံးပြုသူများအနေဖြင့် မိမိအင်တာနက် အသုံးပြုသော ဆိုင်များကို ရွေးချယ်အသုံးပြုခြင်းများ ရှိလာကြသည်။ ကော်နက်ရှင် ကောင်းသော၊ ဆက်ဆံရေးနှင့် ဝန်ဆောင်မှု ကောင်းသော၊ လုံခြုံရေးအတွက် စိတ်ချရသော ဆိုင်များကို ရွေးချယ်လာကြပေသည်။

အင်တာနက်အသုံးပြုသူများအကြိုက် အဖြစ်ဆုံးမှာ အင်တာနက် လိုင်းကောင်းကောင်း သုံးရခြင်း ဖြစ်သည်။ အထူးသဖြင့် ပီဖင်းဂိုး (နိုင်ငံခြားဖုန်း) အသုံးပြုသူများအတွက် အင်တာနက် ကော်နက်ရှင် ကောင်းခြင်းမှာ အဓိက လိုအပ်ချက် ဖြစ်သည်။ ထို့ပြင် စကင်ဖတ်ခြင်း၊ ပရင့်အောက် ထုတ်ခြင်းနှင့် ယူဇာများ၏ အခက်အခဲများအတွက် ကူညီဖြေရှင်းပေးနိုင်ရန် ကျွမ်းကျင် ဝန်ထမ်းများ ရှိသော ဆိုင်များကို ရွေးချယ်လာကြပေသည်။ အင်တာနက် အသုံးပြုခမှာ တစ်နာရီလျှင် ၃၀ဝကျပ်၊ ၄၀ဝကျပ် ဝန်းကျင်မျှသာဖြစ်သဖြင့် တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းလွန်စွာ ကွာခြားမှု မရှိသည့်အတွက် အထက်ပါ ဝန်ဆောင်မှုများကို အင်တာနက် အသုံးပြုသူများအနေဖြင့် ပိုမိုရွေးချယ်လာကြခြင်း ဖြစ်တန်ရာ၏။

အချို့သော ဆိုင်များသည် မသမာသော နည်းလမ်းများဖြင့် ယူဇာများ၏ အကောင့်များ ခိုးယူခြင်း၊ မိန်းကလေး များ၏ ဂျီမေးလ် အကောင့်များကို ထောက်လှမ်း၍ မိတ်ဆက်ခြင်းများ၊ နှောင့်ယှက်ခြင်းများလဲ ရှိတတ်ရာ ယူဇာများအနေဖြင့် မိမိအသုံးပြုမည့် ဆိုင်၏ အကြောင်းကို သေချာစွာ မသိလျှင် မိမိတို့၏ လုံခြုံရေးကို အထူးဂရုစိုက်ကြရန် လိုအပ်ပေသည်။ ထို့ကြောင့် ယူဇာများအနေဖြင့် အင်တာနက် သုံးမည်ဆိုပါက မိမိတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် ကာကွယ်ရန် နည်းလမ်းများကို သိဖို့ လိုအပ်လှပေသည်။ အနည်းဆုံး မိမိအသုံးပြုခဲ့သော မေးလ်၊ ဖေ့ဘွတ်ခ် အကောင့်များနှင့် အခြားအသုံးပြုခဲ့သော လင့်ခ် များကို စနစ်တကျ ရှင်းလင်းရန် လိုအပ်လှပေသည်။ မိမိသူငယ်ချင်းတစ်ယောက်မှာမူ သူမအသုံးပြုသော အီးမေး ပက်စ်ဝါ့ခ် အခိုးခံခဲ့ရ၍ သူမ၏ ကျောင်းတက်ရန် ကိစ္စ ပျက်လုနီးနီးအထိ ကြုံတွေ့ခဲ့ရဖူးလေသည်။

အင်တာနက် အသုံးပြုသူများအနေဖြင့် အခြား သတိထားသင့်သော အချက်တစ်ချက်မှာ မိမိ၏ ဖိနပ်များကို လုံခြုံမှုသတိရှိရန် လိုအပ်လှပေသည်။ အချို့သော အင်တာနက်ဆိုင်များသည် ဖိနပ်စီးခွင့် မပေးသောကြောင့် မိမိ၏ ဖိနပ်ကို လုံခြုံစွာသိမ်းဆည်းနိုင်ခြင်း ရှိမရှိ၊ စိတ်ချရမှု ရှိမရှိ စစ်ဆေးရန်မှာလဲ အရေးကြီးပေသည်။ စာရေးသူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တစ်ခုကို ဖော်ပြလိုပါသည်။ တစ်ရက်က ကိစ္စ တစ်ခုဖြင့် မြို့ထဲသို့ သွားရောက်ရင်း အရေးကြီး အီးမေး တစ်စောင်အတွက် နီးစပ်ရာ အင်တာနက်ဆိုင်သို့ သွားခဲ့ပါသည်။ ဆိုင်မှာ နှစ်ထပ်ဖြစ်ပါသည်။ ထို့ကြောင့် အမှုမဲ့အမှတ်မဲ့ဖြင့် ဖိနပ်ကို လှေကားရင်းတွင် ချွတ်မိခဲ့ပါသည်။ အင်တာနက်အသုံးပြုပြီး၍ ပြန်ထွက်လာချိန်တွင် စာရေးသူ စီးလာသော ဖိနပ်မှာ မရှိတော့။ ဖိနပ်မှာ သိတ်တန်ဖိုးကြီးလှသည် မဟုတ်သော်လည်း မြို့လည်ကောင်၌ဖြစ်၍ လွန်စွာ ကသိကအောက် ဖြစ်ရပါသည်။ ဆိုင်ရှင်မှာလဲ စိတ်မကောင်းကြောင်း၊ အားနာကြောင်း ပြောဖော်ရသည်မှ လွဲ၍ မည်သို့မျှ ရှင်းလင်းမပေးခဲ့ပါ။ ထို့ကြောင့် ခြေဗလာဖြင့်ပင် နီးစပ်ရာ ဆိုင်တစ်ဆိုင်က အဆင်ပြေမည့် ဖိနပ်တစ်ရံကို အဆင်ပြေသလို ဝယ်စီးခဲ့ရပါသည်။ ထိုနေရာတွင် ပိုက်ဆံ အလုံအလောက်မပါလာပါက မခက်ချေလော။

ထို့ကြောင့် အင်တာနက်အသုံးပြုသူများအနေဖြင့် အင်တာနက်လိုင်းကောင်းရန်တစ်ခုတည်းကို အလေးမထားဘဲ မိမိတို့၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ မိမိ၏ ပစ္စည်းများအတွက် စိတ်ချရသော ဆိုင်များကို ရွေးချယ် အသုံးပြုသင့်သကဲ့သို့၊ အင်တာနက်ဆိုင်များအနေဖြင့်လည်း မိမိတို့ဆိုင်ကို လာရောက်သုံးစွဲနေသော အသုံးပြုသူများ စိတ်ကျေနပ်မှုရှိစေရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပိုမို ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ် လှပေသည်။

8 comments

  • intro

    February 23, 2011 at 12:11 pm

    ဆောင်းပါး တစ်ခါမှ မရေးဖူးဘူး၊ အခု ပထမဆုံး စမ်းရေးကြည့်လိုက်တာပါ… လိုအပ်ချက်ရှိရင် ထောက်ပြ ကြပါဦး။

  • naywoonni

    February 23, 2011 at 1:54 pm

    ကောင်းပါတယ် အားပေးပါတယ်။။ ဖိနပ် အကြောင်းပဲပြောချင်တာလား ကျန်တာကော……..

    • intro

      February 23, 2011 at 2:36 pm

      ဖိနပ်တင်မဟုတ်ဖူးဗျို့၊ လမ်းထိပ်က အင်တာနက်ဆိုင်မှာ ဂိမ်းအဆော့ မက်နေတုန်း စက်ဘီးကို ဘယ်သူခိုးသွားမှန်း မသိလို့ ခံစားခဲ့ရဘူးတယ်… သော့ခတ်ထားတာတောင် ဘယ်ပုံ ဘယ်နည်း ခိုးမှန်း မသိဘူး၊ အဲသည့်တုန်းက CCTV လဲ သိတ်ခေတ်မစားသေးတော့ ခံလိုက်ရတယ်လေ… ဖိနပ်ကတော့ မေးမနေပါနဲ့တော့ ဘယ်နှရံ ပျောက်လဲ ဆိုတာ ကိုယ်တိုင်တောင် မမှတ်မိတော့ဘူး၊ အစုတ်လေး ထားခဲ့ပြီး လဲသွားတာနဲ့၊ လုံးဝကို ပျောက်သွားတာနဲ့…

  • ဆူး

    February 23, 2011 at 2:18 pm

    ၂၀၀၅ လောက် အိမ်မှာ ပျက်နေလို့ အရေးကြီးလို့ ဆိုင်မှာ သွားလုပ်တာတောင် ဆိုင်က သိသလောက် တော်တော် ရှားတာ Dagon Center အပေါ်ထပ်မှာ ၁နာရီကို ၁၅၀ဝ ပေးပြီး သုံးရတယ်။
    အခုများတော့ အပြိုင် အဆိုင် လျော့ချ ပေးကြတယ် လူငယ်တွေ နဲ့ လူတိုင်း နီးပါး သုံးနိုင်တဲ့ ဈေးဖြစ်သွားတာပေါ့။
    အရင်ခတ်က အင်တာနက် ဆိုင်ဖွင့်တာ အရမ်း တွက်ခြေ ကိုက်ပါတယ်။
    ၂၀၀၆ ဝန်းကျင်လောက်တုန်းက သိန်း ၂၀ဝ လောက် ရင်းပြီး စက်အလုံး ၂ဝ မီးစက် အကြီး စဖြင့် လုပ်တာ ၁နှစ်မကြာဘူး အရင်းကြေသလို နောက်နှစ်များ လုပ်တဲ့ ပိုက်ဆံက အသားတင် အမြတ်ပါဘဲ။ တဆိုင်ကနေ ၂ဆိုင် ၃ဆိုင် ဖြစ်ကြတယ် အခုတော့ အရင်းစိုက်ထုတ်ထားတာ အမြတ်ကျန်ဖို့ တော်တော် ရုန်းကန်ရမယ်။ သိပ်တော့ မလွယ်တော့ဘူး။

  • intro

    February 23, 2011 at 2:28 pm

    ဟုတ်တယ်ဗျ… ဆိုင်တွေက များလာတော့ အပြိုင်အဆိုင်ဖြစ်လာတာ… ဒါပေမယ့် ခုတစ်လော အိမ်ကနေ အင်တာနက်လိုင်း သွယ်တာ အရမ်းများလာတယ်လေ… Wifi တွေ ခေတ်စားလာပြန်ပြီပေါ့ဗျာ… အခုတလော TP Link က ထုတ်တဲ့ (CB တောင့်လို့ ခေါ်ကြတာပဲ) External Unit တွေနဲ့ ဖမ်းပြီး အိမ်ကနေ သုံးကြတာ… ဈေးကလဲ တော်တော် သက်သာတယ်လေ… 12dBi Antenna ပါတာကိုမှ ၅သောင်းဝန်းကျင်ရယ်… Cable ဖိုးက ၁ သောင်း မပြည့်တပြည့်ရယ် ဆိုတော့ အရမ်းအဆင်ပြေတယ်… လစဉ်ကြေးကလဲ ၂၀၀၀၀-၃၀၀၀ဝ ဝန်းကျင်လောက်ပဲ ရှိတယ်၊ အသိဆိုင်တစ်ဆိုင်ဆို အဲလို ပေးထားတာနဲ့တင် လစဉ်ကြေး၊ ဝန်ထမ်းလစာ ကျေရောပဲ၊ ဆိုင်က ဝင်ငွေက သူ့အတွက် အသားတင်ပေါ့…

  • ဆူး

    February 23, 2011 at 2:43 pm

    ခတ်နဲ့ အညီ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဆူး သိတဲ့ အချို့ တလေကတော့ သိပ်အဆင်မပြေလို့.. ပိတ်သွားကြတယ်။ ဒါကြောင့် ပိတ်တယ်လို့ ပြောတာပါ။ အားလုံးကတော့ သူ့ကံနဲ့ သူဘဲ အကျိုးပေး ရှိမရှိ ပေါ် မူတည်နေကြတာဘဲ။

  • Ah T

    March 5, 2011 at 5:46 pm

    အင်တာနက်ပဲသုံး…သူများဖိနပ်နဲ့ ပစ္စည်းမခိုးဘူးဆိုရင်ကန်တော့မယ် 😛

  • naywoonni

    March 6, 2011 at 2:47 pm

    တို့ကတော့ အခိုးပဲခံရတာ

Leave a Reply