“သီချင်းဖြစ်သွားတဲ့ရှေးကဗျာများ”

“သီချင်းဖြစ်သွားတဲ့ရှေးကဗျာများ”

ကဗျာကနေဖြစ်သွားတဲ့သီချင်းများထဲက မြန်မာပြည်တလွှား တောရောမြို့ပါမကျန်အောင် ရောက်သွားခဲ့တဲ့သီချင်းကတော့ ဆရာဇော်ဂျီရေးခဲ့တဲ့ “ဗေဒါလမ်း”ကဗျာကနေဖြစ်လာခဲ့တဲ့ “ပန်းပန်လျှှက်ပါ”ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းဘဲဖြစ်ပါတယ်။
“ ညိုပြာပြာ လတာပြင်ခြေရင်း………………………..“အစချီတဲ့ ဗေဒါပန်းကိုယ်စားပြုသီချင်းလေးပေါ့။
နာမယ်ကျော် ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးက သီဆိုပြီး စန္ဒယားချစ်ဆွေက သံစဉ်ရှာပေးတယ်လို့
မှတ်သားခဲ့ရဘူးပါတယ်။

နောက်တပုဒ်ကတော့ ဆရာမျိုးမြင့်ဆွေရေးတဲ့ ”ဂျိန်းဖော်ပွဲတော် “သီချင်းဘဲဖြစ်ပါတယ်။
“ရှေ့နားက ဆူဆူညံ ဘာသံလို့မေး………………………………….”လို့အစချီတဲ့သီချင်းလေး
ဖြစ်ပါတယ်။ တက္ကသိုလ်အေးမောင်သီဆိုပြီး စန္ဒားလုလင်မောင်ကိုကို သံစဉ်ရှာဖွေပြီး
သီချင်းတပုဒ်ဖြစ်လာခဲ့ပါတယ်။

ဒီတော့ ရှေးကဗျာများထဲက သီချင်းဖြစ်လာတာလေးတွေကိုပြန်စဉ်းစားမိတဲ့အခါ ဝင်းဦးသီဆိုတဲ့
“မျက်ဖျားဒါန်းနီရောင် လှတန်ဆောင်မူ……………ညခင်းဆည်းဆာတွင် ကျွန်ုပ်မြင်သည် ရယ်ရွှင်ဖုံးတုံ့ မဖုံးတုံ့” ဆိုတဲ့စာသားလေးပါတဲ့ ရှင်မဟာရဋ္ဌသာရရေးဖွဲ့ခဲ့တဲ့
“ဝဏ္ဏပဘာ”ကဗျာလေးကို ပြေးမြင်မိပါတယ်။
ဒီသီချင်းကတော့ ကဗျာတပုဒ်လုံးကို သီချင်းအဖြစ်ပြန်လည်သီဆိုတာမဟုတ်ပေမယ့် ကဗျာမှာပါတဲ့စာသား
အတော်များများကိုတော့ ယူသုံးထားတာကိုတွေ့ရပါတယ်။

နောက်ငယ်ကတည်းက ကြားဘူးခဲ့တဲ့စန္ဒယားထွန်းညွန့်သီဆိုထားခဲ့တဲ့ “စာဆိုစစ်သည်”
ဆိုတဲ့သီချင်လေးမှာတော့ အခုအချိန်အထိ ရင်ထဲမှထိ နားထဲမှာပြန်ကြားနေရရတဲ့စာသားလေး
ရှိပါတယ်။
“မြောင်လှစခန်းဗွေမှာ တောင်ကျစမ်းရေဖြာ နှင်းမိုးစွေထန်က အမှန်ချစ်ရေး……………………
ဘုရားရှင်ဂူထွဋ်ကိုလ ဦးညွှတ်လို့ပူဇော်ကာသာ…………………….”ဆိုတဲ့စာသားလေးပါ။
ဒီသီချင်းလေးက တော့ ထင်ရှားတဲ့ စစ်သည်စာဆိုကြီး ရှေးရတုများမှာပြိုင်စံရှားဆိုတဲ့
“နဝဒေး” ရဲ့စာသားအများစုပါဝင်တဲ့သီချင်းလေးဖြစ်ပါတယ်။
“နဝဒေး”ရေးဖွဲ့ခဲ့တဲ့ အလှဖွဲ့ရတု တပုဒ်ဖြစ်တဲ့” အလှထွတ်တင်” လို့အမည်ရတဲ့ ရတု
ထဲက စာသားတွေ အများအားဖြင့်ပါဝင်တာကိုတွေ့ရပါတယ်။
“ရွှေရင်သိမ်းသစ် မြနှစ်အရောင်စည်းကြက်တောင်နှင့် “ဆိုတဲ့စာသားလေးပါဘဲ။
ဒီစာတွေကို ဖတ်ရင်းသိလာတာကတော့ နဝဒေးက သူ့ထက်ငယ်ရွယ်သူနဲ့ချစ်ကြိုက်နေတယ်
ဆိုတာကိုပါဘဲ။

နောက်တပုဒ်ကတော့ “နဝဒေး”ရဲ့နောက်မှာပေါ်ထွန်းခဲ့တဲ့ ရတုဘုရင်ဘွဲ့ခံ “နတ်သျှင်နောင်”
အကြောင်းကို ့ ဆရာမြို့မငြိမ်းရေးဖွဲ့ပြီး ပြည်လှဖေသီဆိုထားတဲ့ “နတ်ရှင်နောင်”
သီချင်းလေးမှာ မူရင်းရေးဖွဲ့ထားခဲ့တဲ့ “ပေါ်နွေလလျှင်……..”တပိုဒ်လုံးကို သီချင်းထဲမှာ ရတုပိုဒ်အဖြစ်ထည့်သွင်းသီဆိုထားတာကိုတွေ့ရပါတယ်။
အသံဝါဝါနဲ့ ပြည်လှဖေရဲ့ ရတုရွတ်သံ ကို ကြားရတာ တီးလုံးမပါပေမယ့် အင်မတန်နားဝင်ချိုလှပါတယ်။
“ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်
ပျံ့ပျူးချုပ်ထိုင်းမုန်တိုင်း ဆင်လို၊
တိမ်ညိုမိူင်းထပ် ပြက်လျှပ်ပြကာ
စိမ်းဝါမိုးပန်း ထွေထွေစွန်းက
ရေသွန်းသာကြည်ပျော်ရမည်ကို
မြရည်သက်မှတ်ရောက်ခဲလတ်ဟု
ချစ်ထွဋ်တင်သည်
ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်
ကြာညွတ်ဖယောင်း နေရှိန်ပြောင်းသို့
ဆင့်လောင်းလွမ်းဝှန်
ရှိလိမ့်ဟန်ုကို
တိမ်စွန်လေလျှင်ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွမတတ်သောဝ်………………..”ဆိုတဲ့အပိုဒ်တပိုက်လုံးကိုထည့်ဆိုသွားပါတယ်။

ဒီကဗျာကနေသီချင်းဖြစ်တယ်ဆိုတဲ့အထဲမှာ အဆိုတော်မာမာအေးဆိုပြီး မြို့မငြိမ်းပြန်လည်ရေးဖွဲ့ခဲ့တဲ့
လက်ဝဲသုန္ဒရအမတ်အကြောင်းကိုပြောပြနေတဲ့ “မဲဇာရွှေလီ”သီချင်းကတော့ကျွန်တော်ရင်ကို ထိရှတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
“မဲဇာမြစ်ရေ ရစ်ခွေစီးထွေ ……………..အော်ညို့ညို့ဆိုင်းမိူင်းဝေ ဝေးခဲ့ပေါ့ဌာနီကိုယ့်တိုင်းပြည် ခြုံလွှာထွေးမလုံသေးပေ
မွန်းတည့် နေခြည် ဖြာမှနွေး……………………………………………………..”ဆိုတဲ့အသံလေးကြားရင်
မဲဇာဆိုတာမသိဘဲလွမ်းခဲ့ရဘူးပါတယ်။
ဒီသီချင်းလေးကတော့ လက်ဝဲသုန္ဒဦးမြတ်စံ(1125ခုနှစ်-1136ခုနှစ်) ကုန်းဘောင်ခေတ်မှာရေးဖွဲ့ခဲ့တဲ့
“မဲဇာတောင်ခြေ” ရတုပိုဒ်စုံထဲက စာသားတွေကိုသူ့နေရာနဲ့သူမျှတအောင်ထည့်သွင်းရေးစပ်ခဲ့တဲ့အတွက်
အင်မတန်မှလွမ်းစရာကောင်းတဲ့သီချင်းလေးဖြစ်လာခဲ့ရပါတယ်။
ရှေးကဗျာများကနေ သီချင်းကြီးဖြစ်သွားတဲ့ ကဗျာတွေကတော့ အများကြီးရှိခဲ့ပါတယ်။
ပြင်စည်မင်းသားတို့ မြဝတီမင်းကြီးဦးစတို့ နန်းမတော်မမြလေးတို့ လှိုင်ထိပ်ခေါင်တင်တို့ရေးခဲ့တဲ့ကဗျာတွေက
နေသီချင်းကြီးတွေဖြစ်သွားပါတယ်။
ဒီဘက်ခေတ်ကာလပေါ်သီချင်းအဖြစ်ပြောင်းလဲသွားတဲ့သီချင်းကတော့
ဝန်ကြီးပဒေသရာဇာရေးတဲ့ထန်းတက်သမားကဗျာတပုဒ်လုံးကို စာလုံးတစ်လုံးမှ မဖြုတ်ဘဲ
အဆိုတော်ကြီးကိုမင်းနောင်က သီဆိုသွားပါတယ်။
“ရာမရကန်”ရေးဖွဲ့တဲ့ ရွှေတိုက်စိုးဦးတို့ရဲ့ တော်ဝင်သဇင်ပန်းဘွဲ့ဖြစ်တဲ့
“ဘုန်းနှင့်ကံနှင့်ရွှေသဇင်” ကို ဝင်းဦးက မူရင်းစာသားအတိုင်းသီဆိုခဲ့သလို
ကုန်းဘောင်ခေတ်နှောင်း မှာ စုံနံသာမြိုင်ငိုချင်းကိုရေးဖွဲ့ခဲ့သူ ဦးကြော့ရဲ့ကဗျာတပုဒ်ဖြစ်တဲ့
“ပိတောက်ရွှေဝါ”ဆိုတဲ့သီချင်းကိုလည်း ကြည်ကြည်ဌေးက ပြန်လည်သီဆိုခဲ့ပါတယ်။
ကြည်ကြည်ဌေးရဲ့ ဂရုဏာသက်စရာကောင်းတဲ့အသံလေးနဲ့အင်မတန်မှလိုက်ဖက်တဲ့သီချင်းလေးဖြစ်တဲ့အပြင်
အလွန်ဘဲလွမ်းစရာကောင်းတဲ့သီချင်းလေးလဲဖြစ်ပါတယ်။
မူရင်းစာသားအတိုင်းဖော်ပြပေးလိုက်ပါတယ်။

“ပိတောက်ရွှေဝါ”
လတန်ခူးပေမို့ အလှထူးပါဘိ
မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ။
တကယ်တမ်းသာဖြင့် ဘယ်ပန်းသော်စံမတူဘူ့
နန္ဒမူ ဖန်ကူထိပ်မှာလ ပစ္စေကာချွေးတော်သိပ်ရတယ်
ဧရိပ်ဆာယာ။
တနှစ်တွင်သည်တလပေပ
တလတွင်တရက်ထဲ
ခက်ခဲတဲ့ရက် ဗုဒ္ဓါ
ပွင့်ရှာကြစုံမြိုင်တွင်း။
မြူမင်းလွင်ထန် ကြူသင်းတာချိန်ယံမတော့
ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန်ရောက်ပြန်တော့
သိန်သရေထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတစ်လျှောက်သင်းပါဘိ
ဆန်းသလောက်မလင်းနိုင်ဘူး ပန်းပိတောက်မင်း။

“ဘုန်းနှင့်ကံနှင့်ရွှေသဇင်”

စိမ့်ကြီးမြိုင်ကြီးရိပ်ကြီးတောတောင်
နေရောင်မခံပန်းပျံပင်ဆင့်
မြေနှင့်ရန်ဖက် ခက်လက်စိမ်းမြ
မိုးမခဘူး။
နွေလသန်ပေါက် ယဉ်ချိန်ရောက်ခါမှ
နှင်းသောက်ကယ်ရွှင်ရွှင်
ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့် ငွေပင်ဆင့်
ပတ္တမြားပင်ဆင့် ဂမုန်းအင်အဖက်
ဆောင်းစက်ရိပ်ခို ရေတွက်လို့ဆိုတော့မည်။
လက်တံတိုတမည် လက်တံရှည်နှင့်
နေရောင်ခြည် လရောင်ဝါ
မိုးလုံးပြာ မိုးလုံးမိူင်း
ပုလဲဆိုင်း ပုလဲနှစ်
ချစ်စရာ့လိပ်ပြာတောင်
နီလာရောင် တောင်လုံးမြိုင်
သုံးပွင့်ဆိုင်ခိုင်လုံးဆန်း
ပင်လုံးလန်း နွဲ့တန်းယိမ်း
ညှာတံစိ်မ်းများတို့
လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ်
တချို့က နီပြာပြာ တချို့ကဖြူဝါဝါ
တချို့မှာချိပ်ပွင့် တချို့မှာပန်းရင့်လို့
ပင်ဆင့်ပန်းပျံ ဘွဲ့မည်ရည်ခံချင်းတွင်
ဝေယန်နန်းမြင့် ပင်တိုင်းတင့်မို့
မြို့ဝန်မင်းစာ လိပ်မပါဘဲနှင့်
ကွယ်ရာဈေးပြင် ရောင်းလို့များမြင်မလား
သေချင်သေ ရှင်ချင်ရှင်
အင်မတန ့်အင်မတန်
ရာဇဝတ်တော်ခံရမည်
မြတ်ပန်တော်ပန်းခိုင်လုံးလန်းကို
ဟိုလောင်းပန်းပွင့် ဘယ်ဂုဏ်ကြောင့်ဝင့်မလဲ
ဘုန်းနှင့်ကံနှင့်ရွှေသဇင်။
(ရာမရကန်မှကောက်နုတ်ချက်-ရွှေတိုက်စိုးဦးတိုး)

ရှေးကဗျာများကို ကူးယူဖော်ထုတ်ခြင်း
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

23 comments

  • သိပ်ကောင်းပါတယ်.. ခုလိုရှာဖွေတင်ပြနိုင်တာ
    ကျွန်တော်ကတော့ အိုးနင်းခွက်နင်း ရွှေသဇင်(မှားလို့ ဆယ်တန်းတုန်းကလို) ဘုန်းနှင့်ကံနှင့် ရွှေသဇင် ဆိုတာပဲ သီချင်းလုပ်ဆိုတာ သိခဲ့ဖူးပါတယ်.. ခုတော့ ဗဟုသုတတိုးပါတယ်

  • ကိုပေါက်ကတော့ တကယ့်ကို ဗဟုသုတ ဟင်းလေးအိုးကြီးပါပဲဗျာ။ ကျွန်တော်လည်း အပေါ်ကလူလိုပဲ အိုးနင်းခွက်နင်းပဲဗျ။ သေချာမလေ့လာတတ်ဘူး။ လေ့လာရှာဖွေ၊မှတ်တမ်းတင်မှုမှာ ကျွန်တော် စည်းမရှိဘူး။

  • kopauk mandalay

    February 24, 2011 at 1:53 am

    ကျယ်ပြန့်သောလောက ကြီးမှာ ကျွန်တော်မသိသေးတာ အများကြီးရှိပါသေးတယ်။
    လောလောဆယ်တော့ ကျွန်တော်သိတာလေးတွေကို
    ညီအကိုမောင်နှမတွေ စကားပြောသလို ပြန်ပြောပေးတဲ့သဘောပါဘဲ။
    အမှတ်မှားလို့ အမှားပါသွားရင်လဲ ဝိုင်းပြီး ပြင်ပေးကြစေလိုပါတယ်။

  • padonmar

    February 26, 2011 at 1:40 pm

    ကိုပေါက်ရေ။တင်တင်မြရဲ့ တစ်ကျော့နှစ်ကျော့တေးကိုသီ (ဆရာကြီး မင်းသုဝဏ် ရဲ့ ခရေပန်းကောက်လို့ထင်ပါတယ်)
    ဇိုးချိူ ရဲ့ တစ်ပင်တည်းရင်ထဲကနွယ်( ဆရာမောင်စိန်ဝင်း ပုတီးကုန်း) လဲပါမယ်ထင်ပါတယ်၊
    သိသလောက်မှတ်မိသလောက် ဖြည့်စွက်ချင်လို့ပါ၊

  • cherrykoko

    March 7, 2011 at 5:17 pm

    ထပ်ဖြည့်မယ်နော်..

    လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး..မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့…သူ့ဆံပင်နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး…..

    ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ပာာမို့ အလိုက်ကယ်တော်တန်သင့်ရုံပ..ခံပွင့်ကိုကုံး..နန်းရဝေ ..မန်းမြေမှာစံပါယ်လှိုင်တော့ ခံပန်းခို်င်…ယာယီရွေ့တယ် ..တော့လေ့ရွာသုံး……

    မှတ်မိသလောက်ချရေးလိုက်တာပါ..စာဆိုတွေကိုမသိတော့ပါ..စာသားမှားနေရင်ပြင်ပေးပါနော်…

  • kopauk mandalay

    March 8, 2011 at 2:14 am

    စာသားတွေမှန်ပါတယ်ခင်ဗျာ။
    ရှေးကဗျာစာသားတွေကိုရေဒီယိုသီချင်းတွေမှာ ယူသုံးခဲ့ကြပါတယ်။
    cherrykoko ရေးပြတာလေးတွေကတော့ ကဗျာတပုဒ်ရဲအစ ခြေဆင်းဆိုတာလေးတွေကို ယူသုံးထားတာဖြစ်ပါတယ်။
    လယ်တောက အပြန် ဆိုတာလေးကတော့ မြန်မာ့ဂီတလောကမှာ မြန်မာသံအဆိုကောင်းတဲ့
    အဆိုတော်သုမောင် ပထမဆုံးဆိုုလိုက်တဲ့ “ပန်းဦးပန်မယ့်သူ”ဆိုတဲ့သီချင်းအစပိုဒ်လေးပါ။
    မူရင်းရေးသူကိုတော့ ကျွန်တော်လဲ သတိမထားမိလို်က်ပါဘူး။
    ထပ်တွေ့ရင်ပြောပေးကြပါအုံးနော်။
    ဝိုင်းပြောတော့ ပိုစုံသွားတာပေါ့နော်။

  • arkarwmh

    May 20, 2011 at 9:48 pm

    “တိမ်စွန်လေလျှင်ဖူးရောက်ချင်သည် ငှက်သွင်ပျံကြွမတတ်သောဝ်” .. ဆိုတာရဲ့ တကယ့်မူရင်း အစ/ဆုံးက နတ်သျှင်နောင် ရဲ့ ရတုလား ခင်ဗျာ။ ဘာမှန်း သေချာမသိလို့ပါ။ ဖတ်လဲဖတ်ချင်လို့ပါ။

    တကယ့်မူရင်း အစ/ဆုံး ကိုဘယ်မှာများ ဖတ်လို့ရပါ့မလဲ။ တင်ပေးလို့ရော ရနိုင်မလားဗျာ။

  • Maung Dae`

    May 21, 2011 at 5:54 am

    ခုခေတ် ရပ်ပါ (Rapper) တွေလည်းမဆိုးပါဘူး.. ကလေးကဗျာလေးတွေကို သီချင်းဖြစ်အောင်လုပ်နိုင်တယ်လေ.. မိုးမင်းပြန်လည်ဆန်းသစ်ထားတဲ့…ကြက်ဖတိန်ညင်တောကိုဝင် ဆိုတာမျိုးပေါ့..
    နောက်ပြီးသူတွေသီချင်းရေးတာ တော်တော်မြန်တယ်နော်.. ၁၅ မိနစ်မှာ တစ်ပုဒ်ပြီးတယ်တဲ့.. ဟိုတုန်းက နတ်သျှင်နောင်တို့တွေ သာကြားရင် ဖျားလောက်တယ်.. သူတို့တွေခမျာ ရတု ရကန်တစ်ပုဒ် ကိုလချီအောင်ရေးရတာဆိုတော့..
    အဟီး..

  • kopauk mandalay

    May 21, 2011 at 7:11 am

    “တိမ်စွန်လေလျှင်ဖူးရောက်ချင်သည် ငှက်သွင်ပျံကြွမတတ်သောဝ်” .. ဆိုတာရဲ့ တကယ့်မူရင်း အစ/ဆုံးက နတ်သျှင်နောင် ရဲ့ ရတုလား
    အစအဆုံး ပြန်ရှာပြီးတင်ပေးပါမယ်နော်

  • mnoe

    May 21, 2011 at 5:27 pm

    အဲဒီ ကိုပေါက်ကြီးကတော့ မိုးအေးအေးနဲ့ လွမ်းရအောင်လုပ်နေပြန်ပြီ။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေပါပဲ။ ကျေးဇူးပါ။

  • arkarwmh

    May 21, 2011 at 10:32 pm

    Yes, ကိုပေါက်..
    Thanks so much for your mercy.. 😉
    I’ll be waiting it.. …

  • windtalker

    October 28, 2011 at 1:38 pm

    နွေဦးကာလ မြူထသောအခါ….
    သံဘူးဘီယာ ၊ ဆော့ဆေ့ လည်းပါ
    အေးသဗျာ ၊ လည်ချောင်းတွင် သွင်သွင်စီးးးး
    မြည်းတော့ မောင် မညည်းးးး

  • pan pan

    October 28, 2011 at 4:11 pm

    စိန်ခြူးကြာညောင်ကတော့ လှိုင်ထိပ်ခေါင်တင်ရေးခဲ့တာလား လေးပေါက်
    မမှတ်မိတော့ဘူး
    သူက သူ့ဘုရင်ကို မျှော်ပြီးရေးတဲ့ကဗျာဆိုပဲ
    သူလည်း ခုခေတ်သီချင်းရှိတာပဲနော်

  • စိန်ခြုးကြာညောင်က လှိုင်ထိပ်ခေါင်တင်ရဲ့အမျှော်စိုက်ဘောလယ်ပါ။
    တင်ပေးထားပြီးသားဖြစ်ပါတယ်။
    ရှေးကဗျာများထဲမှာပြန်ရှာဖတ်ကြည့်ပါနော်။

  • padonmar

    March 9, 2014 at 10:25 pm

    ကိုပေါက်ရေ
    စာရေးစာဖတ်ဝါသနာရှင်ကို ယူသွားတယ်နော်.

  • alinsett (gazette)

    March 10, 2014 at 7:42 am

    အခုမှ ဖတ်မိတာ
    အဟိ
    လေ့လာသွားဘာဒယ်လို့

    🙂

  • အ လက် ဆင်း ရေ
    ဦး ပု ည ပေါင်း ချုပ် တစ် အုပ် လက် ထဲ ရောက် နေ သည် မ ကြာ မီ လာ မည် မျှော် ပါ

    • Mr. MarGa

      March 10, 2014 at 10:24 am

      ထိုစာအုပ်ကို ကျားချောင်း ချောင်းနေပါသည် :mrgreen:

  • kyeemite

    March 10, 2014 at 1:22 pm

    ရှာဖွေစုဆောင်းအတော်ကောင်းပါတဲ့…..အိုဘဲ့ ကိုပေါက်ရေ…

Leave a Reply