ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (5) by May Aye Oo

padonmarFebruary 24, 20111min630

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (5)
by May Aye Oo on Monday, September 27, 2010 at 10:25am

၂၀၀၉ ဇူလိုင်လ ၁ဝ ရက်နေ့မှာ.. သမီးလေး .. သဲစုခင် ..`မြိုင်သီလရှင် ပရဟိတ ပညာရေး ကျောင်း၊ ရွှေပြည် သာ´ ကိုရောက်လာတာလေ။ မိဘ ၂ပါးလုံး ကွယ်လွန်သွားပြီး ဦးလေးဖြစ်သူနဲ့ ကျန်ခဲ့တာ.. ဦးလေးလုပ်တဲ့သူ ကလဲ တူမငယ်ကို ချစ်ပေမဲ့.. ဆင်းရဲမွဲတေမှုကြောင့် ရော.. စိတ်သိပ်မနှံ့တာရောကြောင့် သူ့စိတ် ကောင်းနေတဲ့ အချိန်မှာ ခပ်မြန်မြန် ဆရာလေးများရဲ့ကျောင်းကို လာပို့သွားတယ်..

`ကျနော် နဲ့ ဆက်နေရင် သေသွားမှာစိုးလို့ပါ.. ´ တဲ့

တစ်ခါတစ်လေ.. သူက စိတ်ဖောက်လာရင်.. ကိုးကျင်း ကိုးကျောင်း လျှောက်သွားနေရော.. အိမ်ပြန်လာဖို့ မေ့ချင် မေ့နေတာကလား.. ဒါကြောင့်နဲ့ တူပါရဲ့.. သဲစုခင်လေးဟာ.. အသက် တစ်နှစ်ခွဲ သာဆိုတယ်.. ရောက်လာတဲ့ အချိန်မှာ ထိုင်တောင်.. မထိုင်နိုင်ဘူး.. malnutrition ပေါ့ .. အာဟာရ ချို့တဲ့နေတာလေ.. အစာမှန်မှန်မစားရလို့ပေါ့လေ..

သူတို့လေးတွေကလည်း.. ကျမနဲ့ ရေစက်ပါကြတယ် ထင်ပါရဲ့.. သူကလေးရောက်ပြီးနောက် တစ်ရက်မှာဘဲ.. ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (Nutritionist) တို့ မိသားစုရဲ့ဆွမ်းကပ် နဲ့ အလှူ ကို.. အဲဒီကျောင်းမှာ လုပ်လို့ သွားတော့ .. ကျမနဲ့ သဲစုခင် စ, တွေ့ကြတာပေါ့ရှင်..

မြိုင်ကျောင်းရဲ့ ကျောင်းထိုင် သီလရှင် ဆရာကြီး ဒေါ်သုနန္ဒာ က

`ဒေါ်မေအေးဦး ရေ.. ဒီကလေးက မနေ့ကမှ ရောက်လာတာ.. တစ်နှစ်ခွဲလို့သာပြောတာ.. ထိုင်တောင်မထိုင် နိုင် ဘူး ပျော့ခွေနေတာဘဲ.. ဦးလေးလုပ်တဲ့ သူက လာပို့တာ.. ဦးလေးကလဲ စိတ်က သိပ် မမှန်ဘူး.. သူ အသိတရား လေး ဝင်နေတုန်း မြန်မြန်လာပို့ သွားတာ။ သူ့ရွာက လူတွေက နောက်ကနေ လိုက်လာကြတယ်.. ဒီလူ စိတ်မမှန် လို့ ကလေးကို.. တစ်ခုခု လုပ်လိုက်မှာ စိုးလို့တဲ့လေ၊ ကလေးမိဘတွေကလည်း ဘာဖြစ်လို့ နှစ်ယောက် စလုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားမှန်းမသိတော့၊ ချက်ချင်းဘဲ ဆေးသွားစစ်ထားတယ်.. သွေးလဲ စစ်ထားတာပေါ့ လေ .. ရောဂါတွေရှိနေမှာစိုးလို့..´

`ဒါနဲ့ ကျမနဲ့ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် နဲ့ ကလေးကိုကြည့်ကြတော့ ဒေါက်တာ က

`မမေရီရေ.. ကလေးက အာဟာရ အရမ်း ချို့တဲ့နေတာ.. malnutrition ပေါ့.. အသက်တောင်ရှင်ပါ့မလား မသိဘူး.. ရှင်ခဲ့ရင်တောင်မှ.. သိပ်ငယ်တဲ့အရွယ်မှာ.. အာဟာရ အရမ်း ချို့တဲ့ခဲ့တော့.. ဦးနှောက်ကို သွား ထိခိုက်ပြီး.. ဉာဏ်ရည် နိမ့်တာ.. ဉာဏ်ရည် မမှီတာ.. ဖြစ်သွားနိုင်တယ်.. ´ တဲ့..

ကျမလဲ.. ` ဆရာလေးရေ.. ကျမလဲ.. အလှူရှင်တွေကို အသိပေးပြီး.. ဒီကလေးအတွက်.. တတ်နိုင်သလောက် ကူညီပါအုံးမယ်..´ ဆိုပြီး ပြန်ခဲ့ပေမဲ့ သူကလေးအတွက် အလှူရှင်များထံ e-mail ပို့ပြီး အလှူခံခဲ့ပါတယ်..

၁၆ – ဇူလှိုင်-2009 မှာတော့ မနက်ပိုင်းမှာ ကျမဆီ ဖုန်းဝင်လာပါတယ်.. ဆရာလေးတွေဆီကပေါ့..

` ဒေါ်မေအေးဦး လား.. မြိုင်ကပါ.. ဆရာလေး ပါ.. အခု သဲစုခင်က ဆေးရုံတင်ထားရတယ်.. အဲဒါ သွေးသွင်းရမယ်.. သွေးလို လို့..´

`ဘာသွေးလဲ.. ဆရာလေး..´

`အေ.. သွေး ပါ..၊ သဲစုခင်က.. အာဟာရ ချို့တဲ့လွန်းလို့ သူ့ခန္ဓာကိုယ်ထဲမှာ သွေးတောင်မှ.. နည်းနေတယ် တဲ့ ဆရာမရေ..´`ပြီးတော့ တီဘီလဲ ဖြစ်နေလို့.. တီဘီဆေးလဲ တိုက်ရမယ်.. တဲ့.. အခုလောလောဆယ်. . အားရှိ အောင်အရင် လုပ်ပေးပြီးမှ.. ဆေးရုံဆင်းရင် တီဘီဆေး.. တိုက်ရမယ်.. တဲ့..´

`အေ သွေးဆိုရင်တော့ စိတ်မပူပါနဲ့ ၊ တပည့်တော်မ တို့ သားအမိက အေ သွေးဘဲ လေ.. လှူပေးမှာပေါ့။ တပည့်တော်မ ကတော့ လှူ လို့ မရသေးဘူး လှူထားတာ ၄ လ မပြည့်သေးဘူး၊ ဆရာလင်း (ကျမ ရဲ့ သားကြီး) ကတော့ လှူလို့ ရမှာ..´

`ဆရာလေးတို့လဲ ခဏနေရင် ဂျူတီသွားလဲ ရမှာ.. အလှည့်နဲ့ နေ့၊ ည စောင့်ရတယ်.. ´

`ဒါဆိုရင်လဲ.. ဆရာလေးတို့ ခဏစောင့် ၊ တပည့်တော်.. အခုဘဲထွက်လာပြီ..´

သွားနေကျ.. စိုင်းစိုင်းရဲ့ တက္ကစီလေး ကိုခေါ်ပြီး.. ရွှေပြည်သာကို ထွက်ခဲ့ရတယ်.. ကံကောင်းတာက.. ကျမက အဲဒီနေ့က ရုံးက ခွင့်ယူထားတဲ့နေ့မို့.. အားလုံး အဆင်ပြေအောင်.. လုပ်နိုင်ခဲ့တယ်။ သွားရင်းနဲ့ လမ်းမှာ.. သားကြီး ကို.. ဖုန်းဆက်ရသေးတယ်..

`သားကြီးရေ.. သားသွေးလှူထားတာ.. ၄လပြည့်ပြီလား.. အခုထပ်လှူလို့ ရပြီလား..´

`ရပြီမေမေ.. ဘယ်တော့လှူရမှာလဲ..´

`ဒီနေ့..´

`ဟမ်… ဒီနေ့…´

`ဘာဖြစ်လို့လဲ.. ´

`သားက ရုံးမှာလေ..´

`ဘာဖြစ်လဲ.. မေမေ လာခေါ်မှာပေါ့.. သားရုံးကနေ.. ခဏထွက်လို့ ရမလား၊ သဲစုခင် က အခု အင်းစိန်ဆေးရုံ မှာ ..သွေးသွင်းဖို့လိုတာ.. အေ သွေးတဲ့.. မေမေ ကတော့ လှူလို့ မရသေးဘူး..´

`ဒါဆိုရင်.. သားရုံးမှာ အပြင်ထွက်ခွင့်တောင်းလိုက်အုံးမယ်.. ပြီးရင်.. မေမေ့ကို ပြန်ဆက် မယ်လေ..´

`ဟုတ်ပြီ .. သား.. သေချာရှင်းပြလိုက်အုံး.. ဒါဘဲနော်..´

ခဏနေတော့.. သားကြီးက ပြန်ဆက်တယ်.. ရတယ်.. တဲ့..

ဒါနဲ့ ကျမလဲ.. ရွှေပြည်သာ ဆရာလေး ကျောင်းကို အရင် ဝင်.. ဒေါ်ဝင်း (ဆရာလေးကျောင်းမှာ အမြဲ ဝေယျာ ဝစ္စလုပ်တဲ့အဖွဲ့ ခေါင်းဆောင်) ကို ခေါ်ပြီး.. တစ်ခါ ရန်ကင်းကိုသွား သားကြီးကို သူ့ရုံးမှာ ဝင်ခေါ်.. ပြီးတော့ အင်းစိန်ဆေးရုံကို ဆက်သွားရတယ်။

ကျမတို့ ဆေးရုံရောက်တော့.. သဲစုခင်က သွေးသွင်းပြီးနေပါပြီ.. အရေးကြီးလို့၊ ဆေးရုံက သွေးကို အရင်သွင်း ပေးလိုက်တယ်.. အစားပြန်ပေးရမယ်တဲ့..။ ဆရာလေး ၂ပါး ဆေးရုံမှာ သဲစုခင်ကို စောင့်နေကြတယ်..။

ဆေးရုံ က ဆရာဝန်ကို.. သွေးအစားပြန်ပေးမယ့် အကြောင်းပြောတော့.. သွေးထုတ်မဲ့နေရာကို သွားခိုင်း ပါတယ်..။ စေတနာရှင်က စေတနာပိုပြီး အားတက်သရော.. လှူချင်ပေမယ့်လည်း.. သွေးလှူရဖို့ကို စာရင်း ယူမယ့် သူနဲ့.. သွေးဖောက်ပေးမဲ့ သူနာပြုဆရာမကို.. ၂ နာရီကြာအောင် စောင့်ရပါတယ်.. ။ ရုံးကနေ ခဏ.. လို့ ခွင့်တောင်းပြီး ထွက်လာတာကြောင့် မြန်မြန် ပြီးချင်ပါတယ်။ တကယ်တော့ သွေးတစ်ခါ လှူတာဟာ.. ဘယ်လောက်မှ မကြာဘူးဆိုတာ.. လှူနေကျမို့ သိပါတယ်.. ဒါပေမယ့်.. ဒါပေမယ့် ပေါ့နော်.. ကိုယ်က လှူချင်တာကိုး.. သည်းခံပြီးစောင့်ပေါ့လေ..။

(အမှန်အတိုင်း ပြောရရင်.. ကျမက ပင်ကိုယ်.. စိတ်မြန်တဲ့ သူမို့.. မလိုအပ်ဘဲ.. ကျမရဲ့ အချိန်တွေကို.. ဒီလို အဖြုန်းခံ ရရင် အားကြီးစိတ်ဆိုးပါတယ်..အင်း.. ဒါပေမယ့် ပေါ့.. .. လေ..)

နေ့လယ်၂ နာရီထိုးမှဘဲ.. ရွှေမမ က အခန်းထဲမှာထိုင်နေရာက.. ကြွလာတော်မူရဲ့.. .. ဒီတော့မှဘဲ.. သွေး ဖောက်ရတာပေါ့..

အဲဒီနေ့က.. သွေးလှူပြီး.. ဆရာလေးတွေကို.. အင်းစိန်သွားစရာရှိတယ်ဆိုလို့ လိုက်ပို့ပေးပြီးမှ.. အိမ်ပြန်ခဲ့ တယ်။

၂ရက်.. ၃ရက်နေတော့.. သဲစုခင်.. ဆေးရုံကဆင်းပါပြီ..ကျမတို့လဲ သဲစုခင်အတွက် ငွေ ၊ အဝတ်အစား.. နဲ့

နို့မှုန့်.. တွေသွားလှူပေးခဲ့ပါတယ်။

အဲဒီ ..`မြိုင်သီလရှင် ပရဟိတ ပညာရေး ကျောင်း၊ ရွှေပြည် သာ´ ကျောင်းမှာ.. မိဘမဲ့၊ အမိမဲ့၊ အဖမဲ့ နဲ့ မိဘ ရှိပါသော်လည်း စွန့်ပစ်ခံ ကလေးငယ်လေးတွေ ကို လက်ခံပြီး စောင့်လျှောက်ထားပါတယ်.. ဆရာလေးများရဲ့ မေတ္တ၊ ဂရုဏာ နဲ့ စေတနာတွေ.. အပင်ပန်းခံနိုင ်ပုံေ တွဟာ.. စာဖွဲ့ရလောက်အောင်.. ကြီးကြယ်မြင့်မြတ်လှ ပါတယ်..။ မပြည့်စုံတဲ့ကြားက.. အမျိုးမျိုးဒုက္ခခံ ပြီး.. ဘာသာ၊ သာသနာအကျိုး၊ နဲ့ ကလေးများအတွက် လုပ် ဆောင်နေတဲ့ သီလရှင် ဆရာကြီး ဒေါ်သုနန္ဒာ နဲ့ ဆရာလေးများအကြောင်း ၊. ကလေးငယ်များ အကြောင်း တွေ ကိုလည်း.. ရေးပါအုံးမယ်..။

လှူဖို့၊ သင်တန်းဖွင့်ပေးဖို့၊ လိုတာရှိရင်.. တတ်နိုင်သလောက် ကူဖို့၊ အမြဲ ရောက်တတ်တာကြောင့်.. ကလေး တွေ ရဲ့ ရောက်လာပုံ အကြောင်းစုံကိုလည်း.. ရင်နင့်စဖွယ်.. မျှဝေခံစားရပါတယ်..

အခုတော့ သမီးလေး သဲစုခင်ဟာ.. တခြားကလေးတွေနဲ့ စာရင် နဲနဲ ညှက်ပြီး.. ခန္ဓာ ကိုယ် သေးပေမယ့်.. သန်မာပြီး.. ဉာဏ်ရည်မှာလည်း.. ကျမတို့ ပူပန်ခဲ့သလို.. မဆိုးတာတွေ့ ပါတယ်.. ကျမတို့ ကလေးတွေကို သင်တန်းလေး သွားဖွင့်ပေးတော့.. တခြားကလေးတွေနဲ့ အတူ.. သီချင်းတွေလိုက်ဆိုပြီး.. အမူအယာတွေလိုက်လုပ်နေတာ.. ပျော်နေတာ လေးတွေ့ရလို့.. မျှဝေပေလိုက်ပါတယ်.. ကျမနဲ့ အတူ.. မုဒိတာလေး.. ပွားကြပါစို့နော်…

ကလေးတွေ လုံခြုံနွေးထွေးတဲ့ အရိပ်ကလေးတွေ ကိုယ်စီ ရနိုင်ကြပါစေ…

အခက်အခဲရှိတဲ့ ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. ..

ကူညီကြတဲ့ volunteer သားတွေ၊ သမီးတွေ နဲ့ အလှူရှင် တွေကိုလည်း..ကျေးဇူးအထူးပါ.. ..

ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..

တောင်းခံသူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

1st arrival on 10-7-2009

ဆေးရုံပေါ်ကကလေးငယ်16.7.2009