ဒီကနေ့ အလုပ်ထဲက မိတ်ဆွေတစ်ယောက်နဲ့အတူ သူ့အိမ်အတွက် အိမ်အကူ (အိမ်ဖော်)တစ်ယောက် အရေးတကြီးလိုအပ်နေတာနဲ့ အိမ်ဖော်အရှာထွက်ကြပါတယ်။ ကျွန်မက ဘေးက အဖော်လိုက်ပေးရုံသက်သက်ပါပဲ။ ကရင်ခြံလို့ခေါ်တဲ့နေရာမှာ အိမ်အလုပ်လုပ်တဲ့ ကရင်အမျိုးသမီးလေးတွေကို ခေါ်လို့ရတယ်လို့ သတင်းကြားလို့ အဲဒီကို အရင်သွားစုံစမ်းကြတယ်။ ဟိုရောက်တော့ တာဝန်ခံအမျိုးသမီးက လောလောဆယ် ပေးစရာ ကောင်မလေးမရှိသေးဘူးတဲ့။ လိုချင်သူကများပြီး လုပ်မဲ့သူက နဲနေတယ်လို့ပြောပါတယ်။ ဈေးနှုန်းကို စုံစမ်းကြည့်တော့ အိမ်ရှင်အရေအတွက်ကိုကြည့်ပြီး ဈေးတောင်းပါတယ်တဲ့။ အနဲဆုံးကတော့ တစ်လလေးသောင်း၊ ကလေးထိန်းသီးသန့်ငှားရင် ကလေးတစ်မျိုးထဲပဲ ထိန်းပြီး တစ်လကို ၇ သောင်းကနေ တစ်သိန်း နှစ်သောင်းအထိ ပေးရမယ်တဲ့။ အထွေထွေအလုပ်အတွက် ငှားရင်တော့ ကလေးမထိန်းပေးဘူးတဲ့။ အဲဒါတောင်မှ လူမရှိလို့ နောက်မှဆက်သွယ်ပါလို့ပြောလိုက်ပါတယ်။

အဲဒါနဲ့ ကျွန်မတို့လဲ အင်းစိန်ဘက်က ပွဲစားတစ်ယောက်ဆီကို သွားစုံစမ်းကြပါတယ်။ အဲဒီရောက်တော့ ပွဲစားက လောလောဆယ် လူမရှိသေးဘူးတဲ့။ ရွာကနေကောင်မလေးတွေ ရောက်လာရင် အကြောင်းကြားမယ်လို့ပြောပါတယ်။ အနဲဆုံး တစ်လလေးသောင်းကျပ်ဖြစ်ပြီး ပွဲစားခက တစ်လစာပေးရမယ်တဲ့။ ဘာအာမခံချက်မှမရှိပါဘူး။

ကျွန်မတို့လဲ စိတ်ပျက်ပျက်နဲ့ ပြန်လာခဲ့ပါတယ်။ ကျွန်မမိတ်ဆွေက အိမ်အလုပ်ကို လုံးဝမလုပ်နိုင်လောက်အောင်မအားမလပ်ဖြစ်ပြီး လူမမာအမေတစ်ယောက်လဲရှိနေတော့ အိမ်ဖော်အသဲအသန်လိုချင်နေတာဖြစ်ပါတယ်။ အ၀တ်လျှော်ဖို့ တစ်ခါခေါ်တာတောင် အ၀တ်များရင် ၃၀၀၀ ကျပ်ပေးရတယ်လို့ပြောပါတယ်။ တစ်အိမ်လုံးသန့်ရှင်းရေးလုပ်ချင်လို့ တစ်ခါခေါ်ရင် ၂၀၀၀ ကျပ်ပေးရပါတယ်။

ကျွန်မ ဆက်တွေးနေမိတာက ဆင်းရဲတဲ့ ပြသနာပါ … ထမင်းစား စရိတ်ငြိမ်း တစ်လ ငါးသောင်းဆိုတာ နဲတဲ့ ပမာဏတစ်ခုမဟုတ်ပါဘူး။ ဘာလို့ လုပ်ချင်တဲ့သူ နဲနေရတာလဲ … ကလေးထိန်းအလုပ်ဆိုတာလဲ ကောင်းတဲ့အလုပ်တစ်ခုပါပဲ … စားပြီးသောက်ပြီး သိန်းချီရတာကို ဘာလို့ မလုပ်ချင်ဖြစ်နေကြတာလဲ …

ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြမိတော့ .. ရွာတွေမှာ တစ်လ ငါးသောင်းလောက်က အသာလေးရှာနိုင်ပါတယ်တဲ့ .. အဲဒါကြောင့် ရန်ကုန်လာပြီး အိမ်ဖော်လုပ်မဲ့သူ ရှားနေတာ ဖြစ်လိမ့်မယ်တဲ့ …

နောက်တစ်ယောက်ကတော့ ဗမာလူမျိုးတွေက အိမ်ဖော်ဆိုတဲ့အလုပ်ကို သိမ်ငယ်တဲ့အလုပ်လို့ထင်ပြီး မလုပ်ချင်ကြတာ ဖြစ်လိမ့်မယ်လို့ ပြောတယ် ..

ကျွန်မကတော့ အဲဒီကိစ္စကို တစ်နေကုန် အတွေးမျှင်တန်းနေမိပါတော့တယ် ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....