ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (6)
by May Aye Oo on Wednesday, September 29, 2010 at 9:54am

သူကလေးရဲ့နာမည်ကတော့ အပျံစားနော်.. ဘုန်းမြတ်ပိုင်.. တဲ့..

ဒါပေမဲ့ တစ်နေ့တစ်ခြား ဖွံ့ဖြိုးလာပြီး ချစ်စရာကောင်းနေလို့.. အညာသူ ဆရာလေးများက.. ခပ်ရှင်းရှင်းဘဲ ခေါ်လိုက်ကြတယ်.. `ဖိုးတုတ်´.. တဲ့..

သူကလေးက ၄၅ ရက်သားနဲ့ မြိုင် သီလရှင်ကျောင်းကို ရောက်လာတာ.. ကံဆိုးထဲက ကံကောင်း လို့ဘဲပြောရ မလား…

သူ့မိဘများက.. ရခိုင်ပြည်နယ်.. ရွာလေးတစ်ရွာ ကပေါ့.. ရန်ကုန်ဆင်းလာပြီး.. ကျဘမ်း.. လုပ်စားနေကြတာ..။ သူ့ ကိုယ်ဝန်ကြီးနဲ့ဘဲ သူ့ အဖေက ဆုံးသွားတာ.. အမေခမြာလည်း.. ကိုယ်ဝန်ကြီး တကားကားနဲ့ ဟုတ်တိ ပတ်တိ ဘာမှ လုပ်မစားနိုင်ရှာဘူး.. ဟော.. မွေးတော့ ယောင်္ကျားလေး အမြွာပူးမွေးတာရှင်.. သူက အကြီးပေါ့..

မွေးပြီးတော့လဲ မီးတွင်းထဲမှာ.. နို့ကလဲ မထွက်၊ ကလေးက ၂ ယောက်နဲ့ ယောင်္ကျားကလဲမရှိ.. ။ ကလေးတွေ ကို ထမင်းရည်နဲ့ သကြားနဲ့ဖျော်ပြီး တိုက်ရတယ်တဲ့.. ဆင်းရဲခြင်းနဲ့ လောကဓံကို အံခဲပြီး ကလေးနှစ်ယောက်.. ၄၅ ရက်သား ရတော့ မိဘများရှိရာ ရွာကိုပြန်မယ်ဆိုပြီး.. သားနှစ်ယောက်မှာ.. အကြီး ကို ဆရာလေးကျောင်း ကိုပို့ပေးဖို့ အိမ်နီးချင်းတွေကို မှာခဲ့ပြီး.. သားငယ်လေးကို ပိုက်ပြီး.. ပြန်သွားလေရဲ့.. အော်.. ရင်ခွင်ပိုက်ကလေး နှစ် ယောက် နဲ့ ခရီးလမ်းကို သွားဖို့ ခက်ခဲရှာ လို့နဲ့ တူပါရဲ့.. ..။

ဒီသားကလေးကို တွေ့တော့.. စဉ်းစားမိတာ.. အမေ့ဝမ်းမှာဘဲသူက ရှိသေး.. အဖေက မရှိတော့ဘူး… မွေးပြီး ၄၅ ရက်သားမှာ.. အမေနဲ့ ရော.. တစ်ဝမ်းထဲ အတူနေလာတဲ့ အမွှာညီနဲ့ပါ.. ရှင်ကွဲ ကွဲ ရတာ…

ကံတွေ… ကြောက်စရာနော်…

သူ့ကို စတွေ့တာ.. ဖေဖော်ဝါရီ ၁၃ ရက် .. ၂၀၁၀ မှာပေါ့.. ..။

ဆရာလေးက လောလောဆယ်တော့ နို့မှုန့်တစ်ဘူးဝယ်တိုက်နေသတဲ့.. နို့ကလွဲပြီး တခြားအစာလည်း မစားတတ်သေးတဲ့ အရွယ်မို့ .. . နို့မှုန့်ဘိုးအတွက် ဆရာလေးက.. ရင်လေးနေရှာတာ..

`ဆရာလေးရယ်.. စိတ်မပူပါနဲ့.. ကျမ အလှူခံပေး ပါ့မယ်.. ´

လို့ ပြောခဲ့ပြီး.. သားကလေး အတွက် အလှူခံပေးခဲ့တာ..

အို.. လောကမှာ.. စိတ်ကောင်း နှလုံးကောင်း ရှိတဲ့လူတွေ အများကြီးပါ.. လို့ ပြောရမှာပါ..

သားကလေး အတွက် .. နို့မှုန့်၊ နို့ဗူး၊ အနှီး ပိတ်၊ ဆပ်ပြာ၊ ပေါင်ဒါ၊ shampoo ၊ lotion ၊ ကလေးအင်္ကျီ၊ အနွေး ထည်၊ နို့မှုန့် ၀ယ်တိုက်ဖို့ အလှူ ငွေ..၊ ကလေးအားဆေး၊ စောင်၊ … .. အို စုံလို့ ပါဘဲ.. ၀ိုင်းလှူလိုက်ကြတာနဲ့ .. တစ်ပါတ်အကြာ .. ၂၁ ရက်နေ့ မှာ.. ဆရာလေးကျောင်းကိုသွားပြီး.. အလှူရှင်တွေကိုယ်စား.. သားလေး ဘုန်းမြတ်ပိုင်အတွက်.. သွားလှူပေးခဲ့ ပါတယ်.. ။ လစဉ် သားကလေးအတွက်.. နို့မှုန့်၊ အပါအ၀င် တခြား ကလေးအသုံးအဆောင်တွေ ကို သွားပို့ပေးပါတယ်.. ။ နို့မှုန့် ကို ဈေးသက်သာရအောင်လို့ စူပါ မတ်ကက် တွေမှာ မ၀ယ်ဘဲ.. ကုမ္မဏီ ကနေ သွားဝယ်ပါတယ်.. ၊ ရထားတဲ့အလှူငွေတွေ ရေရှည်သုံးလို့ရအောင်ပေါ့…။

သားကလေးဟာ.. တစ်လထက် တစ်လ.. ဖွံ့လာပြီးချစ်စရာကြီးပါ..၊ သူ့မှာ နို့မှုန့်ကိုဘဲ အားပြုစို့ ရတာ.. အမေနို့ မရရှာဘူး..၊ ကုန်သလောက်တိုက်ပါ..၊ မချွေတာပါနဲ့ လို့ ဆရာလေးများကို မှာထားရပါတယ်..။ ဆရာလေးများမှာလဲ.. သာသနာ့ဘောင်ဝင်ပြီး. အိမ်ယာမထောင်ပေမဲ့ ဒုက္ခသည်ကလေးများကို မိခင်သဖွယ်.. မညည်းမညူ အအိပ်ပျက်၊ အစားပျက်ခံ ပြီး မေတ္တာ အပြည့်နဲ့ ပြုစု ယုယ ကြရှာတယ်..။

အခုတော့ သားကလေးက ၈ လ ရှိပြီမို့ ထိုင်တတ်နေပြီလေ..၊ သွားကလေးလဲ ထွက်နေပြီ.. တစ်တစ် ကျစ်ကျစ် ကလေးမို့ ချစ်စနိုးနဲ့ `ဖိုးတုတ်´ လို့ ခေါ်ကြတာ….

အသက် ၆ လ ကျော် လာတော့ ဖြည့်စွက် အစာ စ, ကျွေး ပြီလေ.. ။ ဒါပေမဲ့ နို့မှုန့်ကိုတော့ လျော့မပေးပါဘူး..၊ တခြား ကလေးငယ် ၂ ယောက်လဲ အတူ သောက်ကြတာပေါ့..။

ကြုံကြိုက်လို့ ရောက်တိုင်း၊ နို့မှုန့် သွားပို့တိုင်း၊ သားကလေးပုံကို ဓါတ်ပုံရိုက်လာပြီး.. အလှူရှင်တွေကို မုဒိတာ ပွားရအောင်လို့ ပို့ပေးပါတယ်..။

ရွှေပြည်သာ ဆရာလေးများကျောင်း ကို မကြာခဏ ရောက်တတ်တာရယ် ကြောင့် ကြုံကြိုက်တိုင်း ဓါတ်ပုံရိုက် ထားတာ.. ၊ ဆရာလေးတစ်ပါးက ဆန်ပြုတ်ခွံ့နေတဲ့ ပုံကလေးဟာ.. (မရည်ရွယ်၊ မရိုက်တတ်ပါဘဲနဲ့) အလင်းအမှောင် အယူအဆ တော်တော်ကောင်းပြီး.. ဆရာလေးနဲ့ ကလေးငယ်ကြားက.. မေတ္တာ အလှကို မြင်နေရ သလိုပါဘဲ.. ဒါကြောင့် photo contest များရှိခဲ့ရင် ၀င်ပြိုင်မယ်လို့တောင် စိတ်ကူးမိတယ်..။ ဒီစာနဲ့အတူ တွဲပေးလိုက်တယ်နော်.. ကြည့်ရအောင်လို့… … ။

သားလေးအကြောင်းပြောတော့ ဗုဒ္ဓ၀င်ထဲက.. ဃောသက သတို့သားအကြောင်းကို သတိရမိတယ်.. ။ ဃောသက ဟာ.. အတိတ် တစ်ဘ၀ မှာ.. သူ့ရဲ့ သားအရင်းကို စွန့်ပစ်ခဲ့တဲ့ အကုသိုလ်ကံကြောင့် .. စတုတ္ထ ဘ၀ မှာ လူ့ဘ၀ရောက်တော့ စွန့်ပစ်ခြင်းကို.. (၇) ခါ ခံရတယ်.. ဒါပေမယ့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို (ဒုတိယ) ခွေး ဘ၀ မှာ လမ်းပြ၊ စောင့်ရှောက် ခဲ့ဘူးတဲ့ ကုလိုလ်ကြောင့်၊ စွန့်ပစ်ခြင်း ခံရတိုင်းမှာ အသက်အန္တရာယ် မတွေ့ ရဘဲ.. ကယ်မယ့်သူ အမြဲ ရှိခဲ့ တယ်.. ။ ကံတွေက ဆန်းကြယ်တယ်.. ကောင်းကံ ၊ မကောင်းကံ ရောနေ တတ် တယ်.. ၊ ပုထုဇဉ်တွေမို့ စိတ်ဟာ အမြဲ မစင်ကြယ်နေနိုင်ပါဘူး.. ဒါပေမဲ့လို့ အကုသိုလ် ကြီးကြီး မားမား မပြုမိ အောင်တော့ သတိ ထားရမှာပေါ့..။ ကောင်းမှု ကုသိုလ်တွေကိုလည်း တတ်နိုင် သလောက် များများ လုပ်ဖို့ လိုတယ် လေ.. ဒါမှ.. မကောင်းကံက အကျိုးပေးလို့ ဒုက္ခရောက်ရတာတောင်မှ.. ကောင်းကံလေးရှိသေးရင်.. ကယ်မဲ့သူတွေ့နိုင်သေး တာပေါ့..။

သားကလေးဆိုရင် အဖေ နဲ့ သေကွဲ၊ အမေ နဲ့ အမွှာညီ ကိုတော့ ရှင်ကွဲ ကွဲ ရပေမဲ့၊ မေတ္တာရှင် ဆရာလေးများ ရဲ့ ပြုစုမှု နဲ့ အလှူရှင်များရဲ့ နွေးထွေးတဲ့ စေတနာမေတ္တာတွေ ကို ကံကောင်းစွာနဲ့ ရရှိ ခံစားရတယ်..

သူ့ ညီကလေး တောင်မှ.. Dumex နို့မှုန့် စို့ရမယ် မထင်ဘူး…

ကံဆိုးတယ်.. ဆိုတဲ့ကြားမှာ ကောင်းကံလေးတွေ ရှိနေသေးတယ် နော်.. .. ..

ကလေးတွေ မှာ လုံခြုံနွေးထွေးတဲ့ အရိပ်ကလေးတွေ ကိုယ်စီ ရနိုင်ကြပါစေ…

အခက်အခဲရှိတဲ့ ကလေးတိုင်းကို ကူညီနိုင်ချင်ပါတယ်.. .. ကလေးတို့ရဲ့ အနာဂါတ်တွေ လှပ ပါစေ… ..။

ကူညီကြတဲ့ အလှူရှင် တွေကိုလည်း..ကျေးဇူးအထူးပါ.. ..

ထပ်လဲ.. တတ်နိုင်သရွေ့ကူညီကြပါအုံး… ..

တောင်းခံသူတိုင်းကို. . ကူညီနှိင်သောသူ.. ဖြစ်ချင်ပါတယ်… ..

ပွင့်တဲ့ပန်းကလေးများအားလုံးကို.. လန်းဆန်းစေချင်တဲ့..

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

0035 hrs, 29-Sep-10

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF NOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD.

ရက် ၅၀ သားလေး

ဖိုးတုတ်ရဲ့ ကျန်းမာရေးစစ်ပေးမယ်

ထမင်းခွံ့တဲ့ ဆရာလေး နဲ့ ဖိုးတုတ်

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)