ဘုန်းကြီးပြောပြတဲ့ စပ်မိစပ်ရာ

etoneFebruary 25, 20111min1515

ပျောက်သွားလို့ ပြန်တင်ထားတာ 🙁

လှိုင်သာယာက ဘုန်းကြီးတစ်ပါးနဲ့ စကားလက်စုံကျတုန်း ဘုန်းကြီး ပြောပြခဲ့သော ကိုယ်တွေ့ အဖြစ်ပျက်တစ်ချို့နဲ့ ၊ ရယ်စရာလေးများ အကြောင်းကို ရွာသူ၊ရွာသားများ သိစေရန်ရေးထားတာပါ… ။ ဘုန်းကြီးက သက်တော်ငါးဆယ်ရှစ်နှစ်ပါ ။ ဝါတော်ကတော့ ၁၂ နှစ်ပါတဲ့ … ။ မိခင်ကြီး မသေဆုံးမီ ဘုန်းကြီးဝတ်နှင့် မြင်ချင်သည်ဟုပြောသောကြောင့် မိခင်ဆန္ဒအတိုင်း တစ်ပတ်ဝတ်မည် ရည်ရွယ်ပြီး သာသနာ့ဘောင် ဝင်ခဲ့ရာမှ မိခင်ဆုံးပါးသွားချိန် အမိမဲ့သား ရေနည်းငါးဖြစ်နေချိန်က အစပြုပြီး ရာသက်ပန်ဘုန်းကြီးဝတ်မည်ဟု သံဓိဌာန်ချထားသူလည်း ဖြစ်ပါတယ် ။ မိခင်အိုကြီကို လုပ်ကျွေးရသူဖြစ်ပြီး ၊ အိမ်ယာထူထောင်ခြင်း မရှိခဲ့သော လူပျိုကြီးသည် ယခုအခါ သာသနာ့ဘောင် ၌ ပျော်မွေ့နေပါတယ် …။ အမျိုးများသည် အညာတွင်သာ ရှိသည်ဟု သိရသော်လည်း အဆက်သွယ် အသွားလာ မရှိသည်မှာ ဆယ်စုနှစ်တစ်ခုစာမျှပင် ကြာနေပြီဖြစ်ကြောင့် ပြောပြပါတယ် …။ အမှတ်မထင် ဘုးန်ကြီးနဲ့ ဆုံရင်း စကားစမြည်ပြော ဆိုရာမှ အမှတ်တရဖြစ်ခဲ့သော အဖြစ်ပျက်များအကြောင်းကို မှတ်သားခွင့်ရခဲ့ခြင်းဖြစ်သည် ။

 

ဘုန်းကြီးမှာ နေ့စဉ် အနီးနားရှိ ရပ်ကွက်များသို့ ဆွမ်းခံကြွရပါတယ် … ။ ဆွမ်းခံကြွရာမှာ အကူညီပေးရန် ဘုန်းကြီး ကျောင်းသား တစ်ယောက်လည်း ပါပါတယ် … ။ တစ်နေ့ ဘုန်းကြီး ဆွမ်းခံကြွချိန် နှင့် အမ်အာတီဗွီဖိုးမှ မနက်ပိုင်း ကိုရီးယား ကား ပြချိန် ကြုံသဖြင့် ဆွမ်းအနည်းငယ်သာ ရခဲ့ခြင်းဖြစ်ပါတယ်  .. ။ ထို ဆွမ်းအနည်းငယ်မှာ အိမ်ထောင်စုတစ်ခုတွင်ရခဲ့ခြင်းဖြစ်ပြီး ကံကောင်း၍ရခဲ့တာပါလို့လည်း ပြောသွားခဲ့ပါတယ်  … ။ ဆိုင်တစ်ဆိုင်မှ လောင်းလှူခဲ့တာပါ ။  ကိုရီးယားကား ကြည့်ကောင်းနေသော ဆိုင်ရှင်က ဘုန်းကြီး ဆွမ်းခံကြွတာ မသိသောကြောင့် စားပွဲထိုးလေးက နေရာထိုင်ခင်းပေးရာ ဝင်ထိုင်စေပါသည် ။ ဘုန်းကြီး ဝင်ထိုင်ပြီးသည့်တိုင် ဆွမ်းလောင်းမည့် ပုဂ္ဂိုလ်က မျက်နှာနှင့် တီဗွီ ခွာမရသေးပေ… ။ ခဏဟုပြောသဖြင့် ကြော်ငြာဝင်တဲ့အထိ စောင့်ရပါတယ် … ။ ပြီးမှ ဆွမ်းလောင်းလှူတာပါ … ။ ဘုန်းကြီး ပြန်ကြွပြီး အိမ်ရှေ့ရောက်စဉ် … စားပွဲထိုး ကောင်လေးကို ဆူပူကြိမ်းမောင်းသံ ကြားရပါတယ် … ကန်တော့ဆွမ်းမပြောလိုက်လို့တဲ့.. နောက် ကိုရီးယားကားလာတဲ့ အချိန် ဘုန်းကြီး ဆွမ်းခံကြွရင် ကန်တော့ဆွမ်းလို့ပြောလိုက်ပါတဲ့… ။ အဲ့ဒီအချိန်ကစပြီး ဘုန်းကြီးနားလည်လိုက်ပါတယ်တဲ့ ကိုရီးယားကား နဲ့ ဆွမ်းခံထွက်ချိန် adjust လုပ်ပြီးမှ သွားပါတယ်တဲ့… 😀 ။ ဆွမ်းလောင်းလှူဖို့ ချက်ထားပြီးသည့်တိုင်အောင် ကိုရီးယား ဇာတ်လမ်းကောင်းချိန်ဖြစ်လျှင် ကန်တော့ဆွမ်းသာ လောင်းတတ်ပါတတ်လို့ ဘုန်းကြီးက သူ့အတွေ့ကြုံလေး မျှဝေလိုက်ပါတယ် ။

 

တစ်နေ့ … ဘုန်းကြီး တစ်ပါးထဲ ဆွမ်းခံထွက်လာတာပါ … နောက်က ဘုန်းကြီးကျောင်းသားမပါပါဘူး … ။ ဘုန်းကြီးနောက်က တစ်စုံတစ်ယောက်က လက်ခုပ်တီးသံကြားပါတယ်… ။ အသံကလည်း ကျယ်ပါတယ် … ယောကျာ်းကြီးတစ်ယောက် လက်ခုပ်တီးတာပါ…။  တဖြောင်း ဖြောင်း တောင်မြည်ပါတယ် … ။ နောက် သူကပဲ  စုပ်သတ်ပြီး တကျွတ်ကျွတ် လုပ်ပါတယ်… သဘောက သူခေါ်တဲ့လူက မကြားတာလား … လှည့်မကြည့်တာလား တစ်ခုခုပါ.. ။ ဘုန်းကြီး ဆွမ်းခံကြွဖို့ ခြေသာလှမ်းနေတာပါ … ဒီလူကို လွန်ကို စိတ်ဝင်စားနေပါတယ် … သူ့ ခေါ်သံကလည်း မရပ်သေးပါဘူး … ။ ဘုန်းကြီးအသံကို သေချာလေး အာရုံစိုက်နားထောင်ပါတယ်….. ထိုလူက ဆက်အော်ခေါ်နေတုန်းပဲ … ။ တော်တော် ဇွဲကြီးတဲ့လူပဲ မှတ်ချက်ချနေတုန်း … နောက်က ခြေစောင့်သံကြီးဖြင့် ပြေးလိုက်လာတာကြားပါတယ် … ။ ဘုန်းကြီးလည်း လှည့်ကြည့်လို့ မကောင်းတာနဲ့ ဖြည်းဖြည်းနဲ့ မှန်မှန် လေးလျှောက်ရင်း အသံနားစွင့်နေတာပေါ့ … ။ နည်းနည်း လှမ်းတဲ့နေရာလည်း ရောက်ရော… ထိုလူက လှမ်းပြောပါတယ်… ” ဟဲ့… ဟဲ့… ဟဲ့… ရပ်ဦးလေ .. ။ ဟဲ့… ပြောနေတာ မကြားဘူးလား … ။ ဆွမ်းလောင်းမလို့ ” ဘုန်းကြီးလည်း ကြားတော့ အံ့ဩသွားပါတယ်… ။ ဒီလူခေါ်နေတာ ငါ့ကိုပါလား ဆိုပြီး ..ဒီတော့မှ လှည့်ကြည့်ပါတယ်… ဆွမ်းခွက်ကြီးပိုက်ကာ လိုက်နေတဲ့လူက လူဝကြီးတစ်ယောက်ပါ ၊ ချွေးတွေလည်း ရွှဲနေပါတယ် … ။ဘုန်းကြီးက ဆွမ်းအလှူခံပြ ီး ဆုံးမလိုက်ရတယ် … ဘုန်းကြီးကို လှမ်းခေါ်ရင် လူတွေလို မခေါ်ရဘူး ၊ ဟဲ့ဟဲ့လို့လည်း မပြောရဘူး စသည်ဖြင့်သင်ပေးလိုက်ပြီး တခြား ဆွမ်းခံကြွစရာလည်း ရှိသေးသဖြင့် ဆက်ကြွရာ… ” တစ်ခါခေါ်ရင် လှည့်ကြည့်ပါလား ” လို့ ထိုလူက မကြားတကြားပြောလိုက်ပါသေးတယ် … ။  မြို့ပြနှင့် မဝေးသော်လည်း ဘုန်းကြီးကျောင်း အရောက်ပေါက်နည်းသောကြောင့် ဘုန်းကြီးနှင့် စကားပြောပုံတောင် အဆီငေါ်မတည့်သည့်အဖြစ်ကို ဘုန်းကြီးက အာပေါင်အာရင်းသန်သန်ပြောပြရာ ကျမလည်း မျက်လုံးထဲ မြင်ယောင်ပြီး ရယ်မိခဲ့ပါသေးတယ် … ။ ဘုန်းကြီးကျောင်းကို တစ်နှစ်နေလို့ တစ်ခေါက်မရောက်တဲ့လူတွေလည်း ရှိပါတယ်တဲ့.. အခြေခံလူတန်းစားနေတဲ့ ရပ်ကွက်မို့ မိုးလင်းမိုးချုပ် အလုပ်သွာရပါတယ်… ။ နေ့စား ၊ လက်လုပ်လက်စားတွေ များတာမို့ တစ်နေ့ အလုပ်မသွားလျှင် နောက်နော့ ချက်စရာ ဆန်မရှိပေ … ။ တစ်ခါတစ်ရံ အလုပ်ရှင်မှ နားရက်ပေးနားခိုင်းတော့မှ ရှိတာလေး ကြော်ချက်ပြီး အိမ်ရှေ့ ဆွမ်းခံကြွရာ ကိုယ်တော်တွေကို လောင်းလှူရရှာပါတယ် … ။

 

ဘုန်းကြီးပြောပြတဲ့ နောက် ဇတ်လမ်းလေးတစ်ခုကတော့ …

ကိုရီးယားကားကို လွတ်အောင် အ ချိန်ကိုက်လာရသည်မို့ နေတောင် ပူနေပေပြီ … ။ ခက်သွက်သွက်လျှောက်မှ ဆွမ်းခံမှီမှာမို့ ဘုန်းကြီး ခြေလှမ်းကို မြန်မြန်လှမ်းပါတယ် … ။  ဒီတစ်ခါလည်း ဘုန်းကြီးကို နောက်မှ လှမ်းခေါ်သံပါ… ပထမတစ်ခါ အတွေ့ကြုံရပြီးပြီဖို့ … ခဏရပ်လိုက်ပါတယ် … အနောက်က ဆွမ်းလှူမဲ့လူလည်း လိုက်လာပါတယ်… ကလေးမလေးပါ… ။ ကလေးမလေးဆိုပေမဲ့ အပျိဖျန်းအရွယ်ပေါ့ … ။ ကျောင်းလည်း နေရပုံမပေါ်ပါဘူး … ။  ဆံပင်ကလည်း ဖွာလန်ကြဲနဲ့ အိပ်ယာထကတည်းက ခေါင်းမဖြီးရသေးပုံပါ … အင်္ကျ ီ အဝတ်စား ၊ ခပ်နွမ်းနွမ်းနဲ့ ဆွမ်းခွက်နဲ့ ဆွမ်းဟင်းခွက်ကို လက်တစ်ဘက်စီက ကိုင်လို့ အနားကို ရောက်လာပါတယ်… ။ လက်နှစ်ဘက်စလုံး မအားအောင် ကိုင်ထားသည်မို့ ဘုန်းကြီး ကို မတ်တပ်ရပ်အနေထားဖြင့် (လမ်းမမှာ ဆွမ်းလောင်းတာမို့ ) ဆွမ်း ဟင်းခွက် ကိုင်ခိုင်းထားပါတယ် … ။ သူက အကျအန ဆွမ်းလောင်းပါတယ် .. ပြီးမှ ဘုန်းကြီး လက်ထဲက ဆွမ်းဟင်းခွက်ကို ဆွမ်းခွက် အလွတ်နဲ့ လဲပြီး ကိုင်စေပြန်ပါတယ် .. ။ ဘုန်းကြီးလည်း လမ်းမလည်ခေါင်မို့လို့ ဒုက္ခများပါတယ်တဲ့ … ။ မြင်လို့ မသင့်တော်ဘူးလို့လည်း မိန့်ပါတယ် .. ။ လောင်းလှူလို့ပြီးတော့ ဘုန်းကြီးက မေတ္တာပို့ ဆုမပေးဝေခင်မှာပဲ … သူမကပြောပါတယ် … ပေးတဲ့ဆုနဲ့ ပြည့်ပါစေတဲ့ … ။

ဟဲ့ ငါဘာမှ တောင် ဆုမပေးရသေးဘူးလို့ ဘုန်းကြီးကပြောတော့ … ။ သူများတွေကို ပေးတဲ့အတိုင်းပေးမှာ မို့လားတဲ့ … သူကြားဖူးတယ် … ။ ဘုန်းကြီး မောမှာစိုးလို့ မပြောနဲ့တော့တဲ့ … ။ ကျမလည်း အထူးဆန်းတွေ ကြားရတော ့ ရယ်မိပြန်ပါတယ် … ။ ဘုန်းကြီး ဆက်ကြွမယ်လုပ်တုန်း ခဏဆိုပြီး ဘာမပြောညာမပြောနဲ့ ခုနက လောင်းလှူထားတဲ့ ဆွမ်းဟင်းခွက်နဲ့ ဆွမ်းခွက်ကို ဗျက်ခနဲဆိုသလို ဘုန်းကြီး သပိတ်ပေါ်တင်လိုက်ပါတယ်… ။ ဘုန်းကြီးလည်း ရုတ်တရက်ကြောင်သွားတာပေါ့.. ။ ပြီးတော့ ဘုန်းကြီးရှေ့ တဗြန်းဗြန်းနဲ့ ထမိန်ခါဝတ်ပါရောတဲ့ … ။ ဘုန်းကြီးအနေနဲ့ မျက်စိပိတ်ထားရတဲ့အထိ အနေခက်ခဲ့ကြောင်းလည်း မိန့်သွားပါတယ် .. ။ ” ဘုန်းကြီး နောက်ကျောဘက်သွားဝတ်လည်း ရတာကို ငါ့ရှေ့တည့်တည့် ဘာမပြော၊ ညာမပြောနဲ့ သပိတ်ပေါ် သူ့ ခွက်တွေတင်ပြီး  ထမိန်ဖြန့်ဝတ်တော့ အနေ ခက်ရော ” လို့ ပြောပါတယ် … ။  အသိတရားမရှိတဲ့ ကလေးမလေးကို ဆုံးမပြီး ဆွမ်းခံဆက်ကြွခဲ့ရပါတယ်တဲ့ … ။

 

နောက် ဇာတ်လမ်းလေးတစ်ခုကတော့ …

အခါကြီး ရက် ကြီးမှာ မိန်းမတစ်ယောက် ဘုန်းကြီးဆီရောက်လာပါတယ် … ဝတ်ကောင်းစားလှ တွေ ဝတ်လို့ပါ… ။ ပန်းတွေလည်း ပန်လို့ မိတ်ကပ်တွေ ၊ နှုတ်ခမ်းနီတွေလည်း ဆိုးထားပါသေးတယ် … ။ ဘုန်းကြီးကို ရှစ်ပါးသီလ ပေးပါတဲ့… ။ ဘုန်းကြီးလည်း  အနည်းငယ်တွေဝေသွားပါတယ်.. ။ ရှစ်ပါးသီလယူမဲ့ လူက ဘယ်နှယ့်ကြောင့် ပန်းတွေပန် ၊ မျက်နှာတွေ လိမ်းလာရသလဲပေါ့ … ။ မြို့က ဥပုပ်ကျောင်းတွေမှာ အမျိုးသမီး အများစုက ဆင်ခြေပေးတတ်ပါတယ်… သီလမယူခင်က လိမ်းထားတာတွေပါတဲ့.. ၊ သီလယူပြီးမှ လိမ်းထားတာ မဟုတ်လို့ သီလမကျိုးပါဘူးလို့လည်း ဆင်ခြေတတ်တတ်တာကြောင့် ဘုန်းကြီးလည်း မပြောလိုတော့ပဲ … သီလပေးပါတယ်…  ဘုန်းကြီးက ဗုဒ္ဓံ သရဏံ ဆိုတဲ့ အခါ… သူက နောက်ကလိုက်မဆိုပဲ … ဓမ္မံ သရဏံ ဆိုပါတယ်… ။ ဘုန်းကြီးတကြောင်း သူတကြောင်းလိုဖြစ်နေတော့တာပေါ့ … ။ ဘုန်းကြီးလည်း ဥပုပ်နေ့ ဒေါသမထွက်ချင်လို့ ဘာမှမပြောတော့ပါဘူး…. ။ စိတ်ထဲတော့ နည်းနည်းထစ်တာပေါ့… ။ ဒါနဲ့ .. သီလပေးပြီးတဲ့ အခါလည်းကျရော …  ရှစ်ပါးမလိုချင်တော့ဘူး ၊ ငါးပါးပြန်ဆိုပေးပါ ဖြစ်ရောတဲ့ … ။ ဘုန်းကြီးစိတ်ထဲ ဘဝင်မကျဖြစ်လာပေမဲ့ သည်းခံပြီး သူ့အလိုဖြည့်ကာ ငါးပါးသီလပေးပါတယ်… သီလတောင်ပေးတောင် မဆုံးသေးဘူး သူ့ သားက လိုက်လာပြီး ဘုန်းကြီးကို လျှောက်ပါတယ် … သူ့အမေဖြစ်ကြောင်းနဲ့ .. စိတ်ရောဂါဝေဒနာရှင်ဖြစ်ကြောင်း ပြောပါတယ်.. ။ ဘုန်းကြီးကျောင်းမှာ လာလှူရင်း ပျောက်သွားတာ လိုက်ရှာနေကြောင်းပြောတော့ … ဘုန်းကြီးလည်း ကိုယ့် နှဖူး ကိုယ်ရိုက်ပြီး ကောင်းကွာ လို့ ပြောယုံကလွဲပြီး ဘာမှ မပြောနိုင်တော့ပါဘူးတဲ့ … ။ ဘုန်းကြီးက အားတတ်သရော ပြောပြတာကြောင့် ကျမလည်း မျက်စိထဲမြင်ယောင်ကာ ဝါးလုံးကွဲ ရယ်မိပြန်ပါတယ်… ။

ဆွမ်းခံသာ ကြွရတာ လူပေါင်းစုံနဲ့ ပတ်သတ်ရကြောင်းလည်း မိန့်ပါတယ် .. ။ တစ်ချို့ကလေးတွေဆို ဘုန်းကြီးကြွတာမြင်တာနဲ့ သပိတ်ထဲ မုန့်ပါလား စူးစမ်းပြီး စွန့်ခိုင်းထားခဲ့ပါတယ်.. ။ ဘုန်းကြီးမှာ ဆွမ်းနဲ့ ဟင်းသာ ဘုန်းပေးရပြီး  မုန့်ပဲ သရေစာများ ကတော့ ကလေးတွေ မြင်တာနဲ့ စွန့်ခိုင်းတာပါပဲ ..။ သပိတ်ထဲလည်း နှိုက်တတ်ပါတယ် တဲ့… ။ တစ်ခါတစ်လေ … ဆွမ်းကပ်ဖိတ်လျှင် အိမ်လိုက်သွားရပြီး ရရှိသော လှူဖွယ် ဝထ္ထုတို့ကို လမ်းက စောင့်က အကြွေးချေးသော လူမိုက်များလည်း ရှိပါတယ်တဲ့ … ။ ဆွမ်းလောင်းလှူ အကြည်ညို ပျက်မှာ စိုးသဖြင့် ဘုန်းကြီးတို့လည်း သည်းခံရပါတယ်လို့လည်း သူ့ အတွေ့ကြုံကို မိန့်သွားခဲ့ပါတယ် … ။ ။         24th FEB, 2011.

 

5 comments

  • bigbird

    February 25, 2011 at 2:21 pm

    ဖတ်လို ့ကောင်းပြီး အသိတရားလည်းရစေပါတယ်။ပြီးတော့ ဟာသလေး
    လည်းပါသေးတယ်။

  • etone

    February 26, 2011 at 3:43 am

    ဘုန်းကြီးက လက်ဟန်ခြေဟန်နဲ့ ပြောပြတော့ ရယ်လိုက်ရတာမှ အူကိုလိမ့်နေတာပဲ … ဒါကြောင့် သူများတွေ သိရအောင် မျှဝေတာပါ ။

  • နွယ်ပင်

    February 26, 2011 at 3:47 am

    etone ရေ အားပေးသွားပါတယ် ။ အရေးအသားကောင်းသလို အကြောင်းအရာကပါ စိတ်0င်စားစရာကောင်းပါတယ် ။
    နောက်လဲ ဆက်ရေးပါဦး ….

  • unclegyi1974

    March 3, 2011 at 4:25 pm

    ရန်ကုန်တဝိုုက်ကလူတွေဖြစ်မယ်နဲ့တူပါတယ်
    ဖတ်ကြည့်လိုက်တာရီရပေမယ့်
    သာသနာအတွက်ကဝမ်းနည်းစရာပါပဲ
    နောက်မျိုးဆက်၂ဆက်လောက်ဆိုရင်…

    • etone

      March 4, 2011 at 2:20 am

      လှိုင်သာယာ စက်မှူဇုံနဲ့ နီးတဲ့ နေရာနားက လူနေရပ်ကွက်ကို ဆွမ်းခံကြွရတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အဖြစ်ပျက်လေးတွေပါ အန်ကယ်ကြီးရေ … ။

Leave a Reply