နိဗ္ဗာန်ဆု – မောင်စွမ်းရည်

kaiFebruary 26, 20111min15812

ဒို့ဗမာများ
ဆင်းရဲသားတွေ
နင်းရင်း ပြားရင်း
နှစ်ပြားရရင်၊ တပြားလှူရင်းနဲ့
ဘေးကင်းစေကြောင်း၊ ဆုကိုတောင်းရင်း
ချမ်းသာစေကြောင်း၊ ဆုကိုတောင်းခဲ့။
ချမ်းသာစေကြောင်း၊ ဆုကိုတောင်းရင်း
နိဗ္ဗာန်ရောက်ကြောင်း၊ ဆုကိုတောင်းခဲ့။
နိဗ္ဗာန်မရောက်မီ၊ နတ်ပြည်ရောက်ကြောင်း
အဆစ်တောင်းရင်း …

ဗိုလ်ချုပ်မင်းတို့
နင်းချေအိုးအိမ်၊ စည်းစိမ်ကိုလု
ထုနှက်မောင်းနှင်၊ နတ်ပြည်တင်ပြီ
လွင့်စဉ်နယ်ခြား၊ တိုင်းတပါး –
ကားရားခေါက်ချိုး၊ ဇောက်ထိုးမျှော်
မတော်တဆ၊ ငရဲကျ –
ငရဲကခုန်၊ ပြာပုံပေါ်ရောက်
လေးဘက်ထောက်ရင်း –
နောက်ကကျည်ဆန်၊ သေနတ်သံနဲ့
လှံစွပ်လွတ်ရာ …
တောင်ကာချောင်းခြား၊ နယ်ခြားတောရပ်
ထိုင်းနယ်စပ်လား …
ကျော်ရင်းဖြတ်ရင်း၊ ရောက်ရှိသွား
စုတ်ပြတ်ကျိုးကန်း ဗမာများ။
ဒုက္ခသည်စခန်း၊ လွန်ခမ်းနား။

နယ်စပ်ကလွတ်၊ ငရဲလွတ်ပြီ
စစ်ဘေးလွတ်ရာ၊ ဘယ်ရွာ ဘယ်မြို့
ဘယ်ကို ပို့ပို့
ပို့ချင်ရာရာ၊ တောင်းဆိုပါသော်
လေယာဉ်ပေါ်က၊ တိမ်ကျော်နတ်လမ်း
စခန်းတထောက်၊ မြေပေါ်ရောက်ခဲ့
ရောက်တဲ့နေရာ၊ ကမ္ဘာ အနောက်စွန်
အမေရိကန်ပြည်
မရည်မှန်းဘဲ ရောက်ခဲ့ရ။

အမေရိကားမှာ –
သမီးနဲ့ သားနဲ့၊ ဇနီးနဲ့ ကားနဲ့
အဲယားကွန်းတပ်၊ နှစ်ထပ်တိုက်လေး
လေပူ လေအေး၊ ရေပူ ရေအေး
ရေနွေး ရေပန်း၊ ရေချိုးခန်းတွဲ
ရေဆွဲအိမ်သာ –
မီးဖိုမှာလဲ၊ ရေခဲသေတ္တာ
ဆာရင်ချက်ပြုတ်၊ ခလုတ်အထပ်ထပ်
ဓါတ်ငွေ့မီးဖို၊ ဘာလိုသေးလဲ
လိုလေသေး မရှိ။

မဝေးမနီး၊ ဘုန်းကြီးကျောင်းက
သုံးကျောင်း လေးကျောင်း –
တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း
ဆုတောင်းစမ်းတဲ့ –
ဟိုမှန်း သည်မှန်း၊ အရမ်း မတောင်းနဲ့
တောင်းရိုးထုံးစံ၊ နိဗ္ဗာန်ဆုကို
ခုဘဝမှာ၊ ဆိုင်းလိုက်ပါစို့
ဝါရှင်တန်၊ နယူးယောက်
ဒါလောက်ဆိုရင် တော်ပြီပေါ့။
နိဗ္ဗာန်ခေါ်ရင် မလိုက်တော့။

မောင်စွမ်းရည်
၂ရ စက်တင်ဘာ ၂၀၁၀

မှတ်ချက်။  ။ မန္တလေးဂေဇက်တွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်သည်။

12 comments

  • yannaingech

    February 26, 2011 at 2:56 pm

    ကိုခိုင်ရေ…ဆရာစွမ်းလက်ရာ…အလွမ်းပြေသွားတယ်ဗျာ။ ဆရာ့ရဲ့‘ကဗျာဆရာ့အဖေ..ကဗျာဆရာ့အမေ‘ ကို လွမ်းတိုင်းဖတ်ဖြစ်ပါတယ်။ နောင်ခါများမှာလည်း ဆရာ့ကဗျာတွေ ထပ်ဖတ်ခွင့်ရချင်ပါရဲ့ဗျာ..

  • padonmar

    February 26, 2011 at 10:58 pm

    ဆရာက အမေရိကားကို နိဗ္ဗာန် သို့မဟုတ် နတ်ပြည်လို့ပြောချင်တာ လား။
    တရုတ်တန်းမှာ အလုပ်စမ်းရှာနေရချိန်မှာတော့ ဒီလိုထင်ကြပါ့မလား၊
    ယောဆရာတော်ကြီးကတော့ နိုင်ငံခြားက ပြန်လာတယ်ဆိုတိုင်း နတ်ပြည်ကပြန်လာတာပေါ့လို့ ပြောလေ့ရှိပါတယ်
    ဆရာတော်ကြီးဆိုလိုချင်တာကတော့ နတ်ပြည်ဆိုတာ ပြုခဲ့တဲ့ ကံအဟောင်းတွေခံစားရုံ ကုသိုလ်ကံအသစ် ဖြစ်ခွင့် နည်းတဲ့နေရာလို ့ပြောချင်တာပါ၊ ၊

  • kai

    February 26, 2011 at 11:53 pm

    မြတ်စွာဘုရားပွင့်တဲ့ အရပ်ဒေသကို ဇမ္ဗူဒီပတောင်ကျွန်း ခေါ်တယ်လို့ ဟိန္ဒူကျမ်းတွေမှာ ဆိုတယ်..။
    ဆိုတော့ … မြောက်ကျွန်းက ဘယ်နားလေးလဲ… သိရင်.. နည်းနည်းစဉ်းစားရတာ အဆင်ပြေမလားပဲ..။ 🙂

    ဘုရားလက်ထက်က .. စိတ္တလား။ ဇောတိကလား (မသေချာတဲ့) သူကြွယ်ကြီးရဲ့ … ကြင်ယာတော်က မြောက်ကျွန်းသူတဲ့..။

    ဒီလိုပဲ.. အတွေးမုန်တိုင်းဆင်နိုင်အောင်… ဝင်ရေးကြည့်တာ..။
    နိဗ္ဗာန်နဲ့တော့ မဆိုင်ပါဘူး.။ ကျုုပ်နားလည်သလောက်တော့ … နိဗ္ဗာန်ဆိုတာ ..နေရာဌာန မဟုတ်ဖူးပဲ..ဘုရားရဟန္တာတွေက …သက်တော်ထင်ရှားရှိလျှက်နဲ့ နိဗ္ဗာန်မျက်မှောက်ပြုကြတာဆိုတော့လေ..။
    ဆရာစွမ်းလည်း .. နိဗ္ဗာန်ခေါ်ရင် မလိုက်တော့လို့.. ရေးတာပဲ..။
    ယူအက်စ်ကို … နိဗ္ဗာန်လို့..ညွှန်းထားတာမဟုတ်ဖူးလို့.. ထင်တာပါပဲ..။

  • padonmar

    February 27, 2011 at 1:13 am

    ဇောတိကရဲ့ ကြင်ယာတော်ပါ၊ဇောတိကအိမ်ကို ဗိမ်ဗိသာရမင်းကြိး အလည်လာတော့ မြောက်ကျွန်းသူက မီးရောင်နဲ့နေတဲ့သူတွေရဲ့ အရှိန်ကိုမခံနိုင်လို့ မျက်ရည်ကျတယ်လို့ပါပါတယ်၊
    ဇောတိက ရဟန်းပြုသွားတော့ နတ်တွေက မြောက်ကျွန်းကိုပြန်ပို့လိုက်ပါတယ်၊
    မြောက်ကျွန်းသူ/သားတွေရဲ့သက်တမ်းက အနှစ်၁၀၀ဝ (ရှေ့ ၇၀၀၊နောက် ၅၀ဝ ၊မြောက်မှာ၁၀၀၀၊ တောင်မြဲမရှိ)
    ဆိုတော့ အခုဆိုရင် သက်ရှိထင်ရှား မရှိလောက်တော့ပါဘူး၊
    မြောက်ကျွန်း ပြဿနာက ငြင်းနေကြတုန်းပါဘဲ။
    ပါမောက္ခချုပ်ဆရာတော်ကတော့ ဘုန်းကြီးလဲသိချင်တာပါဘဲတဲ့။
    အဘိညာဉ်ရဲ့ အရာပါ တဲ့။
    မောင်းထောင်မြေဇင်းတောရ မှာ အဆင့်မြင့်အားထုတ်ပြီးတဲ့သူတွေ တာဝတိ ံသာ တို့မြောက်ကျွန်းတို့သွားကြည့်ကြတယ် ဆိုတာကြားရပါတယ်၊
    ဟုတ်မဟုတ် ကိုယ်တွေ့မဟုတ်လို့ မပြောနိုင်ပါ၊ အဘိညာဉ် ရခဲ့ရင် ဦးခိုင်နဲ့ ရွာသူရွာသားတွေကို လာပြောပြပါမယ်::D

  • bigcat

    February 27, 2011 at 3:19 am

    မြေဇင်းတောရနည်းနဲ့ အထက်ဘုံတွေ သွားကြည့်တာကို ဒုပါချုပ်ဆရာတော်နဲ့ အခြားယောဂီတွေရဲ့ ကိုယ်တွေ့ထောက်ခံချက်ကို စာအုပ်တအုပ်မှာ ဖတ်ဖူးတယ်။ ဆရာခိုင်ကိုပြန်တဲ့ မှတ်ချက်တခု ထဲမှာတောင် စာအုပ်လင့်ခ်ထည့်ပေးဘူးတယ်။ ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ ကြည်ညိုအားထားတဲ့ ဆရာသမားများကို ယုံကြည်ပါတယ်။ ပါချုပ်ဆရာတော်ပြောသလို အဘိညာဉ်အရာဖြစ်လို့ သမထဝိပဿနာကို အချိန်ပေးလုပ်ကြည့်မှ သိမှာပါ။ အဲဒါလက်တွေ့တကယ်ဆန်ခြင်းပါ။
    မြေဇင်းတောရကတော့ အချိန်နှစ်လတောင်းပါတယ်၊ ဖားအောက်တောရလဲ တကယ်မြင်ချင်ရင် လနဲ့ချီပြီး ကမ္မဌာန်းထိုင်ရမယ် ထင်ပါတယ်။ သွားခဲ့သူတွေဟာ သာမန်လူသားတွေ မသိနိုင်တဲ့နေရာတင်သာမက ကမာ္ဘဒေသအနှံ့၊ လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်ဌာနတွေကိုပါ စိတ်လွှတ်ပြီးသွားနိုင်မှတ်ကျောက်တင်နိုင်ကြလို့ စိတ်ကူးယဉ်မဟုတ်တာတော့ သေချာပါတယ်။
    မြေဇင်း၊ ဖါးအောက်သမထနည်းနဲ့ အထက်၊အောက်ဘုံတွေသွားတာ မှတ်သားမိသလောက် ဈာန်သမာဓိစွမ်းအားနဲ့ပါ၊ အဘိညာဉ်တန်ခိုးနဲ့ဆိုရင် လူပါရောက်၊ ထိတွေ့ခံစားလို့ရပါတယ်။ သဲအင်းဂူတရားတပုဒ်မှာ ဈာန်ဆိုတာစိတ်ကိုတည်ကြည်အောင်လုပ်ခြင်း၊ အဘိညာဉ်ဆိုတာ စိတ်ပြောင်းနိုင်ခြင်းလို့ မှတ်သားဖူးပါတယ်။ လုံလောက်တဲ့စိတ်တည်ကြည်ခိုင်ခံ့မှု ဖြစ်လာပြီဆိုရင် ကိုယ်အလိုရှိရာကို စိတ်ပြောင်းလိုက်ခြင်းပါ။ ဥပမာအားဖြင့် ရေပြင်ကြီးကို ပထဝီကသိုဏ်းအဖြစ် စိတ်ပြောင်းလိုက်ခြင်း၊ ဝါယောကသိုဏ်းစိတ်သွင်းပြီး ကောင်းကင်ပျံခြင်း လို့အကြမ်းမျဉ်း သဘောပေါက်ပါတယ်။ ဒီဖက်ခေတ်မှာ အဘိညာဉ်တန်ခိုးရနိုင်သူ အလွန့်အလွန်နဲသွားပြီလို့ ကျမ်းဂန်များမှာဆိုပါတယ်။
    မြောက်ကျွန်းနဲ့ဆိုင်လို့ ထင်ရှားတဲ့ဆရာတော်များထဲမှာကို လက်မခံသူတွေအများကြီးရှိပါတယ်။ ဆရာတော်ဦးဆန်းလွင်ရဲ့တရားတပုဒ်မှာ ဥရောပတိုက်ကို မြောက်ကျွန်းလို့ခေါ်တာလို့ နာဖူးပါတယ်။ အခြားပညာတတ်များလည်း ရှိမှာပါ။ အဲဒါနဲ့စပ်ဆက်ပြီးစဉ်းစားဖို့ သဲအင်းတရားတပုဒ်မှာ ဆရာတော်က သူ့အတိတ်ဘဝကို ပြန်ပြောတဲ့အထဲမှာ ဥရောပဆိုတဲ့ တိုင်းပြည်နာမည်တခုပါတယ်။ အခုလက်ရှိဥရောပတိုက် မဟုတ်ပါဘူး။ အတိတ်ဘဝပေါင်းများစွာက တိုင်းပြည်တခုနာမည်ပါ။ ပြောချင်တာ အရာရာအားလုံးဟာ အသစ်တွေလို့ထင်ရပေမဲ့ အတိတ် ပစ္စုပ္ပန် အနာဂတ်တို့ စပ်ဆက်နေတာကိုပါ။ အသစ်မရှိ အဟောင်းမရှိ သမိုင်းဟာလည်နေပါသည်၊ HISTORY REPEATS

  • padonmar

    February 27, 2011 at 1:05 pm

    ဦးကြောင်ကြီး ၊အဲဒီ ဦးဆန်းလွင်နဲ့ သဲအင်း တရား နာမည်လေးမှတ်မိရင် လမ်းညွှန်ပေးပါလား။မနာဖူးသေးပါ။
    မဟာစည်ဆရာတော် နဲ့ နတ်သား အမေးအဖြေ မှာ နတ်သားက ဥရောပ မှာနေခဲ့တယ်တဲ့။ အခုခေတ် ဥရောပတော့ မဟုတ်ဖူးပြောတာဘဲ။တချို့ကလဲ အဲဒီ အခွေဟာ အင်လို့ပြောကြတယ်။ မှန်မမှန် မသိပါ၊

    • bigcat

      February 27, 2011 at 6:00 pm

      http://www.mediafire.com/kotseikkosit ရဲ့ folder ၁၊ ရ ၊ ၈ ကိုနားထောင်ကြည့်ပါ။ ဆရာတော်ဦးစန်းလွင်ပြောတာကတော့ ရှေ့ပိုင်းဖိုင်တွေမှာထင်တယ်။
      သဲအင်းဆရာတော် ပြောတဲ့ဟာတွေကတော့ အဲဒိမှာလား http://theinngu.org/ လားမသိဘူး။ လောလောဆယ်တော့ သဲအင်းဆိုက်က ဒေါင်းနေလေရဲ့။ သဲအင်းဆိုက်မှာတင်ထားတဲ့ တရားအပုဒ်၁၀ဝကို စီဒီအနေနဲ့မြန်မာပြည်ကဆိုင်တွေမှာ ဝယ်လို့ရတယ်။

  • unclegyi1974

    February 27, 2011 at 4:47 pm

    ကိုခိုင်ရေဆရာကြီးတွေရဲ့စာတွေပြန်တင်ပေးလို့ဖတ်
    ရမှတ်ရပါတယ် နောက်လည်းအဆင်ပြေရင်တင်ပေး
    ပါအုန်းလို့

  • kai

    February 27, 2011 at 11:25 pm

    အောက်က ပြထားတဲ့ ဝက်ဘ်ဆိုက်နဲ့စာတွေက ..စာရေးသူအာဘော်တွေပဲ ဖြစ်ပါတယ်နော်..။
    နောင်တမလွန်ဘဝနဲ ့တန်ခိုးအဘိညဉ်တွေကို ဝူခုန်း၏သားတော်သမီးတော်တွေနဲ ့ စင်္ကြာဝဌာတိုက်၁သောင်းကို အစိုးရတဲ့ ဝိဃီဒူပ နတ်မင်းကြီးရဲ့ တတိယမြောက် မျိုးဆက် လူသားများသာ သိစေလိုရင်းနဲ့ ဖေါ်ပြခြင်းသာ ဖြစ်ပါတယ်နော်။
    ဒီစာတွေဖတ်ပြီး နားလည်သလိုသဘောပေါက်စေလိုပြီး မူရင်းစာရေးသူအာဘော်သာဖြစ်ကြောင်းပါ ဗုဒ္ဓဘာသာနဲ့ နေသူရိန်မင်းကြီး အောက်က လူသားများ သိစေလိုရင်းဖြစ်ပါတယ်လို့နော်..။ 🙂

    =============

    http://monmyatkyaw.blogspot.com/

    (ဇ)..သတိပဋ္ဌာန် ဝိပဿနာ မရှုမှတ်ခင်မှာ..ကြိုတင် သိမှတ် ဖွယ်ရာများ
    ကိုယ်လိုချင်နေတဲ့..ပုံစံတွေအတိုင်း-“အစိုးရအဖွဲ့ကို မထိခိုက်စေပဲနဲ့-လူထုတွေမှာ မနစ်နာစေပဲနဲ့-ဗုဒ္ဓသာသနာအတွက် “ဂုဏ်” မညိ`ှုးစေပဲနဲ့-မဇ္ဈိမပဋိပဒါကျကျ နည်းလမ်းမှန်တို့ဖြင့်-အချိန်မှီ တကယ်ရရှိအောင် “လုပ်”ယူနိုင်ခြင်းသည် ယ္ခုနေ့တွင် ကျင့်သုံးနေကြဆဲ နိုင်ငံရေးတို့ထက် ပိုမို သင့်လျော်မလား လို့-လွတ်လပ်စွာပင် တွေးမြင် စမ်းကြည့်နိုင်ပါ၏။။

    နိုင်ငံတော်သစ်အတွက်..နိုင်ငံရေးဉာဏ်စဉ် အတွေးအမြင်သစ်

    * အမေရိကန် နိုင်ငံသား ၁ ယောက်ရဲ့-လူ့အခွင့်အရေး..လက်တွေ့ ခံစားနေရမှုတို့နှင့်-တစ်နေ့စာ ဝင်ငွေတို့ကို၎င်း။မြန်မာနိုင်ငံသား ၁ ယောက်ရဲ့-လူ့အခွင့်အရေး..လက်တွေ့ ခံစားနေရမှုတို့နှင့်-တစ်နေ့စာ ဝင်ငွေတို့ကို၎င်း။ဇယားကွက်ချကာ-နှိုင်းယှဉ်ကြည့်ပြီးတော့လျင်..စာဖတ်သူတို့ရဲ့-စိတ်အသိ ခံစားချက် အတွေးဉာဏ် အမြင်နယ်ကြီးထဲမှာ..ဘာတွေ..အသစ်သစ်တို့နဲ့..တွေ့ထိ ခံစားရကာ..အားမလို အားမရနိုင်ခြင်းများစွာတို့ဖြင့်..ဖြစ်ပေါ်ခံစားသွားရသလဲ..လို့..ဆိုတာကို-ယ္ခုလက်တွေ့ပင်..ရေးချ..မှတ်သားပါ။။။
    * မြန်မာနိုင်ငံသားကြီး..ဦးအောင်ဆန်းသည်-တမလွန်လောကတွင်..ဝိဉာဉ်ဘဝသစ်နဲ့-စတုမဟာရာဇ် နတ်သားကြီး ၁ဦး ဟူ၍-ယ္ခုတကယ် ဖြစ်နေ..ယ္ခုတကယ် ရှိနေ၏။။
    * အမေရိကန်နိုင်ငံသားကြီး လင်ကွန်းသည်-တမလွန်လောကတွင်..ဝိဉာဉ်ဘဝသစ်နဲ့-တစ္ဆေပြိတ္တာကြီး..ဖြစ်နေရတယ်။ဆိုတာ..တကယ်ပဲ မှန်နေတယ်…အဟုတ်ပဲ သေချာနေတယ် ဆိုရင်..အမေရိကန် ကုလား..ဘာရက် အိုဘားမားတို့ရဲ့-ယ္ခုနေ့ဝယ်.. ကျင့်သုံးနေကြဆဲ နိုင်ငံရေး စံနစ်တွေကို-လောကီ လောကုတ္တရာ ၂ဋ္ဌာန ဝင်..အတွေးအမြင် ဉာဏ်မျက်လုံးတို့ဖြင့်-ဖြေးဖြေးချင်းစီ-တစ်ဆင့်ချင်းစီ-တစ်ကွက်ချင်းစီ-တစ်ကဏ္ဍချင်းစီ..လွှာ၍ လွှာ၍..ရှေ့ နောက် စုံဆန် ပြန်လှန် လည်စေ၍..သုံးသပ်စီစစ် သင့်ပေ၏။။ဘာကြောင့်လဲလို့ ဆိုရင်…
    * (က)..ကျနော်တို့ တတွေသည်..မြန်မာလူထုထဲက..မြန်မာနိုင်ငံသားတွေ တရားဝင် ဖြစ်ပါ။။
    * (ခ)..ကျနော်တို့ တတွေသည်..မြန်မာနိုင်ငံသားထဲက..မြန်မာ့ခေါင်းဆောင်လောင်းတွေ ဖြစ်ပါ၏။။
    * (ခ)..ကျနော်တို့အား-မြန်မာလူထုကြီးအတွက်.. ခေါင်းဆောင်နေရာကို..ယှဉ်ပြိုင်လုယူဘို့ရန်အတွက်..ဥပဒေဘောင်ထဲတွင်..တရားဝင် အခွင့်အရေး ရှိပါ၏။
    * !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

    ယသော်ဓရာ မင်းသမီးနှင့်-ဝေဿန္တရာ မင်းကြီးတို့-၂ဦးတို့ရဲ့-ဘဝ ခံယူချက် ဘဝအမြင်

    * မွန်..မိသားစု အရေးနဲ့-မွန်..လူမျိုးနွယ်စု အရေး-၂ခုတို့-နှိုင်းယှဉ်မှုတွေ-ဖြစ်လာရင်..မွန်လူမျိုးနွယ်စု အရေးကို ဦးစားပေးရမည်။။
    * မွန်..လူမျိုးနွယ်စု အရေးရယ်..မြန်မာလူထုကြီး အရေးရယ်..၂ခုတို့-နှိုင်းယှဉ်မှုတွေ..ဖြစ်လာရင်..မြန်မာလူထုကြီးအရေးကို..ဦးစားပေးရမည်။။
    * မြန်မာလူထုကြီးအရေး(နိုင်ငံရေး)နဲ့-ဗုဒ္ဓသာသနာတော် အရေး-၂ခုတို့ နှိုင်းယှဉ်မှုတွေ ဖြစ်လာရင်..ဗုဒ္ဓသာသနာတော် အရေးကြီးကို-ပိုမို ဦးစားပေးရမည်။။
    * ဗုဒ္ဓသာသနာတော်နဲ့-အချစ်ရေး-၂ခုတို့..နှိုင်းယှဉ်အားပြိုင်မှုတွေ ဖြစ်လာရင်……
    * ရာဟုလာရဲ့ မယ်တော် ဖြစ်သူ..ယသော်ဓရာမင်းသမီး ကတော့..ဒီပင်္ကရာ မြတ်ဗုဒ္ဓ မှသည်..ကဿပ မြတ်ဗုဒ္ဓ တိုင်အောင်သော..မြတ်ဗုဒ္ဓ သာသနာတော်ကြီးတို့အား…ကျောခိုင်း ပစ်ပယ်ကာ….အချစ်ရေး..နောက်သို့-လိုက်ပါ ပေးခဲ့၏။။
    * ဇာလီနဲ့ ကဏှာစိန် တို့ရဲ့ ခမည်းတော်ဖြစ်သူ..ဝေဿန္တရာ မင်းကြီးကတော့….
    * “မဒ္ဒီ မိဖုရားကို အသက်နဲ့ ထပ်တူ ချစ်ပါ၏။။”
    * (အချစ်..အပါအဝင် ဖြစ်သော)အရာအားလုံးတို့ထက်လဲ..သဗ္ဗညုတ ရွှေဉာဏ်တော်(သမ္ဗုဒ္ဓ သာသနာတော်)ကို-ပိုချစ်၏-လို့-မိန့်ဆိုခဲ့ဘူးပြီ…။။(ဇတ်တော် ၅၅ဝ စာအုပ်။ထေရီ အပါဒါန်ကျမ်း။မဟာဗုဒ္ဓဝင်-တို့တွင် အကျယ် ရှုပါ။။)

    ဤစာရေးသူအား-ကိုယ်လိုချင်နေတဲ့ ပုံစံတွေကို တကယ်ရရှိအောင်..ယူခဲ့ပြီးခြင်းများ

    * ဤစာရေးသူသည် ဆုကြီးပန် ၁ဦး ဖြစ်တဲ့အတွက်..ဆုကြီးပန်တို့နှင့်ဆိုင်ရာ-အခြေခံ လောကုတ္တရာအဆင့် ဖြစ်တဲ့..မဟာဝိပဿနာ သင်္ခ ါရုပေက္ခာ ဉာဏ်စဉ် အဆင့်တွင်..တကယ်ရောက်ပေါက်နေဘို့ရန် လိုအပ်တဲ့အတိုင်း..တကယ်ရောက်ပေါက် နေလိုသောကြောင့်-အဟုတ်ကြီးပင် အားထုတ်ဖြည့်ကျင့်လိုက်နိုင်သဖြင့်-သင်္ခ ါရုပေက္ခာ ဉာဏ်စဉ်အဆင့်၌..ယ္ခုလက်တွေ့မှာ..ရောက်ပေါက် မြဲတည် နေရပြီ.. ဖြစ်ပါ၏။။
    * သင်္ကန်းဝတ်နဲ့ နေတဲ့သူဟာ..အနိမ့်ဆုံးအားဖြင့်-ကာမဝိတက်တို့ကို-ပယ်သတ်ချုပ်ငြိမ်းထားနိုင်တဲ့-အပ္ပနာသမာဓိအဆင့်တွင်-တကယ်ရောက်နေသင့်တယ်လို့-၁၈ နှစ်သား-ကိုရင်ကုဝေရ အဖြစ်နဲ့ သင်္ကန်းဝတ်ထားရစဉ်တုံးက-စိတ်ထဲက ရော..ပါးစပ်ထဲကပါ..ကြုံးဝါး ပြောဆိုပြီးတော့-တောင်ကြီးတောနက်ထဲသို့-တစ်ပါးထဲပဲ-သွားရောက် ဝင်နေကာ..၂နှစ်ဆက်တိုက်ကြီးပင်..အငတ်ခံ အသေခံ အဆင်းရဲကြီးခံလို့-တကယ်ကျင့်ပစ်လိုက်ရာ..အပ္ပနာသမာဓိ(ပထမဈာန်)သို့-တကယ်အဟုတ်ကြီးပဲ-ပေါက်ရောက် သွားတော့၏။။
    * ဤစာရေးသူနဲ့-စာဖတ်သူတို့ အားလုံးသည်-ယ္ခုလက်ရှိ..ရပိုင်ထားဆဲ..ထမ်းဆောင်နေရဆဲ..လူသားဘဝ ခန္ဓာကိုယ်ကြီးကို-နောင်လာမည့်..ရက်။လ။နှစ်..နဲနဲငယ် မတ္တ..အတွင်းမှာပဲ..စွန့်လွှတ် ပစ်ချပြီးတော့လျင်..ဘဝခန္ဓာသစ်နဲ့-လောကသစ်တွေထဲ၌-ဆွေမျိုးသစ်..မိတ်ဆွေသစ် တို့ဖြင့်-ဆက်လက် ကျင်လည် ရတော့မည်။”ဘဝခန္ဓာသစ်ကြီး အတွက်..တကယ် ယူသွားလို့-ရနိုင်တဲ့အရာ(အနှစ်သာရ အမှန်)သည်..ချစ်သူ GIRL FRIEND..မဟုတ်သလို-နိုင်ငံရေးလဲ..မဟုတ်ဘူးနော်..။”မဟာကုသိုလ်ကံ အပေါင်းနဲ့မဟာပါရမီကံ အစုဝိုင်းကြီးပဲ-အတိအကျ ဖြစ်ပါ၏။-လို့-နားလည် မှတ်သားပါ..။။
    * လက်ရှိ ပစ္စုပ္ပန်ဘဝနဲ့ ဆိုင်ရာ..တာဝန်တွေရယ်။တမလွန်ဘဝသစ်တို့နဲ့ဆိုင်ရာ တာဝန်တွေရယ်..၂မျိုးတို့ကို ခွဲခြားနားလည်ပြီးတော့လျင်..ညီညီမျှမျှ ရှိအောင်..လူသားအားမာန်တို့ဖြင့်ပင်..အချိန်မှီစေလျက် ပြုဆောင်တတ်ရမည်။။
    * post အမှတ်(က)မှ-post အမှတ်(ဆ)ထိအောင်..သိစေလိုရင်း ပြုစေလိုရင်း
    * သတိပဋ္ဌာန် ရှုမှတ်မည့် သူသည်..အမျိုးသားယောဂီ ဆိုရင်..သိကြားမင်းကြီးကို-အတုယူကြပါ။။
    * သတိပဋ္ဌာန် ရှုမှတ်မည့် သူသည်..အမျိုးသမီး ယောဂီ ဆိုရင်..ပဲခူးမယ်တော်ကြီးကို-အတု ယူကြပါ..လို့..နော်။။
    * !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    * ဆုတောင်း ဆုပန်စဉ်ကြီး ၁ခု
    * post အမှတ်(က)မှ-post အမှတ်(ဆ)..ထိတိုင်အောင်..စေတနာကောင်း အရင်းခံများ..စိတ်ကောင်း အရင်းခံများ..သမာဓိကျင့်စဉ် အရင်းခံများဖြင့်-ရေးသားဖော်ပြ ပေးခဲ့ရသော..ကောင်းမှုကံ များစွာ..တို့ကြောင့်၎င်း။အကျွန်ပ်ကိုယ်တိုင်ရဲ့-ပြုခဲ့ပြီး..ပြုနေဆဲ ဖြစ်တဲ့-ကုသိုလ်ကံတရားများ၏-စုစုပေါင်း အားအရှိန် သတ္တိကြီးတို့ကြောင့်၎င်း-အကျွန်ပ်အား….
    * ဤဘဝမှ အစပြုပြီးလျင်..နိဗ္ဗာန် ဝင်စံရမည့် အဆုံးစွန်သော ဘဝတိုင်အောင်..အခြေအနေသစ် အမျိုးမျိုး-ပုံစံသစ်အမျိုးမျိုး-အပြောင်းအလဲသစ် အမျိုးမျိုး..တို့နှင့် ဖြစ်တည်ရှင်သန်ရတိုင်းသော ဘဝတို့တွင်…..
    * မိမိနဲ့-လူနတ်သတ္တဝါများ အမျိုးပေါင်းစုံတို့အတွက်….
    * (က)..တကယ်လိုအပ်မှုတွေရယ်…..
    * (ခ)..တကယ်လိုချင်မှုတွေရယ်……
    * (ဂ)..တကယ်လက်တွေ့ လုပ်ဆောင် ပြီးမြောက် အောင်မြင်မှုတွေရယ်….၃မျိုးစလုံးတို့ကို–
    * အချိန်မှီ အခါမှီ ဖြစ်စေလျက်..အချိန်ကိုက် အခါကိုက် ဖြစ်စေလျက်..အံဝင်ဂွင်ကျ ဖြစ်စေလျက်..အစီအစဉ် အမှန်ကျ ဖြစ်စေလျက်..လျင်လျင်မြန်မြန် ဖြစ်စေလျက်..ပြည့်ပြည့်စုံစုံ ရှိစေလျက်..စွဲစွဲမြဲမြဲ တည်တည်တံ့တံ့နဲ့-အကျိုးအမြတ် ရလာဒ် အကောင်အထည်..ထင်ထင်ရှားရှား ရှိစေလျက်…
    * အသင့်အလျော်အားဖြင့်-အထူးအားဖြင့်-ကောင်းမွန်ဆန်းကြယ်စွာဖြင့်-
    * (၁)..ညီမျှခြင်း ဖြစ်စေရသောသူ..ဟူ၍။
    * (၂)..ညီမျှခြင်း ဖြစ်စေတတ်သောသူ..ဟူ၍။
    * (၃)..ညီမျှခြင်း ဖြစ်စေရဲသောသူ..ဟူ၍။
    * (၄)..ညီမျှခြင်း ဖြစ်စေပိုင်သောသူ..ဟူ၍။
    * (၅)..ညီမျှခြင်း ဖြစ်စေနိုင်စွမ်းသောသူ..ဟူ၍–ပီပီပြင်ပြင် ထင်ထင်ရှားရှားနဲ့..အမှန်ပင်….
    * “အဖြစ်ကြီး ဖြစ်ရပါစေသား—။အမှန်ပင် အဖြစ်ကြီး ဖြစ်ရပါစေသတည်း”။။။။
    * {မဇ္ဈိမနိကာယ်-အင်္ဂုတ္တရနိကာယ်နှင့်-ဝိသုဒ္ဓိမဂ် အဋ္ဌကထာကြီးတို့ကို-မှီ၍-ကောင်းမှုကံ အင်အား အခြေခံတို့ဖြင့် သင့်လျော်ညီမျှစေလျက်-တောင်းဆုပန် စဉ် လိုက်သည်ဟု..မှတ်သားပါ။}
    ===
    (ဆ)..သတိပဋ္ဌာန် ဝိပဿနာ မရှုမှတ်ခင်မှာ..ကြိုတင် သိမှတ် ဖွယ်ရာများ

    * ဤစာရေးသူအား-၂နှစ်ဆက်တိုက် တောတွင်းအောင်း ကိုရင် အဖြစ်နှင့်-သမထကသိုဏ်း လေ့ကျင့်စဉ်တို့တွင်-ပြင်းထန်မြဲမြံခဲ့စဉ်တုံးက-သက်ရှည် ဘုမ္မစိုဝ်းနတ်ကြီးများ-လူသားအသွင်ကို ယူထားအပ်သော-သက်ရှည် နဂါးကြီးများ-စတုမဟာရာဇ်နတ်ကြီးများ-ဝိဇ္ဇာဓိုရ်ကြီးများ အမျိုးပေါင်းစုံတို့မှ-နံနက် စောစော အာရုံတက်ချိန်တွေမှာ-နေဝန်း ထွက်ပေါ်တတ်ရာ အရှေ့ဘက်ဆီသို့ မျက်နှာပြုကာ-မလှုပ်မယှက် ရပ်နေ၍-မေတ္တာ ပွါးလွှတ်နေတတ် ကြကြောင်းကို-တွေ့မြင် မှတ်သားခဲ့ဘူး၏။
    * နတ်ကြီးများ-ဝိဇ္ဇာဓိုရ်ကြီးများ တို့ရဲ့-စင်္ကြန်လျှောက်ပြီးတော့-တရားမှတ်သိ တတ်တဲ့ ပုံစံတွေကတော့-ကျနော်တို့ လူသားယောဂီတွေလို ပါပဲ နော်။။
    * မနာပ ကလျာဏီ နတ်သမီး ၃ဦးတို့ အပါအဝင် တာဝတိ ံသာသူ-နတ်သမီးပျိုများ-စတုမဟာရာဇ် ဘုံသူ- နတ်သမီးပျိုများ-နဂါးသမီးပျိုများ-ကျနော်တို့ရဲ့ နေရာ-လူ့ပြည်ဋ္ဌာနဆီသို့-တကယ်လာရောက်ပြီးတော့လျင်-လူသားယောဂီတွေရဲ့ အနီးအနားနေရာမှာ-တရားထိုင်..တရားမှတ်သိ-တရားလေ့ကျင့် ကြပါ၏။အဲဒါတွေဟာ..ဤစာရေးသူရဲ့ ကိုယ်တိုင်တွေ့ ကိုယ်တိုင် မြင်..တွေ-ဖြစ်ပါ၏။-လို့-နော်..။
    * {အဲဒါကြောင့်မို့ လို့–လူသားယောဂီ..ကိုကို မမ ဦးဦး ဒေါ်ဒေါ် တို့ အနေဖြင့်–ရေချိုး အလှဆင် အဝတ်သစ်လွင် သန့်သန့် ပြန့်ပြန့်တို့နှင့်-မကောင်းသော ကိုယ်အနံ့တို့ကို-ပယ်ရှင်းကာ-ရေစင်မွှေး-အုန်းဆီမွှေး-ပေါင်ဒါ ဆီမွှေးတို့ဖြင့် မိမိတို့ရဲ့ ကိုယ်ခန္ဓာမှာ..အသင့် အလျော် ပြုပြင်ပြီးတော့မှ-သရဏဂုံ၃ပါး- ၅ပါး သီလ တို့နဲ့ အခြေခံယူ၍-သတိပဋ္ဌာန် အမှတ်တရားတို့နှင့်-အသိဉာဏ် ကပ်ထားကြဘို့-ဆိုတဲ့ကျင့်စဉ် ဘာဝနာတွေကို..လုပ် ကြပါ..အားထုတ်ကြပါ..နော်။ခန္ဓာကိုယ်ကောင်ကြီးက-အသုဘ ဆိုပေမဲ့လဲ-သန့်ရှင်းမှုက..လိုအပ်တယ်-လို့ နားလည်ပါ..ဉာဏ်အနေနဲ့သာ–အသုဘ လို့-နှလုံးသွင်းရတယ်..အမှန် *နေ* သင့်ပုံကတော့-သန့်သန့် ပြန့်ပြန့် ရှိရမည်..ကျနော်တို့တတွေသည်–ကျောင်းအမကြီး ဒေါ် ဝိသာခါ..တို့လိုမျိုး-လူဝတ်ကြောင်တွေ ဖြစ်ပါ၏။။။}
    * ပြီးခဲ့တဲ့ ညည့်နက် သန်းခေါင်ယံတုံးကပဲ-အာနာပါန လေ့ကျင့်နေဆဲသူ(ဤစာရေးသူ)ရဲ့-ရှေ့မှောက် တစ်လံ အကွာလောက်မှာ-ထွက်ရပ်ပေါက် လောကထဲက-မဟာယာန ဂိုဏ်းသား တရုတ်ဘိုးတော် ဝိဇ္ဇာကြီး တစ်ဦးမှ-တင်ပလ္လင်ခွေ ထိုင် လို့-တရားမှတ်သိလျက် ဤစာရေးသူအား အဖော်လာလုပ်ပေးနေတာကို-ပီပြင် ရှင်းလင်း ပြည့်စုံစွာပင်-တွေ့မြင်ခဲ့ရ၏။။။
    * ကျေးဇူးတင်ကြောင်း ဝမ်းမြောက်ကြောင်း လာပြောပေးကြပုံ
    * ပြီးခဲ့သော ညဦးယံတုံးက-နဂါးမိန်းကလေး တစ်ဦး တရားထိုင်ပုံ အကြောင်းတို့ကို မှတ်တမ်း တင်ထားပေးခဲ့၍-အထူးပင် ကျေးဇူးတင်ပါကြောင်း-မလေးရှားထဲက-နတ်နဂါးမ တစ်အုပ်စုတို့မှ-ဤစာရေးသူထံ ကိုယ်ထင်ရှားကြီးဖြင့်ပင်-လာရောက် တွေ့ဆုံ ပြောကြားသွားခဲ့၏။။မွန်သောင်းထိုက် blog ထဲ၌-ဤ ၂၀၁၁ ခုနှစ်ထဲမှာပဲ-လူသားကျင့်စဉ် အခြေခံဖြင့်-နတ်များ နဂါးများတို့နှင့်-တွေ့ဆုံခွင့် ရနိုင်ပုံ အခြေခံ ကျင့်စဉ် အသေးစိပ်တို့ကို-ရေးပြပေးအုံးမည်။

    ဤစာရေးသူရဲ့ သမာဓိမြင်ကွင်းထဲက-အရိမေတ္တယျ ဘုရားလောင်းကြီး၏..တရား ထိုင် ဟန်
    လိုရင်းချုပ်ပဲ ရေးတော့မည်။

    * ဤစာရေးသူမှ-အရိမေတ္တယျ ဘုရားလောင်းကို- “တုဿိတာ နတ်သား အသွင်”နဲ့-တစ်ကြိမ်။။..သွေးနီရောင် ဝမ်းဆက်နှင့်..သိဒိ္ဓရှင်.. မဟိဒ္ဓိရှင်-မန္တာန်ဆောင် ဆေးဝိဇ္ဇာဓိုရ်ချုပ်ကြီး အဖြစ်နဲ့ တစ်ကြိမ်။။..သစ်လွင်တောက်ပတဲ့..အကျင်္ ီဖြူစင် လည်ဝိုက်..လက်ရှည်ကို ဝတ်ဆင်ထားသော.. လူသားယောဂီကြီး အသွင်နဲ့ တစ်ကြိမ်..။..

    ၃ကြိမ် ၃ခါ တိတိ..တွေ့ မြင်ခဲ့ဘူး၏။။

    * (တုဿိတာ နတ်သားအသွင်နဲ့-အဝတ်တန်ဆာ အရောင်ကတော့-ပေါက်ထွက်လာကာစ ငှက်ပျောညွှန့်ရောင်နှင့် ဆင်တူ၏။နောက်တစ်မျိုး ပြောရရင်-စေတီတော်ရဲ့ ထိပ်ထက်တွေမှာ ဖူးမြင်ရတတ်သော-စိန်ဖူးတော် အရောင် နဲ့ ဆင်တူ၏။)

    * အရိမေတ္တယျ ဘုရားလောင်းကြီး၏-တရားထိုင်ဟန်မှာ..သိကြားမင်းကြီးရဲ့ တရားထိုင်ဟန်နှင့် အတူတူပင် ဖြစ်ပါ၏။။

    အလွန် ထူးခြားချက်ကတော့ အရိမေတ္တယျ ဘုရားလောင်းအား-ကမ္မဋ္ဌာန်း လေ့ကျင့်တဲ့အခါတွင်-နိသစ် ဓုတင်(ကမ္မဋ္ဌာန်းခွင်ထဲဝယ်-အချိန်ပြည့်..”ထိုင်”..ဓုတင်)ကြီးကို-တင်းတင်း ပြည့်ပြည့် အဓိဋ္ဌာန်ပြု၍ ဖြည့်ဆောင် ထားလျက်နှင့်-ရဲရဲတောက်တောက် ရှိသော-အဓိပတိ စိတ်ဓာတ်သတ္တိကြီးတို့ဖြင့်-ကမ္မဋ္ဌာန်း လေ့ကျင့်တတ်သောကြောင့်-မာရ်နတ်ကြီး အပါအဝင်..မိစ္ဆာ တန်ခိုးရှင်များမှာ..နားနားဆီသို့.. မကပ်ဝံ့ကြပဲ-အလွန် ဝေးဝေးနေရာဆီသို့တိုင်အောင်–ရှောင်ဖဲ ထွက်သွားကြကာ-ကိုယ်ထင်ရှား မပြဝံ့ သဖြင့်-အရောင် အဝါ မှေးမှေးနှိန်မှိန်တို့နှင့်-ငြိမ်၍ ကုပ်၍ ပြားပြား ဝပ်၍..တိတ်ဆိတ်စွာပင် နေကြရကုန်၏။။

    * လဝန်း ကသိုဏ်းကျင့်စဉ်နှင့် နေဝန်းကသိုဏ်းကျင့်စဉ်တို့ကို..လုံးဝကြီးပင်-အောင်မြင် ပြီးထား–နိုင်နင်းကျွမ်းကျင်.. ရဲ..ထားသဖြင့်—
    * အရိမေတ္တယျ ဘုရားလောင်းကြီး၏-လက်ဝဲဘက်က-မျက်လုံးဓာတ်ဝန်းသည်..နေဝန်းကြီးနှင့်-အားအစွမ်းသတ္တိချင်း တူညီသော-အပူစွမ်းအင် တေဇော..အားလှိုင်းကြီးတွေ-ပြည့်ပြည့် ရှိနေ၏။နေရောင် အလင်းအားကြီးတွေ ပြည့်ပြည့်ဝဝ ရှိနေ၏။
    * အရိမေတ္တယျ ဘုရားလောင်း၏-လက်ယာဘက်က-မျက်လုံး ဓာတ်ဝန်းသည်..လဝန်းကြီးနှင့် အားအစွမ်းသတ္တိချင်း တူညီသော..အအေးဓာတ်စွမ်းအင် အအေးဓာတ်စွမ်းအားကြီးတွေ ပြည့်ပြည့်..ရှိနေ၏။။လရောင် အလင်းအားကြီးတွေ ပြည့်ပြည့်ဝဝ ရှိနေ၏။။
    * အရိမေတ္တယျ ဘုရားလောင်းရဲ့ မျက်လုံးအကြည့်တွေ..ကျရောက်သွားရတဲ့ နေရာတိုင်းမှာ-အလင်းရောင်ပြည့် နေဝန်းကြီးနှင့်..အလင်းရောင်ပြည့် လဝန်းကြီး “တစ် စုံ”တို့ဖြင့်-အနေတော် နီးနီးနားနားနေရာတို့မှ..ထွန်းလင်း ပြပေးလိုက် သလိုမျိုးပဲ-အလိုအလျောက် ဖြစ်သွားတတ်သောကြောင့်-ထိုထို နေရာတွင်-ရှိနေကြကုန်သော..ပလုပ်တုတ်..မိစ္ဆာကောင် တန်ခိုးရှင် အမျိုးစုံ အားလုံးအပေါင်းတို့အား-ပြေးစရာ..ပုန်းစရာ..နေရာပျောက်သွား ..မရှိတော့လို့–အရိမေတ္တယျ..ဆိုတဲ့ အသံကြီးကို ကြားရရုံမျှနဲ့ပင်-ကြောက်ဖျား ဖျားနေ တုန်ခိုက်နေတော့၏-လို့-အသေအချာ မှတ်သားပါ…။(အရိမေတ္တယျ ဘုရားလောင်းကြီးရဲ့ မျက်လုံးအကြည့်တွေ..ရွေ့လျား ကျရောက်သွားတဲ့ နေရာတိုင်းမှာ-နေ အလင်းရောင်တန်းတွေ လ အလင်းရောင်တန်းတွေ..အလိုအလျောက် လိုက်ပါ ရွေ့လျား လင်းပြ ပေးနေတတ်သည်-ရဲရဲမှတ်….။)
    * (ဤ post ကြီးကို..မြန်မာပြည်ထဲက..သမာဓိကျင့်စဉ် သမားများ အနေဖြင့်-လွတ်လပ်စွာပင်-ကြည့်ရှု စစ်ဆေးပါ…။)

    (blogger..သည် မိမိရေးခဲ့တဲ့ စာတွေအတွက်..မိမိကိုယ်တိုင်ပင်..တာဝန် ယူရမည်။)

  • nigimi77

    March 2, 2011 at 2:52 am

    တော်တော်လည်း ရူးပါ့။ ကျင့်ရင်းကျင့်ရင်း လွတ်သွားပုံရတယ်။

  • ဆူး

    March 2, 2011 at 12:02 pm

    သဂျီး တင်ထားတဲ့ ပိုစ်ကို အနီ ပေးမလို့.. ဘယ်လောက် နိပ်နိပ် မရလို့.. စာနဲ့ ဘဲ ပြောတော့မယ်။ ရေးတဲ့ လူက နည်းနည်း လွတ်နေလား မသိဘူး။
    ဘိုတော် ဝိဇ္ဇာ လိုင်းသမားတွေ ရေးသားချက်တွေ ဖြစ်နေတယ်။
    ထေရဝါဒ နဲ့ မကိုက်ညီတဲ့ အသုံး အနှုန်းတွေ ပါနေတယ် ဆိုတာတော့ သိတယ် ဘာတွေ ဘယ်လို ဆိုတာတော့ စာဖတ်နည်းလို့ သေချာ မရှင်းပြတတ်ဘူး။
    ဒါပေမဲ့ အဲဒါကြီးက မှားနေတယ် လို့ ယုံကြည်တယ်။
    စိတ်ကူးယဉ်ပြီး ရေးထားတာကြီး..

  • manawphyulay

    March 2, 2011 at 1:30 pm

    မောင်စွမ်းရည် ကဗျာလိုပဲ နောက်ဦးအောင်ဝေးတစ်ယောက်လည်း
    ဝါရှင်တန်၊ နယူးယောက်
    ဒါလောက်ဆိုရင် တော်ပြီပေါ့။
    နိဗ္ဗာန်ခေါ်ရင် မလိုက်တော့။

    ဖြစ်နေလောက်ပြီထင်တယ်နော်………..

Leave a Reply