နယူးယောက်မှ ဥက္ကာမင်းမောင် – ခေတ်စမ်းလုလင်ကဏ္ဍ

kaiFebruary 27, 20111min1001

၂၀၀၉ခုနှစ်ဩဂုတ်လ၁ရက်နေ့မှစ၍အမေ ရိကားUniversity of New York တွင်Hotel Management ဘာသာရပ်ပညာသင်ကြားခဲ့ပြီး ယခုလက်ရှိBerkeley College  Business Administration ပညာဆည်းပူးနေသူမြန်မာနိုင်ငံမှ မော်ဒယ် နှင့် ရုပ်ရှင်သရုပ်ဆောင် ဥက္ကာမင်းမောင်အား ခေတ်စမ်းလုလင်ကဏ္ဍအတွက် စကားပြောမေးမြန်းခဲ့ပါသည်။
နာမည်၊မွေးရာဇာတိ၊ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့မိဘမောင်နှမအကြောင်းအရင်စပြောပေးပါ။
နာမည်ရင်းကရဲထူးခိုင်ဝင်း၊အနုပညာနာမည်က ဥက္ကာမင်းမောင်။ ရန်ကုန်ဇာတိ၊ ညီတယောက်၊ညီမတယောက်ရှိတယ်။ကျွန်တော်ကအကြီးဆုံး။ ညီ ကောင်းထူးခိုင်ဝင်းကကိုရီး ယားနိုင်ငံမှာMarine Management ဘာ သာတက်နေပြီး ညီမလေးဟေဇဲန်ထူးခိုင်ဝင်းက အခုအမေရိကားကBorough of Mahanttan Community Collegeမှာ Multi Media Programming & Design တက်ဘို့ရောက်လာပါပြီ။ မိဘကဦးခိုင်ဝင်း-ဒေါ်နီလာသိန်းမြင့်၊မြန်မာလူမျိုး၊ဗုဒ္ဓဘာသာပါ။

ရန်ကုန်မှာကျောင်းတက်ခဲ့တာတွေပြောပြပါ၊ အမေရိကားမှာဘယ်ကစတက်ခဲ့သလဲ၊ ဘယ်တက္ကသိုလ်တက်နေသလဲ၊
ကျွန်တော်ရန်ကုန်မြို့တီတီစီကနေ၂၀၀၁ခုနှစ်မှာ၁ဝတန်းအောင်ပါတယ်။ ဒဂုံတက္ကသိုလ်(အဝေးသင်)မှာ အင်္ဂလိပ်စာအဓိကနဲ့ဘွဲ့ရခဲ့ပါတယ်။  State University of New York မှာ Hotel Managementအဓိကတက်ခဲ့
ပြီးအခBerkeley College မှာ Business Administrationအဓိကတက်နေပါတယ်။၂၀၁၁ခုနှစ်မှာ ဒီဂရီရမှာပါ၊ ဆက်တက်ရင်၂၀၁၃မှာဘွဲ့ရမယ်။နောက်ထပ် Hotel Mangement ကို Bachelor ဘွဲ့ရအောင်ထပ်တက်မယ်လို့ မှန်းထားပါတယ်။ ရုပ်ရှင်ဒါရိုက်တာဘွဲ့သင်တန်းကိုလည်းဆက်တက်ချင်တယ်။ ဒါပြီးရင်တော့ဘွဲ့၃ခုရပြီပေါ့။

မြန်မာနိုင်ငံနဲ့အမေရိကားမှ ာတက္ကသိုလ်တက်ခဲ့ဘူးတယ်ဆိုတော့ အဲဒီနိုင်ငံတွေရဲ့မတူတဲ့အချက်တွေကိုပြောပြပေးပါ။
ရန်ကုန်မှာကျွန်တော်က အဝေးသင်နဲ့ဘွဲ့ရတာဆိုတော့ကျောင်းတက်ရက်သိပ်မများတော့သိပ်မသိလိုက်ဘူး။ တခုကအာရှ၊ တခုကအနောက်နိုင်ငံဆိုတော့လုံးဝမတူပါဘူး။
Hotel Management ကိုတက်ဖြစ်ရတာက…
ကျွန်တော်ကစားသောက်ဆိုင် ဘားဆိုင်နဲ့ကလပ်ဖွင့်ဖို့ကိုအရမ်းစိတ်ဝင်စားပါတယ်။ အဖေကဟိုတယ်လုပ်ဖို့လဲစီစဉ်နေတာရှိတယ်။ ဒါပေမယ့်အဖေလုပ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်က အရမ်းစိတ်ပါနေတာကြောင့်တက်ဖြစ်တာပါ။ ဟိုတယ်လုပ်ငန်းဆိုတာကတကမ္ဘာလုံးနဲ့ဆိုင်တဲ့စီး ပွါးရေးလုပ်ငန်းတခုလဲဖြစ်ပါတယ်။ ကျွန်တော် အခုတက်နေတဲ့ Business Administrationကိုတော့သိပ်စိတ်မဝင်စားပါဘူး။ Business Administration ကိုBachelorဘွဲ့ရတဲ့အထိ မတက်တော့ပဲ Associate Degree နဲ့ပဲရပ်လိုက်ချင်တယ်။နောက်နှစ်ကျရင် ရုပ်ရှင်ဒါရိုက်တာသင်တန်း တက်မယ်မှန်းထားတယ်။

အမေရိကားရောက်စကဘယ်လိုအခက်အခဲတွေကြုံတွေ့ရသလဲ၊
သိပ်များများစားစားမရှိပါဘူး။ ရောက်စဆိုတော့ လူတွေပြောတာ သိပ်နားရည်မဝဘူး။ နောက်တော့လဲရသွားပါတယ်။ ရာသီဥတုကလဲရောက်စတုန်းကတော့ဒုက္ခရောက်တာပေါ့။ ကြာတော့လဲခံနိုင်ရည်ရှိသွားတာပါပဲ။

မြန်မာပြည်မှာမော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင်လုပ်ခဲ့ပုံအကြောင်းပြောပြပေးပါ။
ကျွန်တော်၁ဝတန်းအောင်ပြီးတော့မော်ဒယ်သင်တန်းသွားတက်တယ်။ အဲဒီအချိန်ကကျွန်တော်ကအရမ်းပိန်တော့မော်ဒယ်လုပ်လို့မရဘူးဖြစ်နေတယ်။ ဒါနဲ့အကအဖွဲ့မှာ နောက်ကနေလိုက်ကတဲ့နေရာမှာပဲ ကနေဖြစ်တယ်။အဲဒီကနေမှတဆင့် တဖြည်းဖြည်းနဲ့ အနုပညာလောကထဲကိုရောက်သွားခဲ့တာပါ။ နောက်တော့ ကျွန်တော် ဖြတ်လျှောက်အခန်းလေးတွေမှာ စ ပါရတယ်။ ဖြတ်လျှောက်ဆို တာက မင်းသား မင်းသမီးတွေဘေးကတို့၊ နောက်ကတို့ဖြတ်လျှောက်တဲ့အခန်းလေးတွေမှာပါရတယ်။ နောက်တော့မင်းသားရဲ့သူငယ်ချင်းအခန်း၊ မင်းသမီးမောင်အခန်းစသဖြင့် အခန်းတွေမှာ ရိုက်ရင်းကနေမှ ဒုတိယမင်းသားအခန်း၊ နောက်မှခေါင်းဆောင်မင်းသား အနေနဲ့ရိုက်လာရတာပါ စိတ်ရှည်ရှည်ဇွဲရှိရှိနဲ့ကြိုးစားခဲ့ရတယ်။

ရိုက်ခဲ့ဘူးတဲ့ရုပ်ရှက်ကားကြီးပေါင်းနဲ့ဗီဒီယိုကားပေါင်း…
ရုပ်ရှင်ကားကြီးက၄ကားပါ။’လွမ်းရင်ခွင်မှာသာတဲ့လ”အမေနဲ့သမီးများ”ဘီလူး”ရွှေမိုးသည်း’တို့ပါ။ ‘လွမ်းရင်ခွင်မှာသာ တဲ့လ’ကကျွန်တော်ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးပါ။ ဒါပေမယ့်ကျွန်တော်ဒီလာတဲ့အထိတော့ဒီကားကိုရုံတင်တာ မတွေ့ရသေးဘူး။ အခုရုံတင်ဖြစ်လားတော့လဲကျွန်တော်မသိဘူး။ ဗီဒီယိုကားပေါင်း၅ဝကျော်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ကားပေါင်း၂ဝကျော်၊ရုံတင်တဲ့ဒီဗီဒီကရကား၊ကာလာအိုကေ၊ကြော်ငြာ၊ပိုစတာတွေရိုက်ရတယ်။ အနုပညာလောကမှာ၅နှစ်လောက်ကြာခဲ့တယ်။

အနုပညာလောကမှာတွေ့ကြုံရတဲ့အခက်အခဲတွေက…
အခက်ခဲဆုံးကတော့ အိမ်ကသဘောမတူတာပါပဲ။ ကျွန်တော်ရုပ်ရှင်ရိုက်ကွင်းကိုကိုယ့်ဖာသာကိုယ် ဘတ်စ်ကားနဲ့သွားရပါတယ်။လုံးဝသဘောမတူပေမဲ့ေ နာက်ဆုံးအိမ်ကတားမရတာနဲ့ဘာမှမပြောတော့ဘူး။

ဒီလောက်ခက်ခက်ခဲခဲနဲ့ရအောင်လုပ်ခဲ့ပြီးမှဘာကြောင့် ကိုယ်ချစ်တဲ့အနုပညာလောကကို ရပ်ခဲ့တာလဲ၊
ကျွန်တော်ရှေ့ရေးပေါ့လေ။ ကျွန်တော့မိဘများက ကျွန်တော်၁ဝတန်းအောင်ပြီးကတည်းကနိုင်ငံခြားမှာ စာသွားဖတ်စေချင်နေတာ။မြန်မာပြည်က အနုပညာလောကဆိုတာဘဝအာမခံချက်သိပ်မကောင်းဘူးလို့ ထင်တယ်လေ။ အသက်ကြီးသွားလို့ဖြစ်စေ၊ နောက်ပေါက်မင်းသားတွေတက်လာလို့ဖြစ်စေ၊ ကိုယ့်ဘဝရပ်တည်ဖို့ အတွက်မခိုင်ဘူး၊မတည်မြဲဘူးပေါ့။ ဒါကြောင့်ငယ်တုန်းမှာဘဝ အာမခံချက်ရှိတဲ့ နိုင်ငံတကာ အသိအမှတ်ပြုပညာတော့တတ်ထားမှဆိုပြီး အမေရိကားကိုထွက်လာဘို့အနုပညာလောက ကနေထွက်ပြီး၁နှစ်လောက်အချိန်ယူပြီး အမေရိကားထွက်လာဖို့ပြင်ဆင်ပြီးမှလာခဲ့တာပါ။ ပညာဆိုတာကလဲငယ်တဲ့အချိန်မှာသင်ထားမှ၊အသက်ကြီးမှသင်တာတို့၊ မိသားစုဘဝရှိပြီးမှ သင်တာတို့ဆိုရင် ပိုခက်ခဲမယ်ထင်တယ်လေ။ ဒါကြောင့်ငယ်တုန်းပညာသင်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ။

အမေရိကားကိုထွက်လာဘို့ရောဘာတွေပြင်ဆင်ခဲ့သလဲ၊
TOEFLဖြေဘို့ကျောင်းတက်ရတယ်။ ဖြေပြီး ၁လလောက်ကြာအမှတ်တွေထွက်တော့ အမေရိကန်ကတက္ကသိုလ်ကျောင်းတွေကိုလျှောက်လွှာတင်တယ်၊အမေရိကားမှာကတနှစ်ကို၂ခါပဲကျောင်းလျှောက်ခွင့်ရှိတာဆိုတော ့တခါမမှီရင် နောက်၆လစောင့်ရတယ်၊ ဒီကြားထဲမှာသင်တန်းတွေအများကြီးတက်ခဲ့တယ်။ အမေရိကားထွက်လာဘို့၁နှစ်ကျော်ကျော်လောက် အချိန်ယူလိုက်ရတယ်။

အမေရိကားမှာအနုပညာ အလုပ်ကိုဆက်လုပ်ဖို့အစီအစဉ်ရှိမရှိ…
ကျွန်တော်ရောက်စမှာ မော်ဒယ်သင်တန်းတွေတက်ဘို့ကြိုးစားသေးတယ်။ ဒါပေမယ့်ဒီမှာကကျွန်တော့်ကိုယ်ပိုင်ကားလဲမရှိ၊သွားရေးလားရေးမလွယ်ကူတော့မတက်ဖြစ်လိုက်ဘူး။ လုပ်ချင်ပေမယ့်လဲ ကိုယ့်ဟာနဲ့ကိုယ်လုံးလည်ချာလည်လိုက်နေလို့မလုပ်နိုင်သေးဘူး။

အနုပညာမျိုးရိုးရှိလား၊လက်ဦးဆရာဘယ်သူလဲ၊
အနုပညာမျိုးရိုးတော့မရှိပါဘူး။ ကျွန်တော့်ရဲ့လက်ဦးဆရာကတော့မောင်နီလွင်(သပြု)ပါ။ သူကကျွန်တော့်ကိုတခန်းစနှစ်ခန်းစခေါ်ခေါ်ရိုက်ပါတယ်။ ပရိုဂျူဆာတွေနဲ့မိတ်ဆက်ပေးတယ်။ သူလက်တွဲခေါ်ခဲ့ပေးပါတယ်။

ရုပ်ရှင်အပြင်ဘယ်လိုအနုပညာမျိုးကိုဝါသနာပါပါသလဲ၊
သီချင်းဆိုတာဝါသနာပါတယ်။မြန်မာပြည်မှာတုန်းကပရော်ဖက်ရှင်နယ်တယောက်လိုမဆိုခဲ့ပေမယ့် စီးရီးထုတ်ဘို့လုပ်နေရင်း တပိုင်းတစနဲ့ဒီကိုထွက်လာတယ်၊ စတိတ်ရှိုးပွဲတွေမှာဆိုခဲ့ဘူးပါတယ်။ မြန်မာပြည်ပြန်ရင် ရုပ်ရှင်ပြန်မရိုက်ဖြစ်ရင်တောင် တေးစီးရီးတခုတော့ ပြီးအောင်ဆက်လုပ်ချင်တယ်။ နောင်အနှစ်၅ဝလောက်ကျရင်ကိုယ့်ဘရဲ့မှတ်တိုင်လေအနေနဲ့ရှိနေမယ်။

နိုင်ငံခြားနဲ့အမေရိကားတခွင်မြို့စုံအောင်ရောက်ပြီးပြီလား၊
အမေရိကားမှာတော့ နယူးယောက်ကလွဲလို့ ဘယ်မှမရောက်သေးပါဘူး။ အာရှမှာဆိုရင်တော့စင်္ကာပူ၊မလေးရှား၊ထိုင်ဝမ်၊ဂျပန်၊ ကိုရီး ယား၊ ယိုးဒယား၊ဖိလစ်ပိုင်နဲ့ဟောင်ကောင်ရောက်ဘူးပါတယ်။ အာရှမှာ့စင်္ကာပူနိုင်ငံကိုအကြိုက်ဆုံးဘဲ။သန့်ရှင်းလို့။
မြန်မာပြည်ထဲမှာတော့မြို့တော်တော်များများကိုရောက်ဘူးပါတယ်။ ကြိုက်တာကတော့ပင်လယ်ကမ်းခြေတွေကိုကြိုက်တယ်။

ဒီမှာဘယ်လိုအရာမျိုးတွေကိုမကြိုက်နှစ်သက်ဘူးလဲ၊
ကျွန်တော်အမေရိကားတော့ကြိုက်တယ်။ ‘စိတ်ညစ်လိုက်တာ”ဒါကြီးကိုမကြိုက်ဘူး’ ဆိုတာတော့မရှိဘူး။

ဒါဆိုမြန်မာပြည်ကိုပြန်ဖြစ်မှာလား၊
ဒါတော့သေချာတယ်ပြန်မှာ၊မြန်မာပြည်မှာက ကျွန်တော့်မိဘများရဲ့လုပ်ငန်းတွေကလဲရှိသေးတယ် ။ပြီးတော့မြန်မာပြည်မှာက ကိုယ်ကအခြေခံရှိပြီးသားပါ၊ကျောင်းပြီးရင်ပြန်မှာပါ။

လက်ကိုင်ထားတဲ့ဆောင်ပုဒ်က…
ဘယ်အလုပ်မဆို ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက်ရမယ်ကြိုးစား ရင်ကြိုးစားသလောက်ရမယ်။ Make Yourself Busy တဲ့။ ကျောင်းကသင်ထားတာလေ။ ကိုယ့်ကိုကိုယ် မအားလပ်အောင်အလုပ်လုပ်နေမှစိတ်မလေမှာ။ လူကအားနေရင်စိတ်လေတတ်တယ်။

ကျောင်းတက်ရင်းအလုပ်လုပ်သလား၊ အားလပ်ရက်မှာဘာလုပ်သလဲ၊
အရင်နှစ် Internship မှာတုန်းကဟိုတယ်မှာအလုပ်လုပ်ပါတယ်၊ ခုပြီးသွားတော့ မလုပ်ဖြစ်တော့ဘူး။ စာမေးပွဲမှာ အမှတ်တွေကောင်းအောင်ခုလောလောဆယ်တော့ ကျောင်းစာပဲဦးစားပေးနေပါတယ်။ ကျောင်းကတပတ်၅ရက်တက်နေရတော့သိပ်အားလပ်ချိန်မရှိဘူးဖြစ်နေတယ်။ နောက်ပြီးကိုယ်ရထားတဲ့စကောလားရှစ်လေးမပျောက်အောင်ထိမ်းသိမ်းနေရတယ်။ စကောလားရှစ်ကဒေါ်လာ၅၀၀ဝလောက်ရတာဆိုတော့ ကျွန်တော့အတွက် တော်တော်လေးကျောင်းစားရိတ်သက်သာစေတယ်။အားရင်တော့အိပ်တယ်။ ရောက်ခါစမှာတော့ လျှောက်လည်တယ်။ အရမ်းသွားချင်တယ်။ ခုတော့ဘယ်မှမသွားချင်တော့ဘူး။ Gym သွားတယ်။ တပတ်မှာ ၃ရက်ကနေ၄ရက်လောက်သွားဖြစ်ပါတယ်။

ဘယ်လိုတီဗီအစီအစဉ်မျိုးတွေကိုကြည့်သလဲ၊
ကျွန်တော်ကြိုက်တာDance ပြိုင်ပွဲဆိုတော့တီဗီမှာလာရင်ကြည့်ဖြစ်တာများတယ်။ America Idol, America’s Best Dance ကိုကြည့်ဖြစ်ပါတယ်။

အကြိုက်ဆုံးအသုံးအဆောင်နဲ့အရောင်က…
ရေမွှေး။ အရောင်ကအဖြူ၊ အနက်၊ မိုးပြာရောင်။

ဘယ်လိုအစားအစာတွေကိုကြိုက်သလဲ၊
မုန့်ဟင်းခါး။ ကျွန်တော်ကမစားဘူးတဲ့အစားအစာတွေလိုက်စားတယ်။

မြန်မာပြည်ကအမေရိကားကိုနောက်ထပ်ရောက်လာမယ့် မျိုးဆက်သစ်လူငယ်တွေကိုဘာပြောချင်သလဲ၊
ပညာရေးကကိုယ့်ဘဝရဲ့အာမခံချက်ဖြစ်ပါတယ်။ ပညာလိုလားသူအားလုံးကိုယ့်ဘဝရ ဲ့ရည်မှန်းချက်တွေပြည့်ဝဘို့ အားသွန်ခွန်စိုက်ကြိုးစားကြပါလို့.. .ပညာရေးကတကယ်ကြိုးစားရင်တကယ်အကျိုးရှိပါတယ် ကျွန်တော်ကတော့အားပေးပါတယ်။

ဘဝမှာမေ့မရတဲ့အမှတ်တရနေ့တွေရှိခဲ့သလား၊
အများကြီးဘဲရှိပါတယ်။ ဒီအထဲမှာအမေနဲ့ညီမလေးတို့ အမေရိကားရောက်လာတဲ့နေ့ကလဲတနေ့အပါအဝင်ပေါ့။ အဲဒီနေ့က ကျွန်တော်အရမ်းပျော်တယ်။ အမေရိကားဗီဇာရတဲ့နေ့ကလဲအမှတ်တရပါဘဲ။ ဒီနိုင်ငံနဲ့ပတ်သက်လာရင်ပေါ့။နောက်မြန်မာပြည်နဲ့ပတ်သက်လို့ကတော့ကျွန်တော့ဇာတ်ကား ရုံတင်တော့လူတွေအများကြီးလာအားပေးတာ၊ ကျွန်တော်လက်မှတ်ထိုးပေးခဲ့တာတွေလဲ အမှတ်တရဖြစ်ရပါတယ်။

ရတနာပုံနေပြည်တော်သတင်းစာကနေပြောချင်တာက…
ကျွန်တော့်ကိုသိသော၊ ကျွန်တော့်ကိုမသိသောမည်သူဖြစ်ဖြစ်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေလို့… ကိုယ့်နိုင်ငံကထွက်လာပြီးနိုင်ငံရပ်ခြားမှာ ရုန်းကန်လှုပ်ရှားကြတဲ့အခါ အဆင်ပြေတာရှိသလိုအဆင်မပြေတာတွေလဲကြုံရမယ် ။အဲဒီလိုအခါ
မျိုးမှာစိတ်ဓါတ်မကျဘဲရှေ့ဆက်လှမ်းပါလို့။ လူဆိုတာစိတ်ဓါတ်ကျတတ်တယ်။ ဒါကြောင့်စိတ်ဓါတ်မကျပါနဲ့လို့…။

ရတနာပုံနေပြည်တော်သတင်းစာကိုဘယ်လိုမြင်သလဲ၊
အားလုံးခြုံကြည့်ရင်ကောင်းပါတယ်။ကဏ္ဍစုံလင်တယ်၊ ဓါတ်ပုံတွေဝေဆာတယ်၊ ဒီမှာရောက်နေတဲ့မြန်မာတွေအတွက်အရေးပါတဲ့သတင်းစာတစောင်ပါ။ သတင်းစာကတနိုင်ငံလုံးမှာပျံ့နှံ့တယ်။ ဒီနိုင်ငံမှာဒီလိုလုပ်နိုင်တယ်ဆိုတာကိုကမလွယ်ပါဘူး။လုပ်နေကြတဲ့သူတွေကိုချီးကျူးပါတယ်။ လေးစားပါတယ်။ ကျွန်တော့်ကိုအခုလိုအချိန်ယူပြီးတကူးတက ဆက်သွယ်မေးမြန်းတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။

မှတ်ချက်။  ။ မန္တလေးဂေဇက် ဖေဖော်ဝါရီလတွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်သည်။

One comment

  • bigcat

    February 27, 2011 at 6:10 pm

    ကျနော့်ကိုရော မဗျူးချင်ဘူးလား။
    အင်တာဗျူးတွေမှာဘာကြောင့် ကိုးကွယ်ရာဘာသာကို ထည့်မေးရတာလဲ။ အင်တာနေရှင်နယ် မဂ္ဂဇင်းအင်တာဗျူးတွေမှာ များသောအားဖြင့် မမေးကြတာသတိပြုမိလို့။

Leave a Reply