ရန်ကုန်-ပုသိမ်ကားလမ်းပေါ်က သမုဒ္ဒယစားသောက်ဆိုင်

etoneMay 8, 20101min23118

ခရီးသွားရင်းတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတခုကိုသူငယ်ချင်းအားလုံးနဲ့ share လုပ်လိုက်ပါတယ်နော် ။ သူငယ်ချင်းတို့တွေလည်း ခရီးသွားရင်း အလားတူအဆင်မပြေမှူလေးများမကြုံရအောင် တတ်နိုင်သရွှေ့ forwardပြန်လုပ်ပေးကြပေါ့နော် ။

ပြီးခဲ့တဲ့ တပတ်က ကျွန်မတို့အုပ်စုလိုက် ချောင်းသာကိုသွားလည်ခဲ့ကြတယ်။အစစအရာရာ အဆင်ပြေခဲ့ပေမဲ့ လမ်းခုလတ်မှာဝင်နားခဲ့တဲ့ စားသောက်ဆိုင် နှစ်ခုနဲ့ပတ်သတ်လို့ အတော်လေးစိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်။

ပထမဆုံးကျွန်မပြောချင်တဲ ့စားသောက်ဆိုင်ကတော့ ရန်ကုန်ပုသိမ် ကားလမ်းပေါ်မှာရှိပါတယ် ။ ဗိုလ်မြတ်ထွန်း တံတား အကျော်လေး မှာပေါ့ ။ ခရီးသွားကားများအများဆုံးရပ်နားတဲ့နေရာပါပဲ ။ ခနတဖြုတ် အဆာပြေစားဖို့နဲ့ အပေါ့ပါးသွားဖို့ ကားရပ်ပေးတဲ့နေရာပါ ။ ဆိုင်ရဲ့နာမည်ကတော့ သမုဒ္ဒယလို့ ရေးထားပါတယ် ။ အပြင်အဆင်လေးနေရာထိုင်ခင်းကိုတော့ အဆင်ပြေအောင်ကျယ်ကျယ် ဝန်းဝန်းလုပ်ပေးထားပါတယ်။ တခြားခရီးသွားကားများရပ်နားနေချိန်နဲ့ ကြုံခဲ့တာမို့ အဆင်ပြေပြေမှာစားလို့ရတဲ့ ကြာဇံချက်တပွဲကိုပဲ ကွန်မမှာစားခဲ့တယ် ။ စားပွဲထိုးသုံးယောက် ပြောင်းပြီး ခေါ်မေးပြီး နောက်မှာ ကျွန်မရှေ့ကို ကြာဇံချက်တစ်ပွဲရောက်လာပါတော့တယ် ။ ( စားပွဲထိုးတွေက မှာချင်တာမှာခိုင်းပြီး ဘာမှမရောက်လာနိုင်လို့ တယောက်ပြီးတယောက်ကို remind လုပ်ရတယ်လို့ ဆိုလိုတာပါ )။ ရောက်လာတဲ့ ကြာဇံချက်ပွဲအပြင်အဆင်ကနည်းနည်းတော့ထူးဆန်းနေပါတယ် ။ ပုံဖော်ပြီးမြင်အောင် ပြောပြရရင် ကြေးအိုးပန်းကန်အလတ်စား ထဲမှာ တစ်ဝက်သာသာလောက်ပဲ ရှိတဲ့ကြာဇံချက်ကို ထည့်ပြီး အောက်က ပလတ်စတစ် ပန်ကန်ခံလို့ ဝါးတူတစုံကို ပါးကန်ပေါ်ကနေတင်ထားတဲ့ အနေထားမျိုးပါ ။စတီးဇွန်းတချောင်းလည်း ထည့်ပေးထားပါတယ်။ ပန်းကန်လုံးထဲမှာပါတဲ့ ကြာဇံချက်ပမာဏနဲ့ ပန်းကန်လုံးနေကိုမြင်ရတာ အတော်လေးထော်လော်ကန်ကလန့်နိုင်နေပါတယ် ။ ဒါပေမဲ့လည်း ကျွန်မစားချင်တာ ပန်းကန်လုံးမှမဟုတ်ပဲလေ … အထဲက ကြာဇံချက်အရသာကိုသာမြည်းဖို့ ဇွန်းနဲ့ ပန်းကန်လုံးထဲကိုမွှေလိုက်တော့မြင်လိုက်ရတာက ပဲပြားတုန်းကြီး သုံးတုန်းပါ ။ အထူးဆန်းကတော့ဖြစ်ပြီးရင်းဖြစ်နေပါပြီ ။ ကျွန်မတို့စားခဲ့ဖူးတဲ့ ကြာဇံချက်ထဲမှာ ဘယ်တုန်းကမှ ပဲပြားတုံးတွေ ထည့်မချက်ခဲ့ပါဘူး ။ တခါတခါ ငါးဖယ်အစားပဲပြားလေးတွေနဲ့ အသားတုလေးတွေ နှုတ်နှုတ်ဆင်းပြီး ချက်တာတော့တွေ့ ဖူးခဲ့ပါတယ် ။ အခုပဲပြားတုံးက သုံးမြှောင့်ပုံလှီးထားပါတယ် ။ ဈေးက ပဲပြားလေးထောင့်ပုံကို နှစ်လွှာခွဲပြီး ထက်ခြမ်းခြမ်းထားတဲ့ပုံမျိုးပါ ။ ဈေးထဲက ပဲပြားတစ်တုံးကိုလှီးရင်ကျွန်မပန်းကန်လုံးထဲက ပဲပြားလေးတုံးစာရပါတယ်။ ပဲပြားကတော့ကျွန်မကြိုက်လို့ ဇွန်းနဲ့ပန်းကန်လုံး ထဲဆက်မွှေပြီး ကြာဇံလေး ၊ မှိုခြောက် ၊ ပန်းခြောက်နဲ့ အသာလေးတွေပဲခပ်စားဖို့ရှာပါတယ် ။ အသားနဲ့တူတာဆိုလို့ ဘာမှမပါတဲ့အပြင် ကြာဇံလေး လေးငါးမျှင်နဲ့ မှိုခြောက်ပန်းခြောက်အတုံး အထစ်လေးနည်းနည်းသာပါတာကိုတွေ့ရပြန်တယ် ။ နေရာဒေသကွာလို့ ချက်တဲ့နည်းမတူတဲ့သဘောလားတော့ ကျွန်မမပြောတတ်ပါဘူး အတော်လေးထူးဆန်းတာတော့အမှန်ပါပဲလေ။ ဒီလိုနဲ့ပဲ အချိန်သိပ်မရခဲ့ တာကြောင့် ကြာဇံချက်ကိုမြန်မြန်စားမယ်ဆိုတဲ့စိတ်နဲ့ ပထမဆုံးဟင်းရည်ကို မြည်းကြည့်တဲ့အခါမှာတော့ ချဉ်ချဉ်စပ်စပ်အရသာ ကိုရပြန်ပါတယ် ။ ငါးခေါင်းဟင်းကို မန်ကျည်းသီးမှည့်နဲ့ ရေကျိုချက်တဲ့အရသာမျိုးပါ ။ ငရုပ်ကောင်းမွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ရန်ကုန်က ကြာဇံချက်နဲ့တော့ အရသာအရမ်းကိုကွာပါတယ် ။ ချေးများနေလို့မဖြစ်တဲ့အနေထားကြောင့် အစာပြေသုံး လေးဇွန်းပဲစားခဲ့ပါ တယ်။ ပြီးတော့ကော်ဖီတစ်ခွက်မှာသောက်ပြန်ပါတယ် ။ ကော်ဖီကတော့မြန်ပါတယ် တခြားစားပွဲကမှာထားတာမယူတော့လို့ လာချပေးတာကြောင့်ပါ 😛 ကျွန်မက ကော်ဖီကို အမှုန့်နဲ့ စစ်ပြီးဖျော်တဲ့ ဆိုင်ဖျော်ပုံစံမျိုးပဲကြိုက်တာပါ ။ လာချပေးတဲ့ကော်ဖီက အေးနေပါပြီ ။ ကော်ဖီလို့ပြောပြီး သောက်ခဲ့ရတာက အရောင်ဖျော့ဖျော့နဲ့ ခပ်ကျဲကျဲ ကော်ဖီတစ်ခွက်ပါပဲ ။ အားလုံးစားသောက်ပြီးလို့ ပိုက်ဆံရှင်းချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ကို ကြာဇံချက်ဈေးက ထူးဆန်းနေပြန်ပါတယ် ။ တစ်ပွဲကို ၁၈၀ဝ တဲ့လေ။ နားကြားများမှားသလားပြန်မေးတော့လည်း ဒီဈေးပါပဲ။ အောင့်သီးအောင့်သက်နဲ့ ပ ိုက်ဆံရှင်းခဲ့ပြီး ကိုယ့်လိုပဲ ခြားသူငယ်ချင်းတွေလည်း ဒီအဖြစ်မျိုးမကြုံရအောင် ဆိုင်နာမည်ဆိုင်းဘုတ်ကိုပါ ဓါတ်ပုံရိုက်ခဲ့တယ်လေ။ ပုသိမ်ဘက်ကိ ုသွားတဲ့ခရီးသွားကားတိုင်းလိုလိုရပ်တဲ့နေရာပါ။

18 comments

  • chitkay

    May 8, 2010 at 6:00 am

    ဟိုက်…. ရှာလပတ်ရည်….
    ကြာဆံချက်တစ်ပွဲကို ၁၈၀၀….
    ဘုရား… ဘုရား

  • htethtet

    June 5, 2010 at 5:12 pm

    ကြိုက်တယ်ကွာ အဲဒီလို တာဝန်မဲ့ လောဘသားတွေကို
    အဲဒီလို ဗြောင်ကြီး ရေးလုပ်တာ ဖတ်ရတဲ့သူ အရသာတွေ့သွားတာဘဲ
    ဘာတဲ့——–
    သမုဒ္ဒယစားသောက်ဆိုင် စားသောက်ဆိုင်နော် အသေ မှတ်ထားပြီး
    တွေတဲ့သူတိုင်း အခမဲ့ပြောပေးပါ့မယ် သမုဒ္ဒယစားသောက်ဆိုင်

  • လင်းဝေကျော်

    July 7, 2010 at 7:14 am

    ဟုတ်ပါတယ်။
    ဆိုင်တွေ က လုပ်ချင်သလို လုပ်နေကြတာပါ။
    ကြာဇံချက်တစ်ပွဲ ၁၈၀ဝ ဆိုတော့ ဆိုင်ရှင် ကို ပါးခေါ်ရိုက်လို့ ရနေပြီ။
    အမှန်တော့ အဲသလို ပုံစံမမှန်ဘူးထင်ရင် အစကတည်းက ပြန်ပေးလိုက်ပါ။
    ရှိသေးတယ် ပွင့်ဖြူ ဆိုတဲ့ သုဝဏ္ဏ က ဆိုင် ကတော့ ကော်ရည်ခေါက်ဆွဲ တစ်ပွဲ ၂၂၀ဝ တဲ့။ ကောင်းကြသေးလား…

  • etone

    March 4, 2011 at 7:12 am

    ခရီးသွား ရာသီဖြစ်တဲ့အတွက် ကမ်းခြေကို အများဆုံး သွားဖြစ်တယ်လို့ သိရပါတယ်… ။ မေ့နေမှာဆိုလို့ မန်းထားတာလေးတစ်ခုနဲ့ recovery လုပ်ထားတာပါ … ရှောင်ကွင်းသွားနိုင်အောင်ပါ ။

  • naywoonni

    March 4, 2011 at 9:16 am

    ကိုယ်မရောက်ဖူးတဲ့ ဆိုင်ဆိုရင် ဈေးအရင်မေးပြီးမှမှာတာ အကောင်းဆုံးပဲ။ ဂွတီး ဂွကျနဲနဲနိုင်ပေမဲ့ ဒီလိုဟာမျိုးမကြုံရတော့ဘူးပေါ့…….။

  • kopauk mandalay

    March 4, 2011 at 10:30 am

    အခုလို ပြတ်ပြတ်သားသားတင်ပြပေးတာကောင်းသဗျာ။
    နောက်လူတွေထပ်အဆော်မခံရတော့ဘူးပေါ့နော်။
    ကျနော်ကတော့ ခရီးသွားတယ်ဆိုရင် သိပ်ထူးထူးဆန်းဆန်းမစားဘူး။
    ထမင်းဆီဆမ်းနဲ့ကြက်ဥကြော်
    ဒါတောင်ဈေးမေးပြီးမှစားတာပါ။
    ခံရပေါင်းများပြီလေ။

  • unclegyi1974

    March 4, 2011 at 4:57 pm

    မြန်မာနိုင်ငံမှာလို့ပဲပြောရတော့မှာပါ
    ရန်ကုန်မန္တလေးကားလမ်းကဆိုင်တွေလည်းသိပ်မထူး
    ပါဖူးဘာတွေများစရိတ်တွေတက်နေလို့
    အခုလိုအဆမတန်ယူနေကြပါလိမ့်နော

  • MaMa

    March 5, 2011 at 9:30 am

    ကြုံနေလို့ ပြောရအုံးမယ်။ ချောင်းသာ၊ ငွေဆောင်ဖက်သွားရင် ပန်းတနော်မြို့ဆိုင်းဘုတ်တွေ့ရင် အဲဒီနားမှာ ယူရေးနပ်စ် လ္ဘက်ရည်ဆိုင် ဆိုတာရှိတယ်။ လိပ်စာက တံတားလမ်း၊ တံတားထိပ်၊ ပန်းတနော်မြို့တဲ့။ ဝင်စားကြည့်ပါ။ ကိုယ့်မြို့မို့လို့ပြောတာ မဟုတ်ဘူး။ စားလို့ကောင်းတယ်။ သန့်ပြန့်တယ်။ ဈေးနှုံးသင့်တင့်တယ်။ ညွှန်လိုက်တဲ့လူတိုင်းကတော့ သဘောကျတယ်လို့ ပြန်ပြောကြတာပဲ။ ကိုယ်တိုင်သွားစားကြည့်ပြီး ပို့စ်ထပ်တင်ပေ့ါ။

  • cherrykoko

    March 5, 2011 at 9:39 am

    ခရီးသွားရင် တွေ့ရာဆိုင်ဝင်မစားတာကောင်းပါတယ်..
    သန့်ရှင်းမှုလည်းမရှိပါဘူး ….သူတို့တွေကတနပ်စားကြံပြီး လုပ်စားကြတာများပါတယ်…ခရီးဝေးသွားတော့မယ်ဆိုရင် အိမ်မှာတည်းကလမ်းမှာအဆာပြေစားနိုင်အောင်ပြင်ဆင်ယူသွားတာပဲကောင်းပါတယ်…..ပြည်ဘက်သွားတဲ့လမ်း မှာ ဆို မင်းလှ ဆိုတဲ့မြို့လေးမှာ ကားကြီးတွေနားလေ့ရှိပါတယ်..ဆိုင်နာမည်တော့မပြောတော့ပါဘူး ကြီးကြီးမားမားသူတစ်ဆိုင်ပဲလမ်းဘေးမှာရှိတာပါ..အဆောက်အဦးကတော့သုံးထပ်တိုက်ကြီးပါပဲ..ဒါပေမဲ့ ဆိုင်တွင်းအပြင်အဆင်ရော နောက်ဖေးနောက်ဖီသွားဖို့ ရေအိမ်တွေကစ သိပ်ညစ်ပတ်တာပါပဲ..ဘယ်နေရာကိုမှမထိချင်လောက်အောင် ညစ်ပတ်တာပါ…အစားအသောက်ကလည်း ညံ့ပြီး ဈေးလည်းမတန်တဆပေးရတာပါ…ရန်ကုန် မန်းလေး လမ်းသစ်ကသွားရင် ကားတွေနားတဲ့ ဖြူး ၁၁၅ မိုင် ထင်ပါရဲ့..အဲဒီ မှာရှိတဲ့ စားသောက်ဆိုင်တွေကတော့ တော်တော်လေး အဆင်ပြေပါတယ်.. သန့်ရှင်းတယ်..ဆက်ဆံရေးကောင်းတယ်..အစားအသောက်တွေလည်းကောင်းပြီးဈေးလည်းသင့်ပါတယ်…မြ်ို့ပေါ်စားသောက်ဆိုင်တွေနဲ့ဈေးနှုန်းကိုယှဉ်လို့မရတောင်မှ နဲနဲပါးပါးပဲဈေးကွာတာပါ….စားပျော်ပါတယ်..ခရီးလမ်းကိုမှန်းပြီး စားဖို့သောက်ဖို့တခါတည်းပြင်ဆင်ပြီးယူသွားတာအကောင်းဆုံးပါပဲ…ခရီးသွားရင် ကျန်းမာရေးကိုအထူးဂရုစိုက်ရတော့ အစားအသောက်သန့်ဖို့လည်းအရေးကြီးပါတယ်..

  • winkyawaung

    March 5, 2011 at 9:46 am

    ကားလမ်းဘေးဈေးဆိုင်တွေက ကားသမားများကိုသာ အလကားကျွေးကြတယ်။ ခရီးသည်များကိုတော့ ရိုက်စားလုပ်တတ်ကြပါတယ်။

  • etone

    March 7, 2011 at 2:52 am

    လောဘ ကြီးတဲ့ ဆိုင်တွေအကြောင်း ပြည်သူလူထုသိအောင် သတင်းပေးရမယ် ။
    တစ်ချို့ ခရီးသွားတွေက အပျော်ခရီးမဟုတ်ပဲ မဖြစ်မနေသွားရတဲ့အတွက် ငွေကြေးတစုံတစ်ရာ ပြသနာရှိနိုင်တဲ့ အတွက် ရှောင်သွားလု့ိ ရအောင်ပါ ။

  • sayargyi

    March 7, 2011 at 9:48 am

    အဲဒီဆိုင်က ပုသိမ်သွားတဲ့လမ်းပေါ်ကမဟုတ်ဘူးထင်တယ်..
    ဟသာင်္တ သွားတဲ့အခြမ်းမှာရှိတာဖြစ်ပါလိမ့်မယ်..
    ပုသိမ်မြို့ပေါ်ကဆိုင်တွေလဲ ဈေးသာကြီးတာ မကောင်းတော့ပါဘူး.
    ချောင်းသာသွားရင်း ထမင်းစားချင်ရင်တော့ တက္ကသိုလ်ကျောင်းလမ်းကဆိုင်တွေမှာစားပါ ဈေးလဲသက်သာပါတယ်

  • zaymdy

    April 18, 2011 at 2:06 pm

    ကျွန်တော်ကတော့ ဒီနေ. မနက်ပဲ ပဲပြုတ်ဆီစမ်းကို တစ်ပွဲ 800 နဲ. စားခဲ့ရတယ် ကြက်ဥပါပြီးမှားတွက်မိတာလားလို. မေးမိတာ ဟုတ်ဘူးဗျ တစ်ပွဲ 800 တည်း( ဟေဟေး ) တစ်ခါစားတွေ.ပါ တော်တော် ကုသို်လ်ရမယ် သူတွေ.
    အဲ ကားသမားတွေ.ကြတော့ သေချာ ရှယ်ကျွေးတာနော် ဒါမျိုးကြတော့ ဘယ်အမတ်မင်းကို သွားလျှောက်ကမလည်းဗျို…..

  • nature

    April 18, 2011 at 3:14 pm

    ကိုယ်တိုင်အမတ်ဝင်အရွေးခံလိုက်လေ၊ဒို့ထောက်ခံမဲပေးမယ်။

  • naywoonni

    April 18, 2011 at 3:46 pm

    အဲဒလို ဆိုင်မျိုး တွေအကြောင်းပြောနေရင်..။ ဘာမှတောင်လုပ်ရမှာမဟုတ်ဘူး..။ ဒီတော့ အဲဒိလိုလမ်းဘေးဆိုင်တွေ (ထိုင်နေကြမဟုတ် တဲ့ ဆိုင်တွေ ဝင်မထိုင်ပဲ နေလိုက်ကြပေါ့……..။ )အများညီရင် ဤ တောင်ကျွဲဖြစ်သေးတာ……………
    သူတို့တွေ ဘာခံနိုင်မှာလဲ…။ ကျွန်တော်ကတော့ တွေ့တဲ့သူအဲဒိလိုပဲပြောတယ်..။ ခုကထဲကစည်းရုံးရေးဆင်းနေတာ အရွေးခံဖို့……….. 😛

  • MaMa

    April 19, 2011 at 1:40 am

    ဘယ်ဆိုင်မဆို စားတော့မယ်ဆိုရင် ဘယ်ဟာဘယ်ဈေးလဲ မေးပြီးမှ စားတဲ့အကျင့်ကို လုပ်ကြည့်ပါ။ မစားခင်မေးရင် ဈေးတွေက အဲဒီလောက် မများတော့ဘူး။ ဒါ့အပြင် စားသောက်ပြီးရင် ဘယ်လောက်ကျလဲ ကိုယ်တိုင်လိုက်တွက်ပြီးမှ ပေးပါ။ သူငယ်ချင်းတွေနဲ့ ခရီးသွားတာ အဲဒီနည်းနဲ့ သွားလိုက်တာ သိသိသာသာကို ကုန်ကျစရိတ် သက်သာသွားပါတယ်။

    • etone

      April 19, 2011 at 7:03 am

      MaMa ရေ အဲ့ဒီလို မစားခင်မေးတာတော့ ကောင်းပေမဲ့ … ပတ်ဝန်းကျင်ကလေ ကပ်စီးနဲဆိုတဲ့ ဘွဲ့ ပေးပြန်တယ် … ။ စားပြီးရှင်းလျှင်တော့ ဘယ်လောက်ကျလဲ တွက်ပြီးမှပဲ ပေးပါတယ် … ။

Leave a Reply