မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာစံအေးနှင့်တွေ့ဆုံခြင်း

kaiMarch 1, 20111min1289

၂၀၀၆ခုနှစ်ဇွန်လ၄ရက်။    ။
အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက်ရှိသောမြန်မာလူမျိုးများသည် အမိမြန်မာပြည်ကို မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်အား ဖြင့်၎င်း၊ ငွေအားဖြင့်၎င်းကူညီစောင့်ရှောက်လျက်ရှိသည်။ ကိုယ်ပိုင်အချိန်နဲပါးလှသည့် အမေရိကန်ပြည်ထောင်စုတွင် ရုန်းကန်လှုပ်ရှား နေရ သည့်ကြားမှ မိမိတို့၏တန်ဖိုးရှိလှသောကိုယ်ပိုင်အချိန်ကို အမိမြန်မာပြည်သားတို့အတွက် အကျိုးရှိရှိ အသုံးပြုနေကြသောထိုပုဂ္ဂိုလ်များသည် မြန်မာပြည်သူတို့၏အတုယူဖွယ်စံပြပိုပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ၎င်းတို့အနက်မှ မြန်မာပြည်၏ရဟန်းရှင်လူပြည်သူအပေါင်းအား နှစ်စဉ်နှစ်တိုင်း ဆေးဝါးဒါန၊ စက်ပစ္စည်းကိရိယာဒါန၊ ငွေကြေးဒါနနှင့် ဆေးကုသမူလုပ်အားပါလှူဒါန်းလျက်ရှိသော မြန်မာဆရာဝန်ကြီး ဒေါက်တာစံအေး (မျက်စိအထူးကု)၏အလှူဒါနသမိုင်းမှတ်တိုင်
များကိုတင်ပြလိုက်ရပါသည်။
ဒေါက်တာစံအေးသည်၁၉၆ရခုနှစ်တွင် ရန်ကုန်ဆေးတကသိုလ်(၁)မှ M.B.,B.S ဘွဲ့ကိုရရှိခဲ့ပြီး ၁၉၆၉ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် မျက်စိအထူးကုဘွဲ့လွန်ပညာကိုဆက်လက်ဆည်းပူးသင်ယှူခဲ့သည်။ မြန်မာပြည်ဖွါးမြန်မာအမျိုးသမီးတဦးနှင့် အိမ်ထောင်ကျပြီး သားသမီး၄ဦးထွန်းကားခဲ့သည်။

မျက်စိခွဲစိပ်မှုအလှူဒါနစတင်ခြင်း
ဒေါက်တာစံအေးသည်၁၉၉၃ခုနှစ်မှစပြီးယခုနှစ်တိုင်နှစ်စဉ်နှစ်တိုင်း အမိမြန်မာပြည်သို့ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ မျက်စိပိုင်းဆိုင်ရာ ဆေးကုသမှုနှင့်ခွဲစိပ်ကုသမှု အလှူဒါနများကိုပြုနေသည်။ ၁၉၉၃ခုနှစ်တွင် အမေရိကားသို့ မျက်စိနှင့်ဆီးရောဂါများကုသမှုခံယူရန်အတွက် ရောက်ရှိလာသောစစ်ကိုင်းတောင် သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ပေါ်တွင် မျက်စိအထူးကုဆေးရုံတည်ဆောက်လိုကြောင်း ပြောကြား ခဲ့သည်။ ဒေါက်တာစံအေးသည် သီတဂူဆရာတော်၏ဆေးရုံအလှူဒါနတွင်မိမိ၏ဆေး
ပညာဖြင့်ပါဝင်ပါရမီဖြည့်ရန်ဆုံးဖြတ်ပြီးကာလ ပေါက်ဈေး အမေရိကန် ဒေါ်လာခြောက်သောင်းရှိသော နောက်ဆုံးပေါ်မျက်စိတိမ်ရောဂါခွဲစိပ်စက်ကို ချက်ချင်းလှူဒါန်းခဲ့သည်။ စစ်ကိုင်းတောင် ပေါ်သို့လည်း လူကိုယ်တိုင်သွားရောက်ပြီး အဆိုပါဆေးရုံအတွက် လိုအပ်သောဆေးဝါးနှင့်ငွေကြေးအပြင် မိမိ၏မျက်စိခွဲစိပ်ကုသမှုဆေးပညာကိုပါ လှူဒါန်းပါရမီ ဖြည့်ခဲ့သည်။
ဒေါက်တာစံအေးသည် စစ်ကိုင်းတောင် သီတဂူဆေးရုံတွင် သံဃာတော်များနှင့်သီလရှင်များ၏မျက်စိနှင့်ဆိုင်သောရောဂါများကို အခမဲ့ စမ်းသပ်စစ်ဆေးပေးပြီးအခမဲ့ခွဲစိပ်ကုသပေးရုံမျှမက တစ်နှစ်တစ်ခါမြန်မာပြည်သို့ပြန်ရောက်ချိန်တွင် စစ်ကိုင်းမြို့အနီးပတ်ဝန်းကျင်မှသာမက ရန်ကုန်၊မန္တလေးမြို့နှင့် မြန်မာတနိုင်ငံလုံးရှိ မြန်မာပြည်သူပြည်သားများ၏မျက်စိရောဂါများ(အတွင်းတိမ်နှင့်ရေတိမ်) ကိုအခမဲ့ခွဲစိပ်ကုသ ပေးသည်။ မျက်စိလူနာများအနေဖြင့်ဒေါက်တာစံအေး၏ မျက်စိခွဲစိပ်ကုသမှုအတွက်ကြိုတင်စာရင်း ပေးသွင်းပြီး ရက်ချိန်းရယူထားရန် လိုကြောင်း နှင့်နောက်ဆုံးပေါ်တိမ်ရောဂါခွဲစိပ်စက်ဖြင့် ကုသမှုခံယူရန်အတွက်သီတဂူသံဃ ဆေးရုံရန်ပုံငွေအဖြစ်သာအလှူငွေထည့်ဝင်ကြရန် လိုအပ်ကြောင်း သိရှိရသည်။
ဒေါက်တာစံအေး၏မျက်စိခွဲစိပ်ကုသမှုအလှူဒါနတွင် ဗြိတိန်နိုင်ငံမှ ဒေါက်တာသိန်းမြင့်၊ ရန်ကုန်နှင့်မန္တလေးမြို့မှမျက်စိအထူးကုဆရာဝန်များ၊ ဩစတြေးလျ၊ဘယ်လ်ဂျီယန်နိုင်ငံတို့မှနိုင်ငံခြားသား မျက်စိအထူးကုဆရာဝန်များကလည်းပါဝင်ကူညီခွဲစိပ်ပေးကြသည်။
ယခုအခါစစ်ကိုင်းတောင်သီတဂူဆေးရုံ၏ေ နာက်ဆုံးပေါ်မျက်စိခွဲစိပ်ကုသမှုဖြင့်၉၈ရာခိုင်နှုန်းသေ ာ လူနာများကမျက်စိအလင်းပြန်လည်ရရှိလာ ကြောင်း ဒေါက်တာစံအေးကပြောကြားပါသည်။
ဒေါက်တာစံအေးကမြန်မာနိုင်ငံတွင်မျက်စိမကွယ်သင့်ဘဲမျက်စိကွယ်သွားသူများရှိနေသေးကြောင်း၊အများစုမှာ အချိန်အနည်းငယ်သော ခွဲစိပ်ကုသမှုဖြင့် မျက်စိပြန်လည်ကောင်းမွန်သင့်ပါလျက် အချိန်မှီမျက်စိခွဲစိပ်ကုသမှုမခံယူမိဖြစ်ကြောင်း၊ ထိုသို့သောမျက်စိဝေးနာရှင်များအား ကုသပေးလိုသော စိတ်ဆန္ဒကြောင့်နှစ်စဉ်နှစ်တိုင်းမြန်မာပြည်သို့ပြန်ပြီး မိမိ၏ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ခရီးစားရိတ်၊ ကိုယ်ပိုင်ဆေးဝါး၊ ကိုယ်ပိုင်ခွဲစိပ်ကိရိယာများနှင့် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခွဲစိပ်ကုသပေးခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။
ဒေါက်တာစံအေးသည် စစ်ကိုင်းတောင် သီတဂူဆေးရုံတွင်သာမက ရန်ကုန်မြို့ရှိမျက်စိအထူးကုဆေးရုံနှင့် ရန်ကုန်မြို့မဂိုလမ်းရှိ American Vision မျက်စိအထူးကုဆေးခန်းတို့တွင်လည်း မျက်စိလူနာများကိုခွဲစိပ်ကုသပေးကြောင်းသိရှိရသည်။ဒေါက်တာစံအေး
သည်နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ပြန်လေ့ရှိသော်လည်း ယခုနှစ်ဇွန်လကုန်တွင်အမေရိကနိုင်ငံတွင်ဆေးကုသမှုခံယူပြီးသော သတ္တမယံသီ ဆရာတော်ကို မြန်မာပြည်သို့ပြန်လည်ပို့ဆောင်ရင်းသွားရောက်မည်ဖြစ်သည်။
ဒေါက်တာစံအေးသည် ရွှေဟင်္သာဆရာတော်၊ မိုးကုတ်ရိပ်သာဆရာတော်၊အလိုတော်ပြည့်ဆရာတော်၊ ကုံလုံဆရာတော်၊ သီလဝါ ဆရာတော်၊ အဓိဋ္ဌာန်ဆရာတော်(ရခိုင်ပြည်နယ်)၊ ကျောက်မဲဆရာတော်၊ တောင်ပုလုဆရာတော်နှင့်ရွှေဗျိုင်းနားဆရာတော်တို့အား မျက်စိခွဲစိပ် ကုသမှုဒါနပြုခဲ့ဘူးသည်။
ဒေါက်တာစံအေး၏ တန်ဖိုးမဖြတ်နိုင်သည့်စိတ်ထားနှင့်မွန်မြတ်လှသောမျက်စိခွဲစိပ်ကုသမှုအလှူဒါနတို့ကြောင့် မြန်မာပြည်ရှိ မျက်စိ ဝေဒနာရှင်များသည် အမှောင်ခွင်းပြီးအလင်းဆောင်နိုင်ကြပြီဖြစ်သည်။ နိုင်ငံခြားရောက်မြန်မာလူမျိုးများထဲမှ ဒေါက်တာစံအေးကဲ့သို့ စံနမူနာယူထိုက်သော ပညာရှင်ပဂိုလ်များကြောင့်သစ်တစ်ပင်ကောင်း ငှက်တသောင်းနားခိုနိုင်ကြလေပြီ။
နိုင်ငံခြားရောက်မြန်မာများအားလုံး အမိမြန်မာပြည်နှင့်မြန်မာလူမျိုးစုများအတွက် ကောင်းမြတ်သောလူမှုရေးလုပ်ငန်းများကို မိမိတို့တတ်နိုင်သ၍လက်ဆင့်ကမ်းလုပ်ဆောင်နိုင်ကြပါရန်နှိုးဆော်တင်ပြလိုက်ရပါသည်။
ရခိုင်ပြည်နယ်မှအလိုတော်ပြည့်ဆရာတော်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသောရခိုင်ပြည်နယ်မှ သံဃာတော်များနှင့်ပြည်သူများအတွက်သံတွဲ သို့မဟုတ်စစ်တွေမြို့တွင် စစ်ကိုင်းတောင် သီတဂူဆေးရုံကဲ့သို့သော မျက်စိအထူးအဆေးရုံတစ်ခုတည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု ဒေါက်တာစံအေးမှတဆင့်ကြားသိရသည်။ စိတ်ပါဝင်စားသောအလှူရှင်များသည် တက်ဆပ်ပြည်နယ်ရှိ ထေရဝါဒဗုဒ္ဓဘာသာအသင်းသို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြကြောင်းသိရှိရပါသည်။

မှတ်ချက်။  ။ ၂၀၀၆ ဇူလိုင်လထုတ် မန္တလေးဂေဇက်၏ ထင်ရှားကျော်ကြားမြန်မာများကဏ္ဍတွင် ပုံနှိပ်ဖေါ်ပြခဲ့သော တွေ့ဆုံမေးမြန်းခြင်းဖြစ်သည်။

9 comments

  • ဆူး

    March 1, 2011 at 3:35 pm

    ကောင်းပါ၏။
    အလှူရှင်ရဲ့ စိတ်စေတနာ ဖြူစင်လှပါ၏
    ဝမ်းသာ ပီတိ ဂွမ်းဆီ ထိ သို့ ဖတ်ရသည်မှာ ကြည်နူးဝမ်းမြောက် လှပါ၏
    နောက်များလည်း လှူနိုင်ပါစေ။
    သာဓု သာဓု သာဓု…
    နိဗ္ဗာန် သောင်ကမ်း အမြန်ကူးခပ်နိုင်ပါစေ။
    အိမ်သူ သက်ထား ဇနီး မယား သားသမီး မကျန် ဆွေမျိုးသိုက်က အစ နိဗ္ဗာန် သောင်ကမ်း လမ်းတိုတို နဲ့ ရောက်ပါစေသောဝ်။

  • naywoonni

    March 2, 2011 at 12:51 pm

    သာဓုပဲ ခေါ်နေ နီတို့ကောမလှူချင်ဘူးလား နာတော့လှူချင်တယ်။ ဖြစ်နိုင်ရင် ….. ခန္ဓာကိုယ်တစ်ခုလုံးလှူချင်တာ … နောက်ကျန်တဲ့သူလည်း အလုပ်မရှုပ်တော့ဘူး။ နို့မို့ဆို မြေမြုပ်ပစ်ရတာ အလုပ်ရှပ်တယ်နော့……..။

  • ဆူး

    March 2, 2011 at 1:07 pm

    သက်ရှိထင်ရှား ရှိတဲ့ လူဆီကနေ မျက်ကြည်လွာ အလှူ မခံပါဘူး လှူလို့လည်း မရပါဘူး။
    သေရင်သာ လှူလို့ရပါတယ်။
    ဘယ်လောက် လှူချင် လှူချင် ကိုယ်နဲ့ ကိုက်ညီ တဲ့ အလှူခံ ရှိမှ အသုံးဝင် တာ ဖြစ်ပါတယ်။
    မသေခင်တော့ ဆေးရုံကို လှူခဲ့လို့ရပါတယ် ဆေးကျောင်းသားတွေ ပညာရေး အတွက် စမ်းသပ်ရန် အထောက်အကူ ဖြစ်ပါတယ်။
    သေမှ လှူလို့ ရတာ ဖြစ်တဲ့ အတွက် အနီးအနားမှာ ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ငယ်သူတွေ ကြီးသူတွေကို သတင်းပေးထား သေရင် ဒီကို ပို့ပေးပါဆိုပြီးတော့…

  • MaMa

    March 2, 2011 at 1:12 pm

    ကျမတို့ အလုပ်မှာ သူငယ်ချင်းတွေ တစ်လကို ၃၀၀ဝ စုပြီး သင့်တော်တဲ့နေရာလေးတွေမှာ လှူကြတယ်။ အားလုံးသဘောတူပေါ့။ (2000group လိုမျိုး။) တစ်ယောက် ၃၀၀ဝ ဆိုတော့ လှူရတာလည်း အပန်းမကြီးဘူး။ စုလိုက်တော့လည်း များသား။ စစချင်း စိတ်ကျန်းမာရေးဆေးရုံမှာ နံနက်စာ တစ်နှပ်ကျွေးဖြစ်တယ်။ ကျွေးတဲ့ဆီကို ကိုယ်တိုင်ကိုယ်ကျ သွားကြပြီးတော့ စိတ်ဓါတ်တက်ကြွလာကြတယ်။ နောက်အခေါက်တွေကျတော့ နာရေးကူညီမှုအသင်းလိုမျိုး လူမှုရေးလုပ်ငန်းတွေမှာ လှူတယ်။ လှိုင်သာယာ အလယ်ရွာက ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းမှာလည်း ကလေးတွေကျောင်းဖွင့်ရက်ကို စာရေးကရိယာနဲ့ ဗလာစာအုပ်လေးတွေ လှူဖြစ်တယ်။ နောက်တော့ စိတ်ဝင်စားတဲ့ လူတွေက လှူတဲ့ဆီကို လူတော့ မလိုက်နိုင်ဘူး။ ငွေတော့ထည့်လှူကြတယ်။ ကိုယ်တတ်နိုင်သလောက်လေး လုပ်ခွင့်ရတာကိုပဲ ကျေနပ်ဝမ်းသာစရာပေါ့။ ခုဆို တစ်လ ၃၀၀ဝနဲ့ပဲ ၇၀၀၀၀၀-၈၀၀၀၀ဝလောက် (ခန့်မှန်းခြေပြောတာနော်။ အတိအကျသိချင်ရင် ငွေကိုင် Padonmar ကို်မေးကြည့်ပါ။)။ လှူပြီးသွားပြီ။ အဲဒီလို နီးစပ်ရာရာလေးတွေစုပြီး ကောင်းမှုကုသို်လ်တွေ တစ်နိုင်တစ်ပိုင် လုပ်ကြရင် ကောင်းတာပဲ။

  • manawphyulay

    March 2, 2011 at 1:26 pm

    ဒီလိုအလှူရှင်မျိုးတွေ အများကြီး ထပ်မံပေါ်ပေါက်လာရင် အများအတွက် ကျေးဇူးအလွန် တင်မိပါသည်ရှင်

  • etone

    March 3, 2011 at 3:05 am

    အလှူရှင် ဆရာကြီး ရဲ့ စိတ်ထားတကယ့်ကို မွန်မြတ်ပါတယ် … ။
    လူတွေက သူများပိုက်ဆံ ကိုယ့်အိတ်ထဲ ဘယ်လို ရောက်မလဲပဲ စဉ်းစား နေကြတာ … ။ ကိုယ့် ဆီမှာ ရှိတာလေး မျှဝေပေးဖို့ကိုတော့ တွန့်တို တတ်ကြတယ်… ။ ပိုက်ဆံချမ်းသာတာ ၊ မချမ်းသာတာနဲ့ သဒါ္ဓတရားက တိုက်ရိုက် သက်ရောက်မှုမရှိပါဘူး … ။ ချမ်းသာတိုင်းလည်း လှူချင်မှ လှူမယ် .. မချမ်းသာလည်း အနည်းငယ်ဖဲ့ပြီး လှူမယ် .. ဒါမျိုးတွေ ရှိပါတယ် … ။ သဒါ္ဓ တရား အခြေခံစိတ်လေး ရှိတဲ့လူကတော့ ချမ်းသာတဲ့ လူကလည်း ချမ်းသာတဲ့ လျှောက်လှူတယ် …မချမ်းသာတဲ့လူကလည်း မရှိတဲ့ အထဲက မျှဝေပြီး လှူတတ်ပါတယ် … တကယ့်ကို အတုယူဖို့ ကောင်းတဲ့ စိတ်ဓါတ်တွေပါ ။

  • naywoonni

    March 3, 2011 at 11:55 am

    အလှူခံ ပုဂ္ဂိုလ်ရဲ့ အကျိုးကို ရှေ့တန်းတင်တဲ့ ဘယ်လို အလှူမျိုး မဆို မြင်မြတ်ပြီးသားပါ။ အလှူရှင်ကသာ ကိုယ်ကုသိုလ်ရဖို့ ရှေ့တန်းမတင်နဲ့ပေါ့။ ပြီးတော့ တစ်ကယ်လိုအပ်တဲ့ နေရာကိုလှူ ပေါ့

Leave a Reply