နိုင်ငံခြားမှာ အလုပ်မလုပ်ခင်…

zoxnetApril 24, 20101min781
bldingnightview

ဒူဘိုင်းမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် Hotel life အပါအဝင် အလုပ်တိုင်းလိုလိုဟာ မန်နေဂျာရဲ့ လက်အောက်မှာပဲ လုပ်ကြရပါတယ်။ (အကုန်လုံးသိပြီးသားဟာကို)။ အဲလိုလုပ်ကြရတဲ့အခါမှာ ကိုယ့်အလုပ်ရဲ့မန်နေဂျာနဲ့ အဆင်ပြေသူတွေဟာ အခွင့်အရေးတွေလည်း ပိုရတတ်ကြပါတယ်။ အလုပ်မှာလည်း လွယ်ကူမှုရရှိကြပါတယ်။ များသောအားဖြင့် ကုမ္ပဏီတော်တော်များများမှာလည်း ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုတွေကို ပိုင်ရှင်ထက် မန်နေဂျာကပဲ ပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့ဟိုတယ်မှာလည်း ကိစ္စတော်တော်များများကို ကျွန်တော်တို့ဟိုတယ်သူဌေးထက် ဟိုတယ်မန်နေဂျာကပဲ တာဝန်ယူဆုံးဖြတ်လေ့ရှိပါတယ်။ ကျွန်တော်တို့ မန်နေဂျာနဲ့ စတင်တွေ့ဆုံပုံကို ကျွန်တော်တစ်ခေါက်ရေးပြဖူးပါတယ်။ အခုကျွန်တော်ပြောချင်တာက ကျွန်တော့် မန်နေဂျာကို ကျွန်တော်ဘယ်လို (ချုပ်) ခဲ့သလဲဆိုတာကိုပါ။ နိုင်ငံခြားမှာ အလုပ်လုပ်သွားလုပ်မယ့်သူများရှိရင် ကျွန်တော်နည်းလမ်းလေးက အထောက်အကူ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဟဲ။ ကျွန်တော် မန်နေဂျာနဲ့ စတင်သိကျွမ်းပြီးတဲ့ အချိန်ကစပြီး သူနဲ့ရင်းနှီးဖို့ ကျွန်တော်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဟိုတယ်မှာက မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာပါ။ ကျွန်တော့်မှာ တိုင်ပင်ဖေါ်၊ တိုင်ပင်ဖက်၊ အခက်အခဲရှိရင် အကူအညီတောင်းနိုင်မယ့်သူ ဆိုလို့ အနီးကပ်ဘယ်သူမှ မရှိဘူးဗျ။ လက်ရှိရှိနေတဲ့ စတဖ်တွေမှာလည်း ဘယ်သူကမှ အဆင်ပြေအောင် ပေါင်းလို့မရဘူးလို့လည်း ကျွန်တော်ကထင်နေတယ်။ စကားပြောရတာ သိပ်အစီးမကပ်ဘူးဗျ။ ဒါကြောင့် မန်နေဂျာနဲ့ ဆုံတဲ့အခါတိုင်းမှာ ကျွန်တော်သူ့ကို တရင်းတနှီး စကားပြောပါတယ်။ လေးလေးစားစား ဆက်ဆံပါတယ်။ ဖားတယ်လို့ မထင်အောင် အထူးဂရုစိုက်ပြီး နေပါတယ်။ (တခြားသူတွေ အမြင်ကတ်မှာ စိုးလို့)။ သူ့ဘက်ကလည်း ကျွန်တော့်အပေါ် ပထမပိုင်းမှာတော့ နည်းနည်းခပ်တန်းတန်းနေပါတယ်။ နောက်ပိုင်းမှာတော့ …

သူ့ဘက်ကလည်း ကျွန်တော့်ကို အရေးပေးစ ပြုလာပါတယ်။ ကျွန်တော်အပါအဝင် ဝန်ထမ်း ၆ ယောက်နဲ့ မန်နေဂျာက တထပ်တည်းမှာ နေတာပါ။ မန်နေဂျာကတော့ တခြားတစ်ခန်းပေါ့။ မန်နေဂျာက အဆောင်အပြန် နောက်ကျပါတယ်။ အားလုံးက အလုပ်အပြီး အဆောင်ရောက်ရင် စောစောစီးစီး အိပ်ကြပါတယ်။ အဲလိုအခါမျိုးမှာ ကျွန်တော်က မန်နေဂျာ ပြန်အလာထိ စောင့်ပြီးနေပေးပါတယ်။ တံခါးဖွင့်ပေးပါတယ်။ သူ့ပစ္စည်း ဘာညာသာရကာ နည်းနည်းပါးပါးကို သယ်ပေးပါတယ်။ (စာရွက်စာတမ်းနဲ့ လက်ဆွဲအိတ်ပါ။) ကျွန်တော်လုပ်ပေးရတာက မဖြစ်စလောက်လေးပါ။ (ဒါပေမယ့် အဲလိုပြုမူပေးခြင်းအားဖြင့် နောင်တချိ်န်မှာ ရလဒ်ကောင်းတတ်ပါတယ်။ ) ဒီလိုနဲ့ သူကလည်း မနက်သူလမ်းလျှောက်ထွက်ပြီး ပြန်လာရင် ကျွန်တော့်ကို ကော်ဖီဝယ်ဝယ်လာတတ်ပါတယ်။ တခြား ကျွန်တော့်ထက် ပိုစေရှင် မြင့်တဲ့သူတွေ အများကြီးရှိပေမယ့် ကျွန်တော့်အပေါ်မှာ ပိုအရေးပေးလာပါတယ်။ တောင်းဆိုချက် တော်တော်များများကို အလွယ်တကူ ခွင့်ပြုပေးပါတယ်။ မတော်တဆ အမှားအယွင်းရှိခဲ့ရင် လျှော် ပေးပါတယ်။ များသောအားဖြင့် မြန်မာမှအပ တခြားနိုင်ငံတွေမှာ ဂုဏ်ပေးလေးစားခြင်းဆိုတာ မရှိသလောက်ရှားပါတယ် ခင်ဗျ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာတွေအတွက် ဘာမဟုတ်တဲ့ လေးစားမှုလေးက တခြားနိုင်ငံသားတွေ အပေါ်ကြီးမားသွားစေ တတ်ပါတယ်။ အပြောအဆို အနေအထိုင်က အစပေါ့ဗျာ။ ကျွန်တော်ကြုံဖူးလို့ပါ။ ကျွန်တော်တို့ မန်နေဂျာကလည်း တော်တော် စိတ်သဘောထား ကောင်းတဲ့သူ တစ်ယောက်ပါ။ အပြောအဆိုတွေမှာ အပေါ်စီးက ပြောလေ့မရှိဘူးခင်ဗျ။ ဒါကိုကြုံရတဲ့ တခြားတခြားသော သူတွေက အချာဘင်ပါဆိုပြီး အခွင့်အရေးယူတတ်ပါတယ်။ ကျွန်တော်ကတော့ အနူတောက လူချောပေါ့ဗျာ။ မြန်မာတွေ ထုံးစံအတိုင်း သူ့အပေါ်တလေး တစား ဆက်ဆံပါတယ်။ ကျွန်တော့်မိုဘိုင်းလ် ထဲက နံမည်စာရင်းမှာ ကျွန်တော့်မန်နေဂျာကို Our good manager ဆိုပြီး ကျွန်တော်က နံမည်ရေးထားပါတယ်။ တစ်နေ့ ကျွန်တော်ပဲ ကံကောင်းတာလား၊ ဘာလားတော့ မသိဘူး။ ကျွန်တော့် မိုဘိုင်းလ်ဖုန်း ကြောင်သွားပါတယ်။ လိုင်းပျောက်လိုက်၊ အသံမထွက်လိုက်နဲ့ တော်တော်ဒုက္ခတွေ့ပါတယ်။ အဲဒါကို မန်နေဂျာနဲ့ စကားပြောရင်း စကားစပ်မိတော့ သူ့ကိုပြောပြလိုက်ပါတယ်။ အဲဒီ အခါမှာ သူက ပြစမ်း မင်းဖုန်းဆိုပြီး ကျွန်တော့် မိုဘိုင်းလ်ကို ယူကြည့်ပါတယ်။ ပြီးတော့ သူ့ဖုန်းနဲ့ခေါ်ပါတယ်။ ဖုန်းလိုင်း ဝင်သွားပြီး ခေါ်တဲ့သူနေရာမှာ ကျွန်တော် ထည့်ထားတဲ့ Our good manager ဆိုတာ ပေါ်လာပါတယ်။ အဲဒါကို မြင်သွားတဲ့ သူက စိတ်ထဲမှာတော့ ဒီကောင် ငါ့ကို တော်တော်ကြွေတာပဲ ဆိုပြီး ထင်သွားတယ် ထင်ပါတယ်။ အဲဒီနေ့ကစလို့ ပါချီပါချက် ကျွန်တော်ဟာ ဝန်ထမ်းတွေထဲမှာ မန်နေဂျာရဲ့ အရေးအပေးဆုံး သူတစ်ယောက်ဖြစ်လာပါတော့တယ် ခင်ဗျ။

One comment

  • သာမိညောင်

    April 24, 2010 at 4:32 pm

    အင်း အင်း ကျွန်တော် ကိုယ်တိုင် မန်နေဂျာ ဖြစ်လာပုံလေး ကို တစ်နေ ့ ပြောပြချင်ပါတယ်
    အလုပ်တစ်ခုမှာ အရေးပါတဲ့ လူတစ်ယောက် မဖြစ်လာရင်တောင် ပုဂံပို တစ်ချပ်တော့မဖြစ်သင့်ဘူး
    အမြင့်ကောင်းတွက် လှေခါးကောင်းကို အသုံးပြုတတ်ဖို ့ဆိုတာ တော်တော်အရေးကြီး ပါတယ်

Leave a Reply