ရွှေဥဒေါင်း အတ္ထုပ္ပတ္တိ (၁၈၈၉ – ၁၉၇၃)

manawphyulayMarch 7, 20111min590

ရွှေဥဒေါင်းအမည်ခံ ဦးဖေသိန်းဖြစ်သည်။ အဖ ဦးဧရာ၊ အမိဒေါ်ရွှေတို့မှ
ဖွားမြင်သည်။ ဇာတိ မန္တလေးဖြစ်သည်။ ဖွားရက်မှာ ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၂၄
ရက်နေ့ ဖြစ်ပါတယ်။ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်း၊
သာသနာပြုကျောင်းတို့တွင် အဆင့်ဆင့် ပညာသင်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်ဝင်
စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့နောက်တွင် ကျောင်းဆရာ၊ စာရေး၊
အယ်ဒီတာ စသည်ဖြင့် အလုပ်အမျိုးမျိုး ဘဝအဖုံဖုံတွင် ကျင်လည်ခဲ့သည်။ ၁၉၁၆
ခုနှစ်တွင် ဝတ္ထုစရေးသည်။ ရွှေဥဒေါင်း၏ ပထမဆုံးဝတ္ထုမှာ ရန်ကြီးအောင်
ဖြစ်ပါသည်။ ယခုအထိ တွေ့ရသော စာရင်းအရ ဝတ္ထုရှည်ကြီး ၁၄ အုပ်ကို ဘာသာပြန်၍
ဝတ္ထုရှည်ကြီး ၁၅ အုပ်ကို မှီငြမ်းပြုရေးသားခဲ့ပြီး
ဝတ္ထုတိုအမြောက်အမြားကိုလည်း မှီငြမ်းပြု၍လည်းကောင်း၊ ဘာသာပြန်၍လည်းကောင်း
ရေးသားခဲ့သည်။ ရွှေဥဒေါင်း၏ ဝတ္ထုအများစုမှာ ဘာသာပြန်အမှီးများ ဖြစ်ပါသည်။
ပင်ကိုရေးဝတ္ထု ၅ ပုဒ်နှင့် ဘာသာရေးဆိုင်ရာ ကျမ်း ၅ ကျမ်း၊ အထွေထွေဗဟုသုတ
ကျမ်း ၃ ကျမ်း၊ ခရီးသွားမှတ်တမ်း ၁ အုပ်၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ၂
အုပ်ကို ရေးသားပြီး ကျန်းမာရေးနှင့် ကြီးပွားရေးကျမ်း ၂ ကျမ်းကိုလည်း
ဘာသာပြန်ခဲ့သည်။ သတင်းစာခေါင်းကြီးများနှင့် ဆောင်းပါးအများကိုလည်း
ရေးသားခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်
(မြန်မာနိုင်ငံ)ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံတို့သို့ သွားရောက်ခဲ့ဖူးသည်။
မြှော်တလင့်လင့် ဖြင့် ၁၉၅၂ စာပေဗိမာန်ဘာသာပြန်ဆု၊ သွေးစုပ်မြေ ဖြင့်
၁၉၅၅ စာပေဗိမာန်ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့်
၁၉၆၁ စာပေဗိမာန် သုတပဒေသာဆု ရရှိခဲ့သည်။
စုံထောက် မောင်စံရှားဝတ္ထုများသည် ထင်ရှားလှသည်။ အခြားထင်ရှားသော
အမှီးဝတ္ထုများမှာ ရူပနန္ဒီ၊ ရူပကလျာနီ၊ ပထမံဆရာသိန်းတို့ ဖြစ်ပါသည်။
၁၉၇၃ ဩဂုတ်လ ၁ဝ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။