“အုံပုန်းသစ်သီးရဲ့ ရင်တွင်းလှိုက်ခတ်သံ တေးတစ်ပုဒ်“


(၁)

တွေးကြည့်လိုက်ရင် ရှက်စရာကောင်းပါလားလို့ သူမတွေးနေမိတယ်။ဟုတ်တယ်လေ။ ရေလာအောင် သူမပဲမြောင်းပေးမိတာကို။ မနေ့ညကမှ သေသေချာချာ စေ့စေ့စပ်စပ်တွေးမိတော့တယ်။ သူမပဲ ထိုကောင်လေးကို စကြိုက်ခဲ့သလိုလိုပြောလိုက်မိတာက ကိုယ့်ထောင်ချောက်ထဲကို ခုန်ဆင်းမိသလိုဖြစ်နေခဲတာလေ။တကယ်ဆို သူမနဲ့ ထိုကောင်လေးက သူငယ်ချင်းတွေပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကခင်ခဲ့တာတော့မဟုတ်။ ဆယ်တန်းအောင် တက္ကသိုလ်ပထမနှစ်တက်ခါမှ နဖူးစာရွာလည်ချင်လို့ ထိုကောင်လေးနဲ့ခင်ခဲ့ရတာလို့ သူမက ယူဆတယ်။ ထိုကောင်လေးကလည်း သူမကိုဆို မင်သေသေနဲ့ ဖမ်းစားလိုက်တာများ ခုတော့ သူမကပဲ မိန်းမ မတန်မယ့် ချစ်စကားစ ပြောမိပါရောလား။

ဇာတ်လမ်းက မသန်းလို့ပြောရမလို ဖြစ်နေတဲ့အချိန်မှာ သူမက ကလေးကို မုန့်ပေးကြိုက်တယ်လို့ တစ်ရုံးလုံးကပြောနေကြပြီ။ သူမကလည်း ခုအချိန်မှာ အပျိုကြီးအရွယ်သို့ ချင်းနှင်းဝင်ရောက်ရန် မသေချာသေပေမယ့်လို့ ထိုကောင်လေးနဲ့ ယှဉ်လိုက်ရင်တော့ ငါးနှစ်ကြီးများတောင်ကွာတယ်လေ။ အချစ်ဆိုတာကလည်း မျက်စိလည်လမ်းမှားတတ်သတဲ့။ ခုချိန်မှာ မျက်စိလည်လမ်းမှားတာက အချစ်မဟုတ်ပဲ သူမသာလျှင် လမ်းမှားလျှောက် ပြီး မျက်ကန်းခဲ့တာလို့ပြောရင်ရတယ်။ ထိုကောင်လေးကို သူမ ဘာကြောင့်များ သဘောကျ နှစ်သက်မိပါလိမ့်။ သေချာတာကတော့ သစ်ရွက်လှုပ်တိုင်းရယ်တတ်တဲ့အရွယ်မှာ သူမ မရယ်ခဲ့ရလို့ ခုတော့ ရယ်ကြောပြတ်တဲ့ အပျိုကြီးစာရင်းဝင် သူမဟာ အမြီးပေါက်ချင်နေပြီလေ။

သူမက ထိုကောင်လေးနဲ့ တွေ့ဆုံရတဲ့ တက္ကသိုလ် ပထမနှစ်ဆိုတဲ့အချိန်ကို ပြန်တွေးမိလိုက်ရင် ရင်ခုန်သလိုလိုဖြစ်ဖြစ်လာရတာ အမြဲ။ သူမက တက္ကသိုလ်တက်နောက်ကျခဲ့ရတာကိုပဲ ကြံဖန်ကျေးဇူးတွေတင်နေမိရတာ အကြိမ်ကြိမ်။ ထိုကောင်လေးရဲ့ အကြည့်တွေ ကြည်ကြည်စင်စင်ရှိတာကို သူမ သတိထားမိချိန်မှာ ပူနွေးနေသော မြစ်တစ်စင်း ဖြတ်သန်းစီးဆင်းသွားသလို ရင်ခွင်တစ်ခုလုံးက ထူပူစွာ ခံစားလိုက်ရတယ်။

ငါနဲ့နော် ဒီကောင်လေးနဲ့မှလို့ သူမ စိတ်ကိုယ် သူမ ပြန်ကြည့်မိချိန်မှာ ကြည်ကြည်နူးနူးပါ။ ပြောရမယ်ဆိုရင် သူမကလည်း ခေသူမဟုတ်ပါဘူး။ လက်ဖျားခါခချခဲ့ရတဲ့ကောင်လေးတွေ ပုရိသပေါင်း ဒါဇင်ကျော်တာက အသေအချာပေါ့။ သူမက အမူလွန်လွန်းတယ်လို့ သူငယ်ချင်းတွေကပြောချိန်မှာ သူမက ဒီလို ဖြေရှင်းခဲ့တယ်။

“ ကောင်မတွေ ယောက်ျားမရှားပါဘူး ငါတို့မိန်းမတွေက ဦးနှောက်နဲ့ စဉ်းစားရွေးချယ်တာကမှ တော်တာဟ ခုချိန်မှာတော့ ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့လို့ အနောက်က တစ်ကောက်ကောက်လိုက်နေတတ်တယ် အဲ ရလည်းရရော ငပိဖုတ်ကမှ စားကောင်းဦးမယ် နင်တို့ကိုတော့ လဟာပြင်ဇရပ်မှာ တင်မရောင်းရုံတမယ်လုပ်မှာဟ ငါက မူနေတာ မဟုတ် ရင်ထဲမှာ Feelမလာရင် ညောင်း ဂျောင်းပဲ“

ထိုအချိန်တုန်းက ပါးစပ်အဟောင်းသားနဲ့ ဘာမှပြန်မပြောခဲ့ကြတဲ့ သူမရဲ့ သူငယ်ချင်းတွေဟာ ခုတော့ ကလေးတွေ တို့လို့ တွဲလောင်းနဲ့ ဟောတစ်ယောက် ဟော တစ်ယောက်ဖြစ်တဲ့သူကဖြစ်။ ဗိုက်ကြီးတကားကားနဲ့ လူလုံးပြ ငါတို့ Generation တွေလာပြီဟေ့လို့ လက်ခမောင်းခတ်ကြေငြာနေကြတာများ မျက်စိနှောက်စရာ။ တစ်ခါတစ်ခါ ကြုံရင်ပြောကြသေးတယ်။

(၂)

“ မိသီတာ နင်တော့ ဦးနှောက်နဲ့စဉ်းစားရင် ငှက်ပျောတုံးကိုဖတ်ပြီး ပုဆိုးခြုံသေရတော့မယ်နော် ငါတို့ကို မှီအောင် လိုက်ဦးတော်ကြာမှ ငါတော့ အစဉ်းစားလွန်လို့ပါဟယ် ကူညီပါဦးဆိုပြီး လာမချွဲနဲ့ ဆော်ရီးပဲ“တဲ့။

မသိရင် မစွံလို့ မရရအောင်ပဲ လိုက်ကပ်ရတော့မယ့်ပုံစံမျိုးပြောနေကြတာ သူမ မခံချင်။ ခုတော့ မြှားနတ်မောင်ပဲ မျက်စိလည်လမ်းမှားတာလား သူမပဲ လမ်းမှားတာလား ဘွားဆို ထိုကောင်လေးက သူမရင်ကို ခုန်စေခဲ့ပြီ။

“အိုအချစ်

နင်ဟာ နောက်ကျမှ ရောက်လာ

ငါရင်မကွဲခင် နင်လှမ်းခဲ့

ကူကာပြောလှဲ့ ချစ်စကား

ချိုမြိန်ခြင်းသံစဉ်

နားဝင်ပီယံခံစားစို့

ခုချိန်က နောက်မကျသေးပါဘူး“

ဘာတွေလဲ ။ သူမလည်းကြာရင် ကဗျာသမားဖြစ်မလား။ ဝတ္ထုရေးသူပဲဖြစ်လာမလား။ ရင်တွင်းက ခံစားချက်တွေကို စာမျက်နှာထက် အံချလို့ ရင်ဖွင့်မိတာကလည်း ညပေါင်းများပြီ။ ဪကောင်လေး ကောင်လေး။ ကြည့်တော့ ရိုးရိုး။ သူမဖက်က ပြောမိတဲ့ စကားတွေကို ပြန်လည်ကြားယောင်မိတော့ မဟုတ်သော်ရှိ ဟုတ်သော်ရှိ ရင်ခုန်ခဲ့ရတယ်။

အဲဒီနေ့က သူမက အပျင်းပြေဆိုပြီး ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်ခဲ့တယ်။ စိတ်လိုလက်ရဆိုတာ ဖုန်းတစ်လုံးကို ကမြင်းဖို့လားဟင်။ ဖုန်းနံပါတ် ခလုတ်လေးတွေပေါ်လက်ကလေးက ပြေးလွှားနေလိုက်တာများ ကောင်လေးရဲ့ လက်ကိုင်ဖုန်းဆီကိုပေါ့။ မသိစိတ်ဆိုတာကလည်း ခက်လိုက်တာနော်။ ရုတ်တရက်ဆို ရုတ်တရက် အငိုက်ဝင်ဖမ်းတတ်တယ်။ သူမလည်း မသိစိတ်ရဲ့ စေ့ဆော်မှုအောက်မှာ ပြားပြားဝပ်ဆင်းခဲ့တာများ ကောင်လေးကိုပြောမိတဲ့စကားတွေက သူမ ဘယ်လောက် ရူးနေသလဲဆိုတာကို ဘွားဘွားကြီးတွေ့ရလိုက်ရတယ်။

မစားကောင်းတဲ့အသီးဆိုပြီးပစ်ထားခဲ့တာ ခုတော့မှားပြီပေါ့။ ချိုမြိန်တယ်ဆိုတာကို ကောင်းကောင်းကြီးသိခဲ့ရတော့လည်း မစားဖူးလို့ ငတ်တယ် မဟိုဒင်းတို့ရယ်လို့ အရပ်ကယ်ပါ လူဝိုင်းပါနဲ့ မသီတာတို့ အလုပ်ရှုပ်ပါလေရော။ ကြည်လေ ။ ကောင်လေးပြောလာတဲ့စကားတွေကို မပြောပြောအောင် မြောင်းဖောက်ပေးခဲ့ပြီမှ သူမက မယုံနိုင်ဖြစ်နေတာ ဘယ်သူလွန်နေလဲ။ ကောင်လေးဆီက မဆီမဆိုင်  မ ကိုလိုက်နှောင့်ယှက်နေလို့ ကောင်လေးရဲ့ဓါတ်ပုံကိုပြပြီး ဒါ သူမရဲ့ ရည်းစားပါလို့ တစ်ဖက်သတ်လိုက်နှောင့်ယှက်နေတဲ့ ကိုလူပျိုအာတစ်ယောက်ကို ခေါက်ချင်တာတစ်ခုတည်းနဲ့ အိတ်သွန်ဖာမှောက် သူမပြောပြခဲ့မိတာက စမှားတာ။ အဲဒါ  စ…မှားတာ။

 

 

(၃)

ကောင်လေး ဘာပြောသလဲဆို။ မ..ကို ကောင်လေး ချစ်ပါသတဲ့။ မ..ကို မပြောရဲလို့ နုတ်ဆိတ်စွာ တေမိကျင့်ကျင့်နေတာ ကြာပါပြီတဲ့။ မဟာဇနက မင်းသားလို မဏိမေခလာ နတ်သမီးကယ်မယ့်အချိန်ကို စောင့်နေသလိုမျိုး အချစ်ပင်လယ်မှာ လက်ပစ်ကူးနေခဲ့တာကြာပါပြီတဲ့။ ပဝေသဏီကတည်းက ဆိုရင်ယုံမလားတဲ့။

 

မ..ကိုပေးချင်နေတဲ့နတ်သျှင်နှောင် ရတုတွေကို Copyကူးပြီး စဖွဲ့တာ အတုကိုအစစ်လုပ်ပြီး ပြီးပြီးရော စကားမပြောချင်လို့ မ..ရဲ့ မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေရပါသတဲ့။

ကောင်းရော မိသီတာ။ လျှာရှည်တာ။ လျှာရှည်တာ။ မှတ်ပြီလားလို့ သူမကိုယ် သူမပြောပြီး ရင်ဘတ်ကိုဖိ  ဖုန်းကို ဂလောက်ခနဲချ အဲဒီည အိပ်မပျော်ဘူးကွယ်။ ကောင်လေးရယ်…ဖွတ်တစ်ကောင်လို လျှာလေးပြူတစ် ပြူတစ်လုပ်မိတာ အမှားလား။ မှားတယ်လား။ ယုံတမ်းစကားဆိုတာ ဘာလဲဆိုတာ မသိပေမယ့် အဲဒီညနောက်ပိုင်း ဖုန်းသရဲလို တဆာဆာဆက် သူမ အသည်းကို ကလိကလိနဲ့ နှလုံးသားတွေလည်း အရည်ပျော်လုပြီ။ အချစ်ဆိုတာကို ဇီးထုပ်တစ်ထုပ်လောက်တောင် မခင်တွယ်တတ်သူ သူမက ခုတော့လည်း အချစ်သီချင်းတွေကို တိုးတိုးလေး ညည်းဆိုလို့ရယ်။ မ…ရယ် မ..ရယ်နဲ့ တ မ..တည်း မ နေတဲ့ ကောင်လေးကို သူမ လက်ခံချင်ပေမယ့် လျှော်လဲ ရောထိုင်လုပ်တယ်ထင်နေတဲ့ သူမ မပဋာ မြေလူးသလို့ ရင်တွင်းသည်းအူလှိုက် ချစ်ချင်ရက် နဲ့ မူနေရတာက ဒညင်းသီးလည်းစားချင်ရဲ့ နံမှာလည်းကြောက်နေသလိုဖြစ်နေတယ်။

မဟိုဒင်းတို့ကို တိုင်ပင်ဖို့ အမှာတော်ပါးခါမှ အချွန်ကြီးကြီးနဲ့ မ ကြတာ သူမအနေခက်လှတယ်။ အပျိုကြီးစာရင်းဝင်ရန် နှစ်အနည်းငယ်သာလိုတော့တဲ့ သူမကို ဂဂျီဂကြောင်မလုပ်နဲ့ နုနုနယ်နယ် ရှုချင်စဖွယ်ကောင်လေး နင်မှ မပိုက်ရင် ဘယ်သူပိုက်မလဲတဲ့ကွယ်။ စားစားအိပ်အိပ် ကောင်လေးအရိပ်။ ကြည့်ကြည့်သွားသွား ကောင်လေးလားရယ်နဲ့ အချစ်နတ်ဖမ်းစား သူမ များရူးသွားသလား။ သူမ တစ်ညလုံးစဉ်းစားတယ်။ တွေးတယ်။ အကွက်စိပ်စိပ်နဲ့ အချစ်နည်းဗျူးဟာတွေ အပြည့်ခင်းကျင်းပြီး သူမကို သိမ်းပိုက်တော့မယ် ကောင်လေး စကားလေးတစ်ခွန်းကျွံမိတာနဲ့ နောက်ပြန်မဆုတ်တော့ပါလား။ ဘုရား ဘုရား။ကယ်ပါ။

သူမဘက်က စဉ်းစားပါရစေလို့ စကားတစ်ခွန်းကို ပြီးစလွယ်ပြောပြီး ကြိုးရှည်ရှည်နဲ့လန်ထားခဲ့ပေမယ့် ရစ်ဘီးတစ်လုံးပိုင်ထားတဲ့ကောင်လေးက လေတံခွန်လို အပိုင်ဆွဲ။ ဘယ်ရစ်တယ်။ ညာရစ်တယ်။ လျှော့တယ်။ တင်းတယ်။အို ရူးလောက်တယ်။ ရင်တလှပ်လှပ်နဲ့ ရုတ်တရက်ထွက်သွားနိုင်တဲ့ သူမရင်တွင်းက ခံစားမှုကို ကောင်လေးမမြင်မိပါစေနဲ့။ ပွင့်ပွင့်လင်းလင်း ရှင်းရှင်ပြောရရင် ကောင်လေးကို နှလုံးသားက လက်ခံချင်နေတယ်။ သို့သော်လည်း ယုံရခက်ကြီးဖြစ်နေတဲ့ အခြေအနေမှာ သူမ ဇွတ်ကျိတ်မှိတ်မယုံရဲ။

ဪ ခက်ရချည်ရဲ့လို့ ဝေခွဲမရဖြစ်နေတဲ့အချိန်မှာ အဆိုတော်တွေကလည်း မိသီတာကို တယ်ပဲနှိပ်စက်နေပြန်ရဲ့။ Lဆိုင်းဇီက “ဝေခွဲမရပါလား“ဆိုတာကတစ်မျိုး။ချမ်းချမ်းက “တကယ်ဆိုရင် အချစ်ပဲလိုတယ်“တဲ့။ မကြားချင်ရက်နဲ့ တမ်းတနေသလိုမျိုး ဖုန်းမလာတဲ့ရက်တွေမှာ မျှော်တော်ယောင် ညောင်ရေအိုးပမာ သူမလည်ပင်းတွေ ရှည်နေတတ်ပြန်တယ်။ စိုးရိမ်ပူပန်စိတ်နဲ့ နေများမကောင်းတာလား။ အလုပ်ပဲများနေတာလား အကြောင်းမရှိအကြောင်းရှာ သူမ ဂွင်ဆင်လို့ဖြစ်ပါ့မလား။

 

(၄)

တစ်နေ့ကတော့ ဖုန်းဆက်တယ်။ ကလေးမုန့်ဖိုးတောင်းသလို သူမဆီက တစ်ထောင့်ငါးရာလိုချင်လို့တဲ့။ စာတွေဖတ်၊ ကဗျာတွေ မှတ်တတ်တဲ့သူမက ခေတ်နောက်ကျကျန်ခဲ့တာမဟုတ်သလို မသိချင်ယောင်ဆောင်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ မာမာအေးရဲ့ မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ ဆိုတဲ့ သီချင်းက သူမမမွေးခင်ကတည်းက ရွဲ့ပြီး စပ်ဆိုခဲ့ဟန်ရှိတယ်။ အသံတိတ် စစ်ခင်းနေရင်း ညတာရှည် အိပ်မက်များနေတာ ကောင်လေး မင်းသိရဲ့လား။

အချစ်တစ်ပွဲ စစ်ပွဲတစ်ရာလို့ သူမကြားဖူးတယ်။ ပုရိသယောကျာ်းတွေနဲ့ အကြိမ်ကြိမ် စစ်တွေခင်းချိန်တုန်းက အောင်နိုင်သူစစ်သူကြီးပမာ ဝင့်ကြွားခဲ့တဲ့သူမက ခုချိန်မှာ သူငယ်ချင်း စည်းဘောင်ကိုကျော်ပြီး အဆင့်တစ်ဆင့်တက်ချင်နေတဲ့ကောင်လေးကို ဘယ်လို တုတ်မျိုးနဲ့ရိုက်ချရမှာပါလိမ့်။ ဆုပ်လည်းစူး စားလည်းရူးဆိုတဲ့ စကားလို့ ရှေ့တိုးနောက်ဆုတ် သက်သာ အေးစေလို့အမိန့်ပေးစေခိုင်းလို့မရတော့။ အားနာတယ်ဆိုတဲ့ မေဆွိရဲ့သီချင်းနဲ့လည်း ဖြေသိမ့်ချင်တယ်။ ရတနာဦးရဲ့ မကြာခင်မှာ ကြင်နာမယ်သီချင်းနဲ့ နှစ်ပါးသွား ခပ်မြိုင်မြိုင်ပဲ ကရမလား။

ဒီနေ့ သူမ ရုံးအသွား မှတ်ပုံတင်လေး ယူသွားမိတယ်။ အမှတ်တမဲ့ကြည့်လိုက်တော့ သူမရဲ့ မွေးသက္ကရာဇ်က မြန်မြန်နော်  နောက်ကျမယ်လို့ ပြောနေတယ်။ မဟိုဒင်းတွေကလည်း “သီတာနော် နင်ပဲ စပြီး နင်ပဲ မူနေ ခုခေတ်ကောင်လေးတွေက စိတ်က အပြောင်းအလဲမြန်ပါဘိနဲ့ ညည်း အဲဒီကောင်လေးရဲ့ ကလေးကျမှ ကောက်ယူနေရလိမ့်မယ် ကောင်လေးနဲ့ နင်က သူငယ်ချင်းဆို အကြောင်းတွေသိတယ်မလား စဉ်းစားမနေနဲ့တော့ ဝင်တာအောင်းလိုက်တော့ ဒီမှာ ငါတို့က အရှိန်ရနေပြီ၊ မြိန်မြိန်ကြီး သုံးဆောင်ကြည့်စမ်းပါ လာမယ့် Valentine Dayကျရင် ဖုန်းတာဆက်လိုက်တော့“တဲ့။ အဲဒီလို ကောင်းကောင်းကြီး အချွန်နဲ့မ ကြတယ်။

“ဟဲ့ ငါက စ..ဆက်ရမှာလား“ဆိုတော့။

“အမယ် ဆတ်ဆော့ပြီး ဖုန်းဆက်တာက နင်လေ ခုမှ မဆက်ချင်တော့ဘူးလား သီတာနော် နင့်ကောင်လေးက ချောချောလေး အရည်ချင်းကလည်း မသေးဘူးနော် အလုံးအရပ်က ခုခေတ် နွဲ့နွဲ့လျလျ ကိုးရီးယားမင်းသားထက်သာတယ် နင်နဲ့လည်း ရှေ့သွားနောက်လိုက်ညီမယ့်သူ ဟိဟိ ငါတာ လူလွတ်ဆိုရင် သူ့ရင်အုပ်ကျယ်ကျယ်ကို အောင်းလိုက်တာကြာပြီ အမလေးပြောရင်တောင် ကြက်သီးထတယ်“ အဲဒီလိုပြောတော့ စိန်ဗေဒါထက်မလျော့တဲ့လက်သံနဲ့ မဟိုဒင်းတို့ကို သူမ ဗြောလိုက်သီးလိုက်တယ်။ အူနုကျွဲခတ် မြက်ဖုတ်နင်းလိုက်သလို့ စပ်စပ်ခါနာသလိုဖြစ်သွားတ.ယ်။ ကောင်လေးရယ် ယိုးဒယားသဘောင်္သီးထောင်းစားသလို စားပြီးရင်းစားချင် သူမရှေ့တိုးမိတော့မယ်။ ပိုးဖလံမျိုး မီးကိုတိုးလို့ ဆိုရိုးစကားရှိတယ်။ ပူမှန်းသိသိရက်နဲ့ ဝင်တိုးတာလေ။ သူမကရော အချစ်ဆိုတာ ငါးရာနှစ်ဆယ့်ရှစ်လောက်မအေးမျှပေမယ့် အာဒံ ဧဝတို့တောင် မရှောင်နိုင်ခဲ့တဲ့ အချစ်ကောင်းကင်အောက်မှာ အချစ်သစ်သီးကို စားသုံးချင်နေမိပြီလား။ စေတန်နတ်ဆိုးက သူမ ရဲ့ စိတ်ကို ကလူ၏သို့ မြူ၏သို့ လုပ်နေပေမယ့် ဆင်ကန်းတောတိုးသလို သူမ ရူးရူးမိုက်မိုက် ချစ်ပြစ်လိုက်ချင်ပြီ။ မျက်မမြင် ပုဏ္ဍား ခြောက်ယောက်လို စမ်းတန်းမှန်းတမ်းနဲ့  ပေးဆပ်ခြင်း၊ ယုံကြည်ခြင်း၊ အနှစ်နာခံခြင်း၊ ရယူပိုင်ဆိုင်ခြင်း ဆိုတာတွေကိုလည်း အချစ်ဆင်ကြီးကိုယ်ပေါ်မှာ မစမ်းချင်တော့ဘူး။

ဒီတစ်ခါဖုန်းလာရင်တော့ ..မ. ..ရေဆိုတဲ့ အသံလေးကြားရင် “ရှင်“လို့ သာယာနာပျော်ဖွယ်ထူးလိုက်ချင်ပြန်တယ်။ ခုတလောမှ ကောင်လေးက ဘယ်ဆီပျောက်လို့ ဘယ်ဝယ်ရောက်မှန်းမသိ။ ဖုန်းကလေးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်ပျော်နေတယ်။ သူမရဲ့ နှလုံးသားကတော့ လမ်းခုလတ်မှာ ရပ်တန့် မီးပွိုင့်မိနေခဲ့ပြီ။ မီးစိမ်းပြတော့မယ့် သူမ ခုချိန်မှာတော့

(၅)

မော်တော်ပီကယ်တစ်ယောက်လို့ လမ်းသလားလို့ ရှောင်တခင်ဖမ်းရမယ့်ကောင်လေးရဲ့ အချစ်ကားကို ရင်မောစွာနဲ့ စောင့်ဆိုင်း အမုန်းကားများ တိုက်သေရတော့မှာလား။

မကြာခင်မှာတော့ Valentine Dayက ရောက်ရှိလာခဲ့လေတယ်။ အုံပုန်းသစ်သီးတစ်လုံးပါကောင်လေးရယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ ချမ်းချမ်းကလည်း အားမနှာ လျှာမကျိုး အချစ်ပဲလိုတယ်ချည်း အော်တယ်။ ဝေခွဲမရတဲ့ Lဆိုင်းဇီကတစ်မျိုး။ တေးသံတွေ လွင့်ပျံ့နေတယ်။ ကောင်လေးရယ်….မ..ေ.လ…..။ အချစ်ငတ်တယ်။ အချစ်တွင်းထဲကျချင်တယ်။.ချစ်ချင်တယ်.။သူမရှေ့မှာတော့ရေစီးရေလာကောင်းတဲ့မြောင်းကြီးကြီးကိုသာမြင်နေရတော့တယ်…။

 

သော်ဇင်(လွိုင်ကော်)

2-March-2011

 

 

3 comments

  • bigbird

    March 7, 2011 at 3:26 pm

    သော်ဇင်ရဲ ့ အရေးအသားက အရမ်းမိုက်တယ်ဗျာ..ဖက်လို ့တောင်မဝဘူး။
    ဆက်ရေးပါဦးနော်။

  • etone

    March 11, 2011 at 3:54 am

    ဇတ်လမ်းလေးက ကောင်လေးက ဖုန်းထပ်မဆက်တော့ဘူးပေါ့နော် ဟုတ်လား ။ ရှောင်သွားပြီပေါ့ ။ စာတွေရေးထားတာ အရမ်းကောင်းပါတယ် ။ အားပေးနေပါတယ်နော် ။

  • char too lan

    March 11, 2011 at 10:24 am

    နောက်ဆက်တွဲတွေမျှော်နေမယ်နော် ပျောက်မတွားနဲ့နော် !! 🙂

Leave a Reply