မှောင်မိုက်သော ည၏အလယ်

မှောင်မည်းနေသော လွင်ပြင်တစ်ခုလို့ သူ အစက မြင်နေမိသည်။တကယ်တမ်း အမှောင်ထဲ၌ ကျင့်သားရလာသောအခါ မျက်စိထဲတွင် ဖြူဖြူဖွေးဖွေး အုတ်ဂူများကို သူမြင်လိုက်ရတော့ ကြက်သီးမွှေးညှင်းတွေ ထသွားပြီး ခေါင်းကြီးသွားရသည်။

ဒါဆိုရင်တော့ သူရောက်နေသည်မှာ သုသာန် တစ်ခုလား။ ဒီအချိန်ကြီး သူဘာကြောင့် သုသာန်ထဲရောက်နေရသနည်း။ သူတစ်ယောက်တည်းဆိုသောအသိနှင့်အတူ အမှောင်ကို သူကြောက်လာပါသည်။ ထိုစဉ်-

“ဟေ့ မောင်ရင် “ ခေါ်သံနှင့်အတူ သူ့ပခုံးပေါ်သို့ အေးစက်စက် လက်ကြီး၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ သူ တစ်ချက် တွန့်ခနဲဖြစ်သွားရသည်။ သူလှည့်ကြည့်တော့-

“ မင်းဘာလာလုပ်တာလဲကွ“

“ ဗျာ ဒီကိုလား“

“ ဟုတ်တယ်လေ မင်းမို့ ဒီနေရာကိုလာတယ် ဒီနေရာက ဘယ်သူမှမလာချင်တဲ့နေရာကွ“

“ ဒါလား ခင်ဗျား ပြောမှလား  ကျနော်လည်း လာချင်လို့လာတာမှ မဟုတ်ပဲ ဗျ“

“ အင်း ငါလည်း ရောက်ချင်လို့တော့ မဟုတ်ပါဘူး ရောက်ချိန်တန်တော့လည်း ရောက်လာတာပဲလေ မင်းလည်း ရောက်ချိန်တန်လို့ရောက်လာတာနေမှာကွ“

“ဗျာ ဒါဆို ကျနော်က သေ…သေ “

“ သေခဲ့ပြီးပြီလေ….“

သူ ဝမ်းနည်းသွားရသည်။ သူသည် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ထိုလူကြီးကပြောတော့ အံ့ဩရပြန်သည်။ သူသည် မနေ့ကထိ ပကတိကောင်းမွန်စွာ နေထိုင်ခဲ့သည်။ သူ နေမကောင်းမဖြစ်မိ။ တစ်နေကုန်လုံး အပေါင်းအသင်းများနှင့် လည်ပတ်လိုက်သေးသည်။ ညဘက်ရောက်တော့ အင်တာနက်ဆိုင်တွင် သုံးနာရီလောက် အချိန်ဖြုန်းရင်း လက်ဘက်ရည်ဆိုင်တောင် ထိုင်ဖြစ်လိုက်ပါသေးသည်။ အိမ်ကို ည ၁ဝနာရီကျော်ကျော်လောက်ပြန်ရောက်ပြီး သူ အိပ်စက်ခဲ့သည်။ ခုတော့ သူက သေဆုံးခဲ့ပြီ။ ဘာတွေလည်း။ သေချာသည်ကတော့ သူသည် တွေ့မြင်နေရသော ပတ်ဝန်းကျင် အနေအထားကိုကြည့်ပြီး ယုံရမလိုလိုတောင် ဖြစ်နေသည်။

“ ဟုတ်လို့လားဗျာ“

“ရော် မင်းကများ ငါ့ကို သံသယဖြစ်နေသေးတယ်“

“  ဟာ ဗျာ ကျနော်က ငယ်သေးတယ်ဗျ“

“ ဟားဟားဟား ငယ်သေးတယ် မင်းက အသက်ငယ်သေးရင် မသေရသေးဘူးလို့ ဆိုချင်တာလား“

“ ဘာမှမပြောနေနဲ့တော့ ခု ဖြစ်နေတာကိုပဲ မင်းယုံလိုက်တော့ ကောင်လေး ခဏနေရင် ငါတို့ သေဆုံးပြီးသားလူတွေ အများကြီးနဲ့တွေ့ရဦးမှာ“

“ အချိန်မတန်သေးဘူးလေဗျာ ကျနော်က ခုဆို မိန်းမလည်းမရသေးဘူး ချစ်သူကလည်း အဖြေမပေးသေးဘူး လာမယ့် ကြာသပတေးနေ့ဆိုရင် အဖြေပေးမယ်လို့ပြောထားတာ “

“ အယ် ဟားဟား မင်းကသယ်လာတဲ့ကောင်ပဲ ခု ကြာသပေတေးကိုလွန်လာလို့ တနလာင်္နေ့ကိုတောင်ရောက်နေပြီကွ ခုမင်းသေးပြီး ဘယ်နှစ်ရက်မြောက်လို့ မင်းထင်လဲ မင်းသေလို့ ရက်လည် ဆွမ်းတောင် သွပ်ပြီးပြီ ခုဆို မင်းကောင်မလေးလည်း နောက်တစ်ယောက်ကို စဉ်းစားရောပေါ့ကွ “

“ ဘာဗျ“

သူ နည်းနည်း ဒေါသထွက်သွားသည်။

“ ခင်ဗျားမို့ပြောတတ်တယ် ကျနော်ကတော့ ကိုယ့်ကိုကိုယ် မသေသေးဘူးလို့ပဲ ထင်တယ် ဒါနဲ့ စကားမဆက် ဒီမှာ အင်တာနက်ဆိုင်ရှိလား“

“ ဘာရယ် အင်တာနက်ဆိုင် ကောင်လေး မင်းက မဖြစ်နိုင်တာကိုတော့ မပြောနဲ့လေ ဒီလိုနေရာမျိုးမှာ ဘာ အသုံး အဆောင်မှ မရှိဘူး။ တိုက် မရှိဘူး၊ ကားမရှိဘူး၊၊ ရွှေ မရှိဘူး၊ ငွေမရှိဘူး အိုကွာ ကုန်ကုန်ပြောမယ် ဘာ ပကာသန မှမရှိဘူးကွ  မင်းတို့ကောင်တွေ သယ်ခတ်သကိုး ခဏနေ မင်းမြင်ရပါလိမ့် မယ် ဘယ်လို ဘဝကနေ ဒီကိုလာကြသလဲဆိုတာကို ကြည့်နေ“

သူ က မဖြစ်နိုင်တာကို တောင်းဆိုခဲ့မိပြန်သည်။ ကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီ ဆိုတာ သယ် မှန်တဲ့ စကားလုံးပဲ။ သူလို အသက် ၂၅ အရွယ်လောက်ကို ရက်ရက်စက်စက် ခေါ်ထားရက်သည်။ သေမင်း သေမင်း ဒင်းက အစွမ်းအစတွေ အင်အားတွေ ကြီးမားကြောင့် လက်တွေ့ပြခဲ့သည်ပေါ့။

ထိုစဉ်-

“ဟေ့ကောင် ငါသာ ခုချိန်မှာ ငါမသေသေးရင် မင်းအုတ်ဂူကို လှလှလေး လုပ်ပေးနိုင်တယ်ကွ ကြည့်စမ်း သောက်ကျိုးနည်း မဟာဆောက်လုပ်ရေးစီမံကိန်းကြီးကို လက်တွေ့အကောင်အထည်ဖော်နေတဲ့ မင်းက ခုတော့လည်း အုတ်ဂူသေးသေးမွှားမွှားလေးမှ စံမြန်းနေရတာ သနားဖို့ကောင်းလိုက်တာကွာ ကျွတ်ကျွတ်“

“ ဒီမှာ အောင်ကြီး  လေကြီး ဖင်ကျယ်လုပ်မနေနဲ့ကွ မင်းလည်း သေလူ ငါလည်း သေလူ ဘူဘူချင်း တစ်မလုပ်ချင်ပါနဲ့ကွာ ငါတောင် အုတ်ဂူနဲ့နေနိုင်သေးတာ ကြည့်စမ်းပါဦး မင်းပြောတော့ မင်း မိန်းမ က မင်းဆို သိပ်သိပ်ချစ်ဆိုကွ မင်းယောက်ဖတွေ မောင်နှမတွေကလည်း ဂရုစိုက်လှပါတယ်ဆို ခုတော့ အုတ်ဂူတောင် မသွင်းပဲ မြေမို့မို့တောင် မကောင်းတတ်လို့ဖို့ထားတာ ဘာပဲပြောပြော ငါက မင်းထက်သာပါတယ်“

“ဟေ့ကောင် မင်း တောက်“

တစ်ဖက်လူမှာ အရှိုက်တည့်တည့်ကို ထိလိုက်သည့်ပမာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။

“ မင်းမြင်လား “

“ ဘာကိုလဲ“

“ အဲဒီ စကားများနေတဲ့ ကောင်နှစ်ယောက်ကိုလေ“

“ အင်းတွေ့တယ်လေ ကြားလည်းကြားတယ်“

“ အေးကွ အဲဒီနှစ်ကောင်က လူ့ဘဝမှာကတည်းက သိပ်တည့်တာ မဟုတ်ဘူး ။ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတဲ့ လူစားမျိုးတွေ။ စီးပွားပြိုင်ဖက်လို့ပြောရင်လည်း မမှားဘူး။ တစ်ယောက်က ငကြွား၊ တစ်ယောက်ကအလကားဆိုတာ သူတို့နှစ်ယောက်ကွ။ အောင်ကြီးဆိုတဲ့ကောင်က သူ့ကို သူ့မိန်းမက ဘယ်လောက်ချစ်ကြောင်း၊ သူ့ယောက်ဖမျက်နှာလွဲလို့ရလောက်တဲ့အထိ ယုံကြည်ရတဲ့အကြောင်း၊ သူ့ မောင်နှမတွေ သူ့ဆွေးမျိုးသားချင်းတွေကလည်း သူ့ကို ဂရု ဘယ်လောက်စိုက်တယ်ဘာညာလို့ လူ့ဘဝမှာကတည်းက ပြောပြောနေကျလေ။ ခုတော့ကွာ သူသေတော့ သူ့ကို ဂရုစိုက်လှပါတယ်ဆိုတဲ့ သူ့ ဆွေမျိုးတွေက အုတ်ဂူတောင်မသွင်းပေးဘူးကွ၊ ဘာလုပ်မှာလဲ အုတ်ဂူဆိုတာ မလုပ်လည်း ဘာမှမဖြစ်ဘူး သေတဲ့ လူကသေသွားပြီတဲ့ အုတ်ဂူလုပ်မယ့်အစား ကုသိုလ်လေး ဘာလေးလုပ်မယ်ဆိုပဲ။ တကယ်တော့ အောင်ကြီးက သူ့အမျိုးတွေအကြောင်းကို ဘာမှမသိဘူး၊ စိတ်ရင်းမှန်ကိုလည်း မသိဘူး။ သူ့ဆီမှာ ပိုက်ဆံရှိတော့ သူ့ကိုကပ်တာ ပေါ့။“

“ ဟော နောက်တစ်ယောက်က မောင်ညိုတဲ့။သူကျတော့ ကန်ထရိုက်တစ်ယောက်ပေါ့ ပိုက်ဆံကို ရေလို ဖောဖောသီသီသုံးနိုင်တယ်လေ အောင်ကြီးနဲ့ စီးပွားပြိုင်ဘက်ဆိုပေမယ့် စည်းကမ်းရှိတဲ့ သူတစ်ယောက်လို့ မှတ်ချတ်ချလို့ရတယ် တရားနည်းလမ်းကျကျ ငွေရှာတတ်တယ် ဒါပေမယ့် အောင်ကြီးနဲ့ပတ်သတ်လာရင်တော့ သူ့စိတ်တွေ လောဘတွေ တက်တက်လာတတ်တယ်ကွ ဆောက်လုပ်ရေးလုပ်ငန်းကြီးကိုလုပ်နေတာဆိုတော့လည်းကွာ မာန်တက်တာလည်းပါတာပေါ့ သူခဏခဏပြောတဲ့ စကားရှိတယ် သူသေရင်တောင် သူ့အုတ်ဂူကို အများက အားကျပြီး လိုက်သေချင်စိတ်ပေါက်လောက်အောင်  ပြုလုပ်ခိုင်းမယ်ဆိုပဲ ခုကြည့်စမ်း ဟိုးဒေါင့်က အုတ်ဂူသေးသေးလေးကိုကြည့် အဲဒါ သူ့ ဂူပဲ“

သူကြည်ု့လိုက်တော့ ဟုတ်ပါသည်။ သေးသေးကွေးကွေးလေး။

“ သူ့ရဲ့ မိန်းမကလည်း ခုချိန်ဆိုရင် သူ ့ရဲ့ မန်နေဂျာကောင်နဲ့ တူစုံတွဲ ပျော်ပါးနေလောက်ပြီလေ။ ဒါကိုတော့ သူမသိနိုင်တော့ပါဘူး။ “

“ သူတို့က ခုဒီမှာ ဘာလာလုပ်နေတာလဲ“

“ ဟ နေရာမရှိသေးလို့ပေါ့ နေရာမရသေးဘူး ဒီမှာက လူ့ပြည်မှာလို့ ပိုက်ဆံရှိတိုင်း နေရာဝယ်လို့ရတာမဟုတ်ဘူး မင်းလည်း နေရာမရသေးတာကြည့်လေ မင်းက အချိန်ရှိသ၍ လည်မယ်ပတ်မယ် သွားမယ် လာမယ်ပဲ သိတဲ့ကောင်“

“ ခင်ဗျားက သိလို့လားဗျ ခင်ဗျားနော်ကျနော်ကို မဟုတ်တာတွေမပြောနဲ ့ “

“ အောင်မယ် မင်းအကြောင်းကို အကုန်သိတဲ့ ဦးကုန်သိကွ မင်းဘယ်ကောင်မလေးကို ဘယ်လိုကြိုက်တယ် ဘယ်အချိန် ဟိုဒင်း အဟွာပြုတယ်ဆိုတာအစ ငါသိတယ် မင်းလည်း အပြစ်တွေများတယ် မိဘဆီက ပိုက်ဆံလိမ်တောင်း ကွန်ပျူတာသင်တန်းတက်မယ်၊ အင်္ဂလိပ်စကားပြော ၊တရုတ်စကားပြော၊ ခုခေတ်စားတဲ ကိုးရီးယားစကားပြောတက်မယ်ပြော ဘယ်လောက်ကုန်မယ် ဘယ်ရွေ့ကုန်မယ်နဲ့ ပိုတောင်း ၊ ပြီးရင်တော့ ရည်းစားနဲ့လည်၊ သူငယ်ချင်းတွေနဲ့ လည်ပတ်၊ ဟိုတည်းခိုခန်းသွား၊ ဒီတည်းခိုခန်းသွားနဲ့  ဆန်ကုန်မြေလေးတစ်ယောက်သာသာပဲ တစ်ချက်ကတော့ မင်းမိဘစိတ်ချမ်းသာအောင် ပညာကို ဆုံးခမ်းတိုင်အောင် ဘွဲ့လေးတစ်ခုယူပြတာပဲရှိသေးတယ်“

သူဖျားသွားပါသည်။ ကြည့်စမ်း သိလိုက်သည့် ဦးကုန်သိ။ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို တစ်ခုမကျန်ပြောနေလိုက်သည်မှာ သူ့နောက်က တကောက်ကောက်လိုက်ချောင်းနေခဲ့သည် အတိုင်းပင်။

“ မင်းလည်း ကောင်းတာတွေ သိပ်မလုပ်ခဲဘူးမလား“

သူတွေဝေသွားသည်။ထိုခဏ၌

“ ဟားကွာ မှောင်မည်းနေတာပဲ မီးလည်းမရှိဘူး “

“မင်း ဘိုးအေ မီးရှိရမှာလား ဒါ သင်းချိုင်းကွ မီးတွေထိန်ထိန်လင်းနေရအောင်  CLUBလို့မင်းထင်နေလား“

“ ဪ သေမယ့်သာသေခဲ့ရတယ် ငါတော့ မသေချင်သေးတာ အမှန်ကွ “

“ လခွီးတယ် ငါရော သေချင်လှလို့ သေခဲ့တယ်ထင်နေလား“

“ HIVကပ်လို့သေခဲ့တယ်ပေါ့ “

“ မင်းရော ဘာထူးလဲကွ အတူတူနဲ့ အနူနူပဲ သေချာတယ် ငါတို့တော့ ငရဲ့ကို သေချာပေါက် ကျိန်းသေရောက်မှာ ခုမရောက်သေးတာ အကြောင်းရှိတယ်ကွ “

“ မင်းက သိလို့လား “

“ မသိပါဘူး “

“ သေလိုက်တော့ကွာ “

“ သေပြီးသားလေ“

“ခွီး“

သူ အသံထွက်ရယ်လိုက်တော့ လူကြီးက မျက်လုံးပြုးကြည့်သည်။

“ကောင်လေး မင်းဘာကိုရယ်တာလဲ“

“ဪ ပျော်ပျော်ပါးပါးနေလာခဲ့ပြီး ခုချိန်ထိ ပျော်ပျော်နေတတ်တဲ့ အဲ ဒီနှစ်ယောက်ကို သဘောကျလို့ရယ်တာ“

“​အေးရယ် သူတို့က ကာမေသုမိစာ္ဆစာရကံနဲ့ ငရဲ့ကိုလားရမယ့်ကောင်တွေကွ မင်းလိုက်မလိုကလား“

“ ပေါက်တတ်ကရဗျာ လိုက်စရာလား “

“ သူတို့က လူ့ဘဝတုန်းက Night Clubတွေမှာ ကောင်းကောင်းကဲ မိန်းကလေးတွေကို အချောင်ရရင် ပျော်ပါး ဒိတ်ဒိတ်ကျဲ မိန်းမတွေနဲ့ တိတ်တိတ်ပုန်းဖောက်ပြန်ပြီး  သူများမယားကြာခိုခဲ့ကြတဲ့ ကြာကူရီတွေကွ သေတော့လည်း အော့နှလုံးနာစရာ အများတကာက နှာခေါင်းတွန့် လက်လန်တဲ့ HIV၊AIDS နဲ့သေခဲ့ရ လူအဖွဲ့အစည်းမှာ သူတို့တွေ သေသာတောင် မျက်နှာမလှတဲ့ကောင်တွေ ၊ ခုလည်းကြည့် သေပြီးတာတောင် ပေါ့ပေါ့နေ ပေါ့ပေါ့စားလုပ်ချင်နေသေးတယ်“

“ ဪ ဂလိုလား“

“ ခင်ဗျား ဒီမှာ Gameဆိုင်တစ်ဆိုင်လောက်ဖွင့်ပါလား ကျနော် ပျင်းလာပြီဗျ ကြည့်နေရတာ တစ်ယောက်ပြီးတစ်ယောက်ရောက်လာလိုက် ပျောက်သွားလိုက်နဲ့ သူတို့က ဘာတွေလဲ“

“ဟ ဘာမှ မရှိပါဘူးဆိုမှ မင်းကတစ်မျိုး လခွီးGameဆိုင် ဟုတ်လား ဆော့ချင်သေးတာလား လူတွေများ လူ့ဘဝက ဘာကြီးဖြစ်တယ် ညာကြီးဖြစ်တယ်နဲ့ ခုလာတော့လည်း ဘာမှမပါလာဘူး ငါ့ကိုပေးဖို့တောင် ချိုချဉ်တစ်လုံးမပါဘူး။ ပြောလိုက်ရင်တော့ ပေါလိုက်တဲ့ငွေ ဘာရချင်လည်း ပိုက်ဆံရှိရင် အကုန်ရတယ် တိုက်ရှိတယ် ကားရှိတယ်၊ လိုချင်တာပြောလက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆို ကဲ ခု ဒီနေရာမှာ  လက်ညှိုးလာထိုးပါလား ၊ မက်မောလိုက်ရတဲ့ ပစ္စည်းတွေ သေတော့လည်း ငါ့အတွက် လက်စွပ်လေးတောင်မပါလာဘူး။ တတ်နိုင်ရင် ဒီမှာ အင်တာနက်ဆိုင် လာဖွင့်ပေးလေ၊ ငါလည်း မင်းလို Chattingတို့၊ ကြူတာတို့ လုပ်ချင်တာပေါ့၊ မင်းလို့ အင်တာနက်ပေါ်က မဟုတ်မကတွေလည်းကြည့်ချင်တာပဲ၊ မော်လ်ဒယ်တွေရဲ့ မက်မောစရာ မပေါ့်တပေါ်ပုံတွေလည်းကြည့်ချင်တာပေါ့။မင်းလို gameလည်းတော့ချင်တယ် ဟောကြည့် ခုတော့ ဘာမှမရှိဘူး တိတ်ဆိတ်လိုက်သမှ ပုရစ်အော်သံကို တစ်သံချင်းကြားရတယ် မင်းကြိုက်တဲ့ Justin Bieberသီချင်းလိုတော့မကောင်းဘူးပေါ့….“

ထိုလူကြီးပြောမှ သူလက်ဖျားခါလိုက်ချင်တော့သည်။ သူ့ကိုများ ပြောလိုက်သည်မှာ ဘာမှမကျန်တော့။

“ သူတို့က ဘာတွေလဲ ဖြေဦးလေ“

“ မင်းက ငါ့ကိုများ ဉာဏ်ကြီးရှင်များမှတ်နေလားကွ သူတို့တွေရဲ့Bi0ကို တစ်ယောက်ချင်းမကြည့်နိုင်ပေါင် အဲ ဒါပေမယ့်လို့ အင်တာနက်ဥယျာဉ် အစီအစဉ်ထဲက ဦးအရိုင်းလို့တော့ ပေါက်တတ်ကရမေးတတ်တယ်ကွ“

“ ခင်ဗျားက အဲဒီ အစီအစဉ်ကိုလည်း သိလိုက်တာပဲလား“

“ ဒါပေါ့ ဘယ်သူ့ကိုမှ ငါက မျက်ခြေပြတ်တယ်ရယ်လို့မရှိဘူးကွ  အားလုံးကိုမြင်တယ် သိတယ် ကြားတယ် မင်းတို့ လူ့ပြည်မှာဆိုရင်တော့ အကြားအမြင်ရ ဆရာ ဘာညာသာရကာဆိုပြီး ဆိုင်းဘုတ်ထောင်ပြီး ဟောစားရင် ခုချိန်ဆိုရင် ကမာ္ဘကျော်သန်းကြွယ်သူဌေးတွေထက် သာတယ်ကွ“

သူ နှာခေါင်းနည်းနည်းရှုံ့လိုက်သည်။ ထိုလူကြီးလည်း ကြွားတတ်သည်ပဲ။

“ ဟုတ်ပါပြီ ကျနော်တော့ ခင်ဗျားကိုလက်လန်တယ် တကယ်ဖျားတယ် “

“ မင်းကသာ ဖျားတယ် တစ်ချို့က ငါ့ကိုမကြောက်ကြဘူးကွ အေးလေ ငါကလည်း တွေ့ကရာလူ ဖြဲခြောက်နေတာမှမဟုတ်တာ မင်းတောင်ကြည့် ငါမခြောက်လိုက်ရပါပဲ ဒီကိုရောက်လာတာကြည့်“

“ကျနော်က ဒီကိုရောက်တာတောင် ဘယ်လိုရောက်လာမှန်းမသိဘူး“

“ အေး ငါလည်း မင်းကို Messageလည်းမပို့မိသလို Mailလည်း မပို့မိပါဘူး ဒါမှမဟုတ် မင်းပဲ ကြွေလွယ်တာလားကွ “

“ ဘယ်ကသာဗျာ ကျနော်က မနေ့က အထိ အကောင်းဗျ ညရောက်တော့ လည်ပတ်ပြီး ပြန်အိပ်လိုက်တာနဲ့ ဒီကိုရောက်လာရတာ ဘာမှန်းကိုမသိဘူး ခင်ဗျားလည်း ကျနော်ကို စောင့်ပြီး ဝေဖန်ဖို့လောက်ပဲပြင်နေတာထင်တယ် ရောက်ကတည်းက ပြောလိုက် တာလည်း ရေပတ်ရင်တောင် ဝင်မှာမဟုတ်ဘူး“

“ ဒီမယ်ကောင်လေး မင်းသေသေချာချာနားထောင် တစ်ခါက ကဗျာဆရာတစ်ယောက်ရယ်၊ သိပံ္ပပညာရှင်တစ်ယောက်ရယ်၊ တို့ ကိုးကွယ်နေတဲ့ မြတ်ဗုဒ္ဓရယ် ဆုံကြတယ်တဲ့။ အားလုံးရဲ့ရှေ့မှာတော့ သစ်ပင်တစ်ပင်ရှိတယ်၊ အဲဒီအချိန်မှာ သစ်ပင်က သစ်ရွက်ကလေးတွေက ကြွေကျတယ်။ အဲဒါကို ကဗျာဆရာကပြောတယ်

“သစ်ရွက်ကလေးတွေ ငိုနေတယ်“တဲ့

သိပံ္ပပညာရှင်ကပြောတယ်

“ မဟုတ်ဘူး ကမာ္ဘမြေကြီးရဲ့ ဆွဲငင်အားကြောင့်ကြွေကျရတာ“တဲ့

ကဗျာဆရာကတော့ သူ့အတွေးထဲမှာ ဘယ်အရာမဆို လှလှပပ ဖွဲ့ဆိုတတ်တဲ့အကျင့်ရှိတော့ သူက လှလှပပလေးတွေးပြီး လှလှပပလေးပြောလိုက်တာကွ

ထိုနည်းလည်းကောင်းပဲ သိပ္ပံပညာရှင်ကလည်း သိပ္ပံနည်းကျကျ တွေးခေါ်ပြီး ပြောလိုက်တာ နောက်ဆုံး တို့ မြတ်ဗုဒ္ဓကပြောတယ်

“ မဟုတ်ဘူး ကြွေချိန်တန်လို့ ကြွေကျရတာ“တဲ့ မှတ်ထားကောင်လေး မင်းလည်း ဘယ်ဖက်ကတွေးတွေး တွေးကြည့်လို့ရတယ် မင်းဟာ ကမာ္ဘမြေကြီးရဲ့ ဆွဲငင်အားကြောင့် မြေကြီးထဲရောက်ပြီး ဒီကိုရောက်လာတာဖြစ်နိုင်သလို ကြွေချိန်တန်လို့ ကြွေလာတာလည်း ဖြစ်နိုင်တယ်….ဘာပဲဖြစ်ဖြစ် မင်းက ရောက်ကို ရောက်လာရတာပဲလေ ဒါက ဘာကိုပြောသလဲဆို လူတစ်ယောက်ဟာ တစ်ချိန်ချိန်ကျရင် သေကိုသေဆုံးရမယ် မြန်မြန်ဆန်ဆန်ကြီးလည်း ဖြစ်နိုင်တယ် ကာလာကြာရှည်နှေးကွေးရင်လည်း နှေးကွေးမယ် ဟုတ်တယ်မလား“

“ ဟာဗျာ ဉာဏ်မမှီတော့ဘူး ထားပါတော့ သေချိန်တန်လို့သေရတယ်ပဲပေါ့ ကဲ ကျနော်နေရာတစ်နေရာရအောင် ဘယ်လိုလုပ်ရမလဲ သိလား“

“ ခုချိန်မှတော့ မရတော့ဘူးကောင်လေ မင်း  ဘဝမှာ သိတတ်ပါပြီဆိုကတည်းက လုပ်ခဲ့ရမှာမျိုး မင်းမသိခဲ့ရင်တော့ မင်းကို သွန်သင်ပြသပေးရမယ့် မင်းမိဘတွေရဲ့တာဝန် မင်းကို အလိုလိုက်ပြီး ကောင်းကောင်းထား ဘာဆိုဘာမှ လှည့်မကြည့် ပိုက်ဆံပေးလိုက်ရင် ဆရာတွေက သင်ပါလိမ့်မယ်ဆိုပြီး လွတ်ထားခဲ့တဲ့ မင်းမိဘတွေကလဲမှားခဲ့တယ်…မင်းကိုနိုက်ကလည်း ပေါ့ပေါ့နေ ပေါ့ပေါ့စား ပညာဆိုတာကို ဖိဖိစီးစီးမသင်ပဲ မိဘတွေ စိတ်ချမ်းသာရင်ဆိုတဲ့စိတ်နဲ့ပဲ သင်ခဲ့တယ် မင်းဦးနှောက်ထဲမှာ ဘာမှသိဘူး မရှိဘူး၊ ကုသိုလ်လုပ်ရမှန်းလည်းမသိ၊ လူကြီးရိုသေရမှန်းလည်းမသိ၊ ဘုရားဆိုတာကို ဘောင်ကွတ်ထားတဲ့ အလူမီနီယံအတွင်းက ပုံတော်လောက်သာသဘောထား မိဘဆိုတာတောင် သိတတ်ဖို့ဝေးလာတာမဟုတ်လား“

`ဟုတ်ပါတယ် ကျနော် မှားမှန်းသိနေပါပြီ ဒါပေမယ့် နောင်တရနေလဲ မထူးတော့ဘူးမလား “

“ နောင်တဆိုတာ မှားမှန်းသိမှရပေမယ့် ပြင်လိုက်ရင်မှီပါသေးတယ်“

“ ဗျာ“

“ ဟုတ်တယ် ပြင်လို့ရသေးတယ် မင်း လူ့ဘဝကိုပြန်သွားလိုက် မင်းသိတဲ့အမှားတွေကိုပြင်လိုက်ဦး မင်းနောက်တစ်ခေါက်ပြန်လာရင်တော့ ငါကမလွတ်တော့ဘူး“

“ တကယ်ပြောတာလား ကျနော်တကယ် လူ့ဘဝကိုပြန်လို့ရသလား“

“ရတာပေါ့ကွ မင်းကို ငါမှမခေါ်သေးတာ မင်းက ခဏလည်လာတာလေ အေး အထက်ကလူတွေလိုတော့ စီးပွားရှာပြီး ဂုဏ်တွေမမှောက်နဲ့ အပျော်အပါးကို မလိုက်စားနဲ့ မျက်စိကိုဖွင့်ထား နားကိုစွင့်ထား စိတ်ကို ရှင်းအောင်ထား ဘာသာတရားကိုလည်းမမေ့နဲ့ ဉာဏ်ကိုလည်းဖွင့်ထား ဘယ်သူ့ကိုမှာ အပြစ်မဆိုနဲ့ ဟုတ်ပြီလား ကဲ သွားတော့“

သူတော်တော်ပျော်သွားပါသည်။သူ့လူ့ဘဝကိုပြန်သွားလို့ရသတဲ့။ သူ့လောက်ပျော်တဲ့သူ ဤဇဗ္ဗူမှာ တစ်ယောက်မှမရှိနိုင်တော့။သူမသွားခင်တော့ ထိုလူကြီးကိုနုတ်ဆက်လိုက်ချင်သေးသည်။ ထိုလူကြီးရဲ့ နာမည်ကိုမေးကြည့်ရမည်။

“ ဒါဆိုကျနော်သွားတော့မယ်နော် ခင်ဗျားကြီးရဲ့နာမည်ကို ပြောပြပါလား Email လိပ်စာလေးရှိရင်လည်းပြောလိုက်လေ Gmailရှိရင်တော့ အဆင်ပြေတာပေါ့ VZOရောရှိလာ အဲဒါရှိရင်လည်းအဆင်ပြေတယ် ခင်ဗျားနဲ့ မျက်နှာချင်းဆိုင်စကားတွေပြောချင်သေးတယ်ဗျ ကျနော့်ရဲ့Emailလိပ်စာကိုလည်းယူထားလေ ပြောပါဗျ ခင်ဗျားနာမည်ကို သိချင်လွန်းလို့ပါ“

“ ဟား  ဟား  ဟား သယ်လာတဲ့ကောင် မင်းက လူ့ဘဝကိုရောက်ရောက်ချင်း အင်တာနက်ဆိုင်ကိုရောက်မယ့်ကောင်ပါလားကွ အေး အင်တာနက်ဆိုင်ကိုရောက်ရင် ငါ့အကြောင့် Blogတစ်ပုဒ်လောက်တင်လိုက်ကွ ငါဟာ သေမင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို“

“​ဗျာ သေမင်း“

“ ဟုတ်တယ် သေမင်း ငါက အခု တစ်ကမာ္ဘလုံးကိုစောင့်ကြည့်နေတဲ့အကြောင့် လူတွေရဲ့တစ်ယောက်ချင်းဆီရဲ့ အမူအကျင့်တွေကို သေသေချာချာ Recordလုပ်ထားတဲ့အကြောင်း မကောင်းသူပယ် ကောင်းသူကယ်မယ့်အကြောင်း ဘာညာသာရကာပေါ့ကွာ“

“ ဟုတ်ကဲ့ ကျနော် တင်ပေးပါ့မယ် ကျနော် Gazetteမှာတင်ပေးလိုက်ပါ့မယ် ဒါနဲ့ကျနော်က လူ့ဘဝကိုဘယ်လိုပြန်ရမှာလဲ “

“ မပူပါနဲ့ မျက်လုံးမှိတ်လိုက်ကွ“

`သူမျက်လုံးမှိတ်လိုက်သည်။ ထိုခဏ၌ သူခန္ဓာကိုယ် လေထဲ၌မြောလွင့်သွားသလို ခံစားလိုက်ရသည်။ နောက် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသည်ကို သူမျက်လုံးဖွင့်လိုက်တော့ သိလိုက်ရ၏။ မျက်စိထဲတွင် အလင်းရောင်တစ်စကိုမြင်လိုက်ရသည်။ ထိုခဏ၌

“ကောင်လေးရေ မင်းကတိ တည်ပါစေနော် ငါ အင်တာနက်ပေါ်ကနေ စောင့်ဖတ်မှာ ရြေုးဖစ်အောင်ရေး“ဟု သေမင်းက ပြောသွားလိုက်သည့်အသံကို သူကြားလိုက်တော့သည်။

 

 

သော်ဇင်(လွိုင်ကော်)

7-March-2011

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

One comment

  • bigbird

    March 8, 2011 at 3:08 pm

    သေသေချာချာကို ဖက်သွားပါတယ် ။ အရေးအသားကောင်းလိုက်တာ…

Leave a Reply