“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းနှစ်) (ဂျမ်းတောမ)

“ပါဝင်ကပြ ကြည့်ရူ့အားပေး ဝေဖန်သုံးသပ်”(အပိုင်းနှစ်) (ဂျမ်းတောမ)

(ဘဝအပိုင်း-နှစ်- ဂျမ်းတောမ)
“ဂျမ်းတောမ ……….ကန်အထုတ်ခံလိုက်ရပြန်ပလား ဒီအချိန်ထိ အိပ်ယာမထပုံထောက်ရင်”
ဒီအသံကတော့ ကျုပ်အကြောင်းကို သိလွန်းတဲ့ ကြီးစိန်မြရဲ့နံနက်ခင်းတေးသံသာပါဘဲ။
ထင်ဆိုလဲထင်စရာပါ ကျုပ်ကလဲ ပန်းရံဆရာက မခေါ်လို့ အလုပ်မရှိဘဲ နား နား နေရတာက
ခဏခဏကိုး။
အလုပ်မရှိတဲ့ရက်ဆိုတော့လဲ နေဖင်ထိုးအောင်အိပ်ရုံပေါ့နော။
ပုံမှန်သာ ကျုပ်အလုပ်သွားရမယ်ဆိုရင် မနက်အရုဏ်တက် တုံးမောင်းခေါက်သံကြားကထဲကထ၊
ရှိတဲ့ဆန်လေးနဲ့သားအဖတစ်တွေအလုပ်သွားရင်ထည့်သွားဘို့ ထမင်းထုပ်အတွက်
ထမင်းအိုးတည်၊
ချန်ထားတဲ့ဘဲဥနှစ်လုံးထဲကိုကြက်သွန်ခရမ်းချဉ်သီးရှိသလောက်အကုန်ထဲ့လို့ကြော်၊
ပြီးရင် သားအဖသုံးယောက်အတွက် မျှပြီးထမင်းထုပ်။
အိမ်ကျန်နေမယ့်နှစ်ယောက်အတွက်လဲမျှတော့ချန်ခဲ့ရပါတယ်။
မနက်အဆာပြေစားသွားဘို့ ညကကျန်တဲ့ထမင်းကြမ်းကိုဆီပူထိုး။
ပဲပြုတ်သယ်လာရင် ပဲပြုတ်တစ်ရာဘိုးဝယ် သားအဖငါးယောက်မျှတစားဘို့ ပုဂံလေးတွေထဲကိုခွဲတမ်းချ။
အဲဒီကိစ္စပြီးတာနဲ့ရေကမန်းကတန်းချုးိ၊
“မိစိန်” စက်ဘီးကိုကပ်လိုက်ပြီးအလုပ်အတူသွားဘို့လမ်းမတန်းကထွက်စောင့်ရပါတယ်။
“မိစိန်”ကစက်ဘီးစိုက် အသွားအပြန်ကျုပ်ကလူစိုက်ပေါ့။
လူတစ်ယောက်ကိုတင်နင်းရတာ ပင်ပန်းပေမယ့် ငွေမကုန်ဘူးလေ။
တစ်ခုတော့ရှိတာပေါ့လမ်းမှာများ စက်ဘီးပေါက်ရင်တော့ ဘီးဖာခက တဝက်စီခံ။
ဒီတော့လဲလမ်းအလုပ်သွားရင် ဘီးမပေါက်ဘို့ ဘုရားတနေရတာပေါ့နော်။

ကျုပ်တို့နေရတဲ့နေရာတွေကလဲ မြို့သစ်ဖြစ်လိုက် စက်မူ့ဘက်ဖြစ်လိုက်နဲ့ ကြုံရာကျဘမ်း ဆိုတော့ အတည်တကျမရှိပါဘူး။မရှိဆိုကျူးတွေကိုး။
ပိုင်ရှင်လာမနေသေးတဲ့မြေကွက်လွတ်တို့၊ဘယ်သူပိုင်ရှင်မှန်းအဖေမပေါ်သေးတဲ့မြေကွက်လပ်တို့အစိုးရပိုင်မြေကွက်လပ်တွေမှာတို့ လယ်ကွင်းဟောင်းတွေမှာ ကြည့်ကျက် ညှိညှက်ပြီးနေရတာပါဘဲ။
အလှူငွေတောင်းတယ်ဆိုထည့်လိုက် မပြေလည်တော့လဲတောင်းပန်ခယလိုက်။
တောင်းပန်ခယလို့လည်းမရ အလှူငွေလည်းလက်မခံဘူးဆိုပြန်ရင်တော့ လဲ……………..
ဒီနားကမနေရဘူးဆိုတော့လဲ အဖြစ်ဆောက်ထားတဲ့တဲလေးတွေဖျက် နီးရင်ခြေကျင်ဝေးရင်ဆိုက်ကားငှားးပြီး နေလို့ရမယ်နေရာလေးရှာကြံပြီး ပြောင်းရတာပေါ့ ဟိုနားကမနေရဘူးဆိုတော့ ဒီဘက်ပြောင်း ဒီဘက်ကမနေရဘူးဆိုတော့ ဟိုနားပြောင်းပေါ့။
အတည်တကျနေချင်ပေမယ့်လဲ ပန်းရံခံကြွေးအလုပ်နဲ့ကျပန်းဘောက်အလုပ်သမားတွေဆိုတော့
ဝင်ငွေပုံမှန်မရှိပြန်၊
ဒီတော့လဲ ကျောခင်းစရာတစ်နေရာအတွက်တော့ ဇာချဲ့မနေနို်င်သလို
ငှားနေဘို့ကတော့ဝေလာဝေး အမှန်ပြောရရင် တော့ အိမ်ငှားခကို တကယ်တတ်လဲမတတ်နိုင်ပါဘူး။
သူများတွေပြောကြတာတော့ ကြားရတာဂုဏ်တက်ချင်စရာ နိုင်ငံခြားမှာကျုပ်တို့လိုအတည်တကျမနေတဲ့
လူတွေကိုခေါ်တာ ဂျစ်ပစီဆိုလား ဂျတ်ပစီ ဆိုလား ကျုပ်တော့ခေါ်တတ်ပေါင်။

အခုလောလောဆယ်ကျုပ်တို့ နေတာကမြို့သစ် သိပ္ပွံလမ်းနဲ့ မနော်ဟရီကြား
အခု73လမ်းမရဲ့အနောက်ဘက်နဲ့ လေယာဉ်ကွင်းအဟောင်းစည်းရိုးရဲ့အရှေ့ဘက်လမ်းကြားက ကွက်လပ်မှာပါ။
ထွန်တုံးဘက်ကလာတဲ့ “မိစိန်”ကို 73လမ်းမကတက်စောင့်ပြီးအလုပ်သွားရုံပါဘဲ။
ကျုပ်တို့ “မိစိန်”တို့ကတော့ ကျုပ်တို့ပန်းရံဆရာချိန်းတဲ့နေရာကိုအရောက်သွားရတာပေါ့။
ကျုပ်တို့လိုနေ့စားတွေက ပန်းရံဆရာကျေနပ်မှနေ့စဉ်ထမင်းမငတ်တဲ့လူလို့ပြောရင်လဲမှန်ပါတယ်။
အလုပ်လိုချင်သူ လုပ်ချင်သူကပေါမှပေါရယ်။
အလုပ်သာမှန်မှန်ရနေဘို့အတွက် ဘယ်လိုနေရနေရဆိုတဲ့သူတွေကလဲ အပုံရယ်။
ပန်းရံဆရာများကလဲ သူတို့နဲ့ပလဲနံပသင့်သူကိုမှ အလုပ်ခေါ်တာကိုး။
သူတို့က နက်ဖြန်ဘယ်လာခဲ့ဆိုလဲ ဝေးဝေးနီးနီးသွားလိုက်။
နောက်နေ့မှလိုရင်လှမ်းခေါ်လိုက်မယ်ဆို ပြန်တော့လဲ အိ်မ်မှနားပေါ့။
ကျုပ်စိတ်ကလဲ အလုပ်ဘယ်လောက်ပင်ပန်း ပင်ပန်း မဆလာဒယ်ကိုရွက်ပြီးဘယ်လောက်အမြင့်
တက်ရတက်ရ ဘယ်နှစ်ခေါက်တက်ရတက်ရ ကျုပ်ရွက်နိုင်တယ်။
ဒါပေမယ့် ကျုပ်ကို ထိကပါးရိကပါးလုပ်လာရင် လက်ပါလာရင် တော့ မခံနိုင်ဘူး။
ပန်းရံသမနဲ့ ကန်ထရိုက်၊ပန်းရံသမနဲ့ ပန်းရံဆရာ၊ပန်းရံသမနဲ့ပန်းရံဆရာလက်ထောက်၊ပန်းရံသမနဲ့သံလက်ကိုင်
ဖိုမဇာတ်လမ်းတွေခင်းကြတာအတည်ရော အပျော်ရော အပျင်းပြေရော ဆိုတာဒီလောကမှာ မဆန်းဘူးတောင်ပြောနိုင်ပါတယ်။
ဒါပေမယ့်အဲဒီထဲ ကျုပ်မပါချင်ဘူူး။
ကောင်မက ဘာမှမရှိဘဲမာနခံတယ်ပြောချင်ပြော ကျုပ်ကတော့ အုတ်အရောရော ကျောက်အရောရောအဖြစ်မခံချင်တာတော့ အမှန်ဘဲ။
ကျုပ်တို့လို့ အနိ်မ့်စားနင်းပြား ပန်းရံသမဆိုတာ သူတို့လက်တဲ့စမ်းစရာလောက်သာသဘောထားတာ။
ပါးစပ်က နေသားပြောမယားပြောလိုပြော၊
လူလစ်တာနဲ့လက်ကဆော့ချင်နေကြတာ ကလည်းသူတို့ပိုင်ပစ္စည်းကျနေတာဘဲ။
အလုပ်မခေါ်မှာစိုးလို့ သူတို့ထိကပါးရိကပါးအပေါ်ယံလောက်ကတော့ ဘာမှမဖြစ်ဘူးလေဆိုပြီး
ငြိမ်ခံလိုက်ပြန်ရင် သူတို့ကနောက်တဆင့်တက်တော့တာပါဘဲ။
နောက်ဆုံးကျုပ်ဖြစ်ခဲ့တာကတော့ အတော်လေးပြဿနာကြီးသွားတယ်ပြောရမယ်။
“တေဇ”ဆိုတဲ့အကောင်က အစကထဲက ကျုပ်ကိုချိတ်တိတ်တိတ်လာလုပ်နေတာ။
လူလစ်တာနဲ့ “အသဲလေး”ခေါ်လိုခေါ်”စောစောပြန်ထမင်းချက်ထားနော် “ဆိုပြောလိုပြော
“ည ဗွီဒီယိုသွားကြည့်ဘို့လာခေါ်မယ် “ဆိုပြီး ချိ်န်းလိုချိန်းနဲ့
ပါးစပ်ကစတာလောက်ကတော့ ပဲ့ပါသွားတာမှတ်လို့ ကျုပ်ကသီးခံပါတယ်။
ဒါပေမယ့်အစကထဲကပြောပြီးသား လက်ပါလို့ကတော့ ပါးအကွဲဘဲဆိုတာ။
ပန်းရံဆရာက သူ့ကို သံလက်ကိုင်နေရာကို စပြီးစမ်းခိုင်းလဲခိုင်းရော
အုတ်စီတာ တတ်မတတ်တော့ မသိဘူး လက်ကတော့ ကမျဉ်းတတ်လာတယ်။
ကျုပ်တို့ပန်းရံသမအချင်းချင်းက ပြန်ပြောတော့ သိတာပေါ့။

တစ်ရက် လေးထပ်အမြင့်မှာကျူပ်မဆလာသယ်လာတဲ့အချိန် ဒီကောင်က မဆလာဒယ်
ချပေးတာလိုလိုနဲ့ကျုပ်ရင်ဘတ်လာကိုင်တာ ကျုပ်ကလဲဆောင့်ကန့်ထဲ့လိုက်တာ နောက်က ငြမ်းဆင်ထားတဲ့သံတန်းသာမရှိရင် အဲဒီကောင်လေးထပ်ကကျအသေဘဲ။
မဆလာဒယ်ကလဲသူအပေါ်ကျတော့ အဲဒီကောင်ခြေမကွဲထွက်သွားရော။
ပန်းရံဆရာက ကျုပ်ကို နှမချင်းမစာနာ “ဒီလောက်လေးနဲ့နင်ဘာဖြစ်သွားမှာမို့လို့လဲ”တဲ့။
ဖြစ်နိုင်ရင် အဲဒီပန်းရံဆရာပါ ပါးကွဲအောင်ရို်က်ထဲ့လိုက်ချင်တာ။
စိတ်တိုတိုနဲ့ပြန်လာလိုက်တာ့ အဲဒီနေ့ တနေကုန်အပင်ပန်းခံထားတဲ့လုပ်ခဆုံးသွားတာပေါ့။
ဒီလိုနဲ့ဘဲ ကျုပ်မှာအဆင်ပြေလိုက်မပြေလိုက်နဲ့တစ်ဖွဲ့ပြီး တစ်ဖွဲ့ပြောင်းလုပ်နေရတာ။
ကျုပ်ထိကပါးရိကပါးနဲ့လက်ဆော့တာလဲမခံချင်ဘူး။
မယားငယ်လဲအဖြစ်မခံချင်ဘူး။
ဟိုဟာလဲလုပ်မစားချင်ဘူး။
ပန်းရံဆရာတိုင်း အဖွဲ့တိုင်းမကောင်းဘူးတော့လဲ တစ်ထစ်ချပြောလို့မရပါဘူး။
အခုလုပ်နေတဲ့အဖွဲ့ဆိုအားလုံးသူ့စည်းကိုယ့်စည်းနဲ့တကယ်အဆင်ပြေတာပါ။
ဒီနေ့ကတော့ ကြီးစိန်မြပြောသလို ကန်ထုတ်ခံရတာမဟုတ်ပါဘူး။
မိစိန်က သူတို့ နေတဲ့ နေရာက ပိုင်ရှင်ပြောင်းလာတော့မှာမို့ အသိုက်ပြောင်းတော့ အလုပ်မဆင်းနိုင်ဘူးပေါ့။
သူမဆင်းတော့ကျုပ်တစ်ယောက်ထဲသွားရမှာခပ်ပျင်းပျင်းဆိုတော့ နားလိုက်သပေါ့။
ဒီလို မနားလဲ ထမင်းတစ်လုတ်အတွက် မသေမချင်း အလုပ်ကလုပ်နေရအုံးမှာလေ။

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

One comment

  • bigcat

    March 9, 2011 at 5:20 am

    ကြားရတာ
    နားဝမှာ
    မသက်သာတာမို့
    ဖခင်ဘုရင်ကြီးမှာ
    ကျားမလိုပါ
    ကျားမလိုပါ…

Leave a Reply