ပန်းတိုင်

ashinindakaMarch 10, 20111min9910

ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်က နိဗ္ဗာန်ပါ။
နိဗ္ဗာန်ဆိုတာကို ဗုဒ္ဓဘာသာဝင်တိုင်း
ပြောနေကြပေမဲ့ ကြားနေရပေမဲ့ ဂဃနဏ သိတဲ့သူ ရှားတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဘုန်းကြီးတွေတောင်
“အရှင်ဘုရား၊ အရှင်ဘုရားတို့ ပြောပြောနေတဲ့ ဟောဟောနေတဲ့ နိဗ္ဗာန်ဆိုတာ ဘာပါလဲဘုရား” လို့ သွားမေးကြည့်။
အင်း၊ အဲ ဆိုတဲ့စကားလုံးတွေ အကြိမ်များစွာ ကြားရမှာဖြစ်ပြီး
နိဗ္ဗာန်ဆိုတာ နိနဲ့ ဝါန ပေါင်းစပ်ထားတဲ့ပုဒ်ဖြစ်တယ် စသဖြင့်
အငယ်တုန်းက ဆရာဘုန်းကြီးက ကျက်ခိုင်းလို့ ရထားတဲ့ဟာတွေကို
ရွတ်ပြ ဆိုပြ ပါလိမ့်မယ်။ တချို့ဘုန်းကြီးတွေဆို
ငယ်ငယ်တုန်းက စနစ်တကျ မသင့်ခဲ့ရလို့ ဒါကိုတောင်
ကျကျနန မရွတ်ပြ မဆိုပြနိုင်ပါဘူး။

ဒါ့အပြင် နိဗ္ဗာန်နဲ့ ပတ်သက်လို့ ရှင်းပြတဲ့အခါ စကားလုံး တစ်လုံးနဲ့တစ်လုံး
တစ်ထွာလောက်ဝေးပြီး စကားလုံးတစ်လုံး ထွက်လာဘို့
ကွမ်းတစ်ယာညက်ခန့်ကြာ စောင့်ဆိုင်းရပါလိမ့်မယ်။
ပါဠိအဘိဓာန်ဆရာကြီးကတောင် နိဗ္ဗာန်ဆိုတဲ့ပုဒ်ကို
မောက္ခ၊ လွတ်မြောက်ရာ
နိရောဓ၊ ချုပ်ငြိမ်းရာ၊
တဏှက္ခယ၊ တတ်မက်မှုတဏှာကုန်ရာ၊
ဒီပ၊ အလင်းရောင် စသဖြင့် ပရိယာယ်စကားလုံး (၄၀) ကျော် ထုတ်ပြသွားပါတယ်။
ဒါကလဲ နိဗ္ဗာန်ကို နားလည်ဘို့အတွက် အဘိဓာန်ဆရာကြီးရဲ့  ကြိုးပမ်းမှုပါပဲ။

ထိုထိုကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို ကိုးကားမှီငြမ်းပြီး
မြန်မာဘာသာပြန်ဆရာတော်များကလည်း
အလွန်တရာ မြင့်မြတ်တာ၊ အစဉ်ထာဝရတည်မြဲတာ၊ ဖျက်ဆီးလို့ မရတာ၊
မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာ မဟုတ်တာ။
ဆင်းရဲမှုကို ကျော်လွန်တာ၊ အဖြစ်အပျက် မရှိတာတွေဟာ နိဗ္ဗာန်ဆိုပြီး
ပြောတော့တာပဲ။ ဟောတော့တာပဲ။

ရှင်းရှင်းပြောရရင် ဒီရှင်းပြချက်တွေက
နိဗ္ဗာန်ဆိုတာ ဘာလဲ ဆိုတာ
ရှင်းသွားအောင် လုပ်မပေးနိုင်ပါဘူး။
ရှင်းမသွားတဲ့အပြင် ပိုတောင် ရှုတ်ထွေးသွားပါသေးတယ်။
ဒါကလဲ ရှုတ်ထွေးသင့်လို့ ရှုတ်ထွေးတာပါ။

နိဗ္ဗာန်အဓိပ္ပါယ်ကို ရှင်းပြတဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်၊
ရှင်းပြတာကို နာယူ၊ လေ့လာ၊ နားထောင်တဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်ဖြစ်နေတော့
ရိုးရိုးပုဂ္ဂိုလ်တို့အရာမဟုတ်တဲ့ နိဗ္ဗာန် ဆိုတာကို
ဘယ်လိုမှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ခန့်မှန်းသိလောက်နဲ့ပဲ နိဗ္ဗာန်ကို နားလည်ကျမှာပါ။

လူတွေဟာ ဝေါဟာရပညတ်တစ်ခုကို အဓိပ္ပါယ်ဖော်ဆောင်ရာမှာ
သူတို့မျက်စိနဲ့ မြင်တဲ့အရာဝတ္ထုကိုသာ
သူတို့စိတ်သိနဲ့ အဓိပ္ပါယ်ဖောင်ဆောင်နိုင်ကြတာမဟုတ်ပါလား။

သူတို့မျက်စိနဲ့မမြင်နိုင်တဲ့အရာဝတ္ထုကို
သူတို့စိတ်အသိနဲ့ အဓိပ္ပါယ် မဖောင်ဆောင်နိုင်ကြပါဘူး။
နိဗ္ဗာန်ဆိုတာကြီးကိုလည်း သူတို့မျက်စိနဲ့ မမြင်နိုင်လို့ အဓိပ္ပါယ်မဖော်ဆောင်နိုင်ကြဘူး။
ခန့်မှန်းယော်ရမ်းပြီး နိဗ္ဗာန်ဆိုတာ ဒီလိုကွ၊ ဟိုလိုကွ နဲ့ ပြောဆိုနေကြတာ။

နိဗ္ဗာန်နဲ့စပ်လို့
မဟာတန်း ပထမနှစ်တုန်းက သင်ခဲ့ရတဲ့ ဒေါက်တာရာဟုလာရေးခဲ့တဲ့
What the Buddha Taught
ဆိုတဲ့ စာအုပ်ခလေးတောင် သတိရမိသေး။

(စာအုပ်မှာ ဒီလို)

ငါးသတ္တဝါတွင် ကုန်းမြေအကြောင်းဖော်ပြရန် ဝေါဟာရမရှိသကဲ့သို့
လူတို့တွင်လည်း လောကုတ္တရာအတွေ့အကြုံကို ဖော်ပြနိုင်ရန် စကားလုံးမရှိချေ။
လိပ်က ၎င်း၏မိတ်ဆွေ ငါးအား
ကုန်းပေါ်မှာ လမ်းလျှောက်၍ ရေကန်သို့ ပြန်လာကြောင်း ပြောပြသည်။

ငါးက
အော်၊ ဟုတ်လား၊ ရေကူးလာခဲ့တာမဟုတ်လား ဟု ပြန်မေးလေသည်။

လိပ်က
ကုန်းပေါ်တွင် ရေမကူးနိုင်ကြောင်း၊ ကုန်းမြေသည် မာကြောကြောင်း၊
လမ်းလျှောက်၍ သွားရကြောင်း ရှင်းပြသည်။
သို့ရာတွင် ငါးက လိပ်ပြောသော ကုန်းမြေကဲ့သို့ မရှိနိုင်ကြောင်း၊
ရေကန်ကဲ့သို့ပင် လှိုင်းအိကလေးများနှင့် ရေပြင်သာဖြစ်ရမည်ဖြစ်၍
ရေငုတ်နိုင်၊ ရေကူးနိုင်မည်သာဖြစ်ကြောင်း ဇွတ်ငြင်းဆိုလေတော့သည်။

Just as the fish had no words in his vocabulary to express the nature of the solid land.
The tortoise told his friend the fish
that he (the tortoise) just returned to the lake after a walk on the land.
‘Of course’ the fish said, ‘You mean swimming.’
The tortoise tried to explain that one couldn’t swim on the land,
that it was solid, and that one walked on it.
But the fish insisted that there could be nothing like it,
that it must be liquid like his lake, with waves,
and that one must be able to dive and swim there.

ဟုတ်တယ်။ ရိုးရိုးလူသား (လောကီလူသား) တို့ နိဗ္ဗာန်ဆိုတာကို သေချာ မသိနိုင်။
မျက်မှောက်သိဖြင့် နိဗ္ဗာန်ကို မသိနိုင်။
တရားကျင့်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတဲ့
အရိယာအဆင့်လေးဆင့် တစ်ဆင့်ဆင့်ရောက်မှသာ
နိဗ္ဗာန်သဘောသဘာဝကို သေသေချာချာ အတွင်းသိ အစင်း (အဆင်း) သိ
(ဝါ) မျက်မှောက်သိ သိနိုင်မယ်။

ဆိုတော့ နိဗ္ဗာန်ကို ဂဃနဏ သိဘို့ သောတာပန်ဖြစ်ဖို့လိုတယ်။
သကဒါဂါမ်ဖြစ်ဖို့လိုတယ်။
အနာဂါမ်ဖြစ်ဖို့လိုတယ်။
ရဟန္တာဖြစ်ဖို့လိုတယ်။

10 comments

  • အာဖျံ ကွီး

    March 10, 2011 at 8:54 am

    ဘာရယ်မဟုတ်ပါဘူး ဘုရား .. တပည့်တော် ကြားဖူးတာလေး တစ်ခုပါ …

    ရွာတစ်ရွာမှာ ရွာဦးကျောင်းဘုန်းဘုန်းက နိဗ္ဗာန်ဆိုတာ အရမ်းအေးတဲ့နေရာ၊ အေးမြတဲ့နေရာ လို.ဟော, ဟောတတ်တော့ … ကျောင်းတကါမကြီးက ပြောပါသတဲ့ … အဲဒါဆိုလဲ တပည့်တော် နိဗ္ဗာန်ကို မသွားချင်တော့ပါဘူး ဘုရား။ ဘာလို.လဲဆိုတော့ … တပည့်တော်မှာ ရင်ကျပ်ပန်းနာရောဂါ ရှိလို.ပါ .. တဲ့။ 😀 😀 😀

    • ashinindaka

      March 10, 2011 at 11:14 am

      တယ်ဟုတ်ပါလားဟဲ့ အာဖျံကွီးရဲ့။

  • bigbird

    March 10, 2011 at 2:59 pm

    အရှင်ဘုရားပြောမှပဲ ပိုပြီးသဘောပေါက်သွားပါတယ်ဘုရား။

  • unclegyi1974

    March 10, 2011 at 4:06 pm

    သောတာပန်အဆင့်နဲ့နိဗ္ဗာန်ကိုသိနိုင်ပါသလားဘုရား
    ရှင်းပြပေးစေလိုပါသည်

    • ashinindaka

      March 11, 2011 at 12:30 am

      သောတာပန်ဖြစ်ပြီဆိုရင် နိဗ္ဗာန်ရဲ့ သဘောသဘာဝကို သိနိုင်ပါပြီ။ (စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ) တဲ့။ မဂ်ဉာဏ်လေးပါးနဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ စာပေက လာပါတယ်။

  • zaw min

    March 10, 2011 at 5:55 pm

    အရှင်ဘုရား…ယခုတစ်ဘဝထဲနဲ့ သောတာပန်တည်နိုင်ပါသလားဘုရား။

    • ashinindaka

      March 11, 2011 at 12:32 am

      မေးခွန်းကို နားမလည်ဘူး။ ယခု တစ်ဘဝထဲနဲ့ ဆိုတာကို နားမလည်တာ။ ယခုဘဝမှာလည်း ကြိုးစားရင် သောတာပန်တင်မကဘူး။ ရဟန္တာပင်ဖြစ်နိုင်ပါတယ်။ လူတိုင်းတော့ ဘယ်ဟုတ်မလဲ။ ဉာဏ်အနုအရင့်တော့ ကွာတာပေါ့။

  • bigcat

    March 11, 2011 at 3:39 am

    သဂျီးကတော့ အင်တာနက် တက်ခနိုလော်ဂျီနဲ့ နိဗ္ဗာန်ကိုသွားနိုင်တယ်တဲ့… ;(

  • blackchaw

    March 11, 2011 at 8:09 am

    အရှင်ဘုရား တပည့်တော်နည်းနည်းဆွေးနွေးခွင့်ပြုပါဘုရား။ အရှင်ဘုရားပြောသွားတဲ့ နိဗ္ဗာန်ဆိုတာကို လူ့ဘဝသက်ရှိထင်ရှားနဲ့ရောက်သွားတဲ့သူလုံးဝမရှိဘူးလို့ တပည့်တော်ထင်ပါတယ်ဘုရား။ အဲဒီတော့ နိဗ္ဗာန်ဆိုတာကတော့ကွာ ဆီဒိုးနားဟော်တယ်ရဲ့ ဈေးအကြီးဆုံးအခန်းမှာ တည်းရသလိုပဲဟေ့လို့ တိတိကျကျပြန်ပြောပြနိုင်တဲ့သူလည်း လောကကြီးမှာ ရှိမှာ မဟုတ်ဘူးလို့ထင်ပါတယ်ဘုရား။ အဲဒီတော့ နိဗ္ဗာန်ဆိုတာ ဆင်းရဲခြင်းတွေချုပ်ငြိမ်းတဲ့နေရာ၊ ဆာလောင်မှုတွေချုပ်ငြိမ်းတဲ့နေရာ၊ တဏှာရာဂတပ်မက်ခြင်းတွေချုပ်ငြိမ်းတဲ့နေရာ၊ လို့ တပည့်တော်ထင်ပါတယ်ဘုရား။ တိတိကျကျကတော့ ကိုယ်တိုင်နိဗ္ဗာန်ရောက်မှပဲသိနိုင်တဲ့ နေရာမျိုးလို့ တပည့်တော်ယူဆပါတယ်ဘုရား။

Leave a Reply