မြန်မာ့စီးပွားရေးဘဏ်များ၏ ဘဏ်စာရင်းလက်ကျန်ငွေကို ၁၀၀၀ဝကျပ်အဖြစ်သတ်မှတ်ပြီး ကျပ် ၁၀၀၀ဝအောက်ကို ဧပြီလ ၁ရက်နေ့မှစ၍အတိုးမပေးတော့

klnApril 26, 20101min640

၂၀၁ဝပြည့်နှစ် ဧပြီလ (၁) ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်များရှိဘဏ်စာရင်းလက်ကျန်ငွေကိုကျပ်၁၀၀၀ဝ အဖြစ်သတ်မှတ်လိုက်ကြောင်း သိရသည်။ မူလကဘဏ်စာရင်းလက်ကျန်ငွေကိုကျပ် ၁၀၀ဝဟုသာသတ်မှတ်ထားရာမှ ၂၀၁ဝပြည့်နှစ် ဧပြီ၁ရက်နေ့မှစ၍ ယခုကဲ့သို့ ကျပ် ၁၀၀၀ဝ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ “ ကျွန်မတို့ဆီမှာတော့ ဒီလိုသတ်မှတ်ချက်မရှိသေးပါဘူး။ အရင်ကသတ်မှတ်ထားတဲ့အတိုင်း ဘဏ်စာရင်းလက်ကျန်ငွေကို အနည်းဆုံးရာဂဏန်းဖြစ်စေ၊ ဒါမှမဟုတ် ကျပ် ၁၀၀ဝထားရှိရင်ရပါတယ်” ဟု ရိုးမဘဏ်မှတာဝန်ရှိသူတစ်ဦးကပြောကြားသွားခဲ့သည်။ ဘဏ်စာရင်းစာအုပ်ပြုလုပ်ရာတွင်လည်းတစ်ဦးတည်း ငွေစာရင်းတစ်ခုနှစ် တွဲဖက်ငွေစာရင်းတစ်ခု၊ စုစုပေါင်းငွေစာရင်းနှစ်ခုထက်ပိုမိုအပ်နှံထားသော ငွေစာရင်းများအား အတိုးငွေထုတ်ပေးမည်မဟုတ်ကြောင်း သိရှိရသည်။  ထို့ပြင်ဘဏ်စာရင်းစာအုပ်၌ နှစ်နှစ်အတွင်း ငွေသွင်းငွေထုတ်ပြုလုပ်ခြင်းမရှိပါက ၂၀၀၉/ ၂၀၁ဝဘဏ္ဍာရေးနှစ်မှစ၍ စာရင်းသေအပ်ငွေအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ငွေစုဘဏ်စာရင်း၏ အနည်းဆုံးကျန်ငွေကိုလည်း ဧပြီလ ၁ရက်နေ့မှစ၍ အနည်းဆုံးကျန်ငွေတစ်သောင်းထားရှိရန် သတ်မှတ်လိုက်ကြောင်းလည်းထုတ်ပြန်ချက်များအရသိရှိရသည်။ “ ငွေစုဘဏ်စာရင်းမှာ အနည်းဆုံးကျန်ငွေကို ကျပ်တစ်သောင်းထားရှိဖို့ ၂၀၁၀၊ ဧပြီလ ၁ရက်နေ့ကစပြီး သတ်မှတ်လိုက်ပါတယ်၊ အဲဒီလက်ကျန်ငွေ ကျပ်တစ်သောင်းအောက်ကိုလည်းအတိုးလုံးဝမပေးတော့ပါဘူး၊ ကျပ်တစ်သောင်းအောက် စာရင်းများကိုလည်း မတ်လ ၃၁ရက်နေ့ကစပြီးစာရင်းသေစာရင်းကို ထည့်သွင်းသွားမှာဖြစ်ပါတယ်”ဟု မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ်တွင် လူတစ်ဦးလျှင် တစ်ဦးချင်းစာရင်းတစ်ခုနှင့် တွဲဖက်စာရင်းတစ်ခုသာ ဖွင့်လှစ်ရန်နှင့် သတ်မှတ်စာရင်းဦးရေထက်ပိုမိုသည့် စာရင်းများအား ဧပြီလ ၁ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်းသိရှိရသည်။ www.khitlunge.org.mm