လိုင်စင်ပါအချက်အလက်များမှားယွင်းမှုကြောင့် သွင်းကုန်လုပ်ငန်းအချို့ အယ်လ်စီဖွင့်ချိန်တွင် အခက်အခဲဖြစ်ပေါ်

klnApril 26, 20101min460

ပြည်တွင်းဈေးကွက်အတွင်း ကုန်ပစ္စည်းများတွင်သွင်းလျက်ရှိသောသွင်းကုန်လုပ်ငန်းအချို့သွင်းကုန်လိုင်စင်ပါ အချက်အလက်များ မှားယွင်းမှုကြောင့် အယ်လ်စီ( ငွေလွှဲစာတမ်း) ဖွင့်ချိန်တွင် အခက်အခဲဖြစ်ပေါ်မှုများ ယခင်ကထက်ပိုမိုများပြားလာကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ထိုကဲ့သို့ သွင်းကုန်လိုင်စင်ပါအချက်အလက်များ မှားယွင်းခဲ့သည့်အကြောင်းရင်းထဲတွင် လိုင်စင်ရရှိချိန်တွင် အချက်အလက်များအား မှန်ကန်ခြင်းရှိ မရှိစစ်ဆေးမှုအားနည်းခဲ့ခြင်း၊ အချက်အလက်ဖြည့်စွက်သူမှ မှားယွင်းစွာ ထည့်သွင်းမိခြင်းတို့ပါဝင်ကြောင်း၊ လုပ်ငန်းများအနေဖြင့် ယင်းမှားယွင်းမှုကိုဖြေရှင်းဆောင်ရွက်ရာတွင် သွင်းကုန်လိုင်စင်အသစ်လျှောက်ထားခြင်း၊ ပြင်ဆင်ခွင့်လျှောက်ထားခြင်း၊ တစ်ဖက်လုပ်ငန်းသို့ မှားယွင်းမှုကို အသိပေးအကြောင်းကြားပြီးလက်ခံပါက ထိုအခြေအနေအတိုင်း အယ်လ်စီ( ငွေလွှဲစာတမ်း) ဖွင့်ပေးခြင်းစသည့် နည်းတို့ဖြင့်ပြေလည်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။ အဆိုပါ မှားယွင်းမှုမျိုးဖြစ်ပေါ်ပါက တစ်ဖက်ကုမ္ပဏီသို့ ညှိနှိုင်းဖြေရှင်းခြင်းထက်လိုင်စင်အသစ်ပြန်လည်လျှောက်ထားရသည့် အနေအထားမှာ ပိုမိုများပြားကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေသော အယ်လ်စီဖွင့်ရက်ကြာမြင့်ချိန်မှာ ခုနစ်ရက်ဝန်းကျင်ရှိပြီး သွင်းကုန်လိုင်စင်ရရှိရန် ကြာမြင့်ချိန်မှာကုန်ပစ္စည်းအမျိုးအစား၊ ပမာဏပေါ်မူတည်ကာ ခုနစ်ရက်မှ (၂၁)ရက်ထိ ရှိကြောင်းသွင်းကုန်တင်သွင်းသူများထံမှသိရှိရသည်။ မြန်မာနိုင်ငံ၏ကုန်သွယ်ရေးမူဝါဒများအရ ပို့ကုန်ငွေပေးချေမှု နည်းလမ်းကို ပို့ကုန်ကြိုတင်လွှဲပို့ငွေစနစ်(TT)နှင့် ပို့ကုန်ငွေလွှဲစာတမ်းစနစ်( LC)တို့ဖြင့် ငွေပေးချေခွင့်ပြုထားပြီး သွင်းကုန်ငွေပေးချေမှုနည်းလမ်းကိုသွင်းကုန်ငွေလွှဲစာတမ်းစနစ်(LC) တစ်ခုတည်းဖြင့်သာ ခွင့်ပြုထားကြောင်း၊ အယ်လ်စီဖွင့်ရန်အတွက် သက်ဆိုင်ရာနိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် လျှောက်ထားရန်လိုအပ်ပြီးလျှောက်လွှာ၊ ဘဏ်မှရောင်းချသော ပုံစံစာရွက်၊ ပို့ကုန်ရငွေဖြစ်ကြောင်းဝန်ခံကတိပြုစာ၊ ပို့ကုန် Credit ရှင်းတမ်း၊ လိုင်စင်ရှင်းတမ်း၊ ပို့ကုန် Credit မူရင်း၊ လိုင်စင်မူရင်း၊ နှစ်ဖက်ကုမ္ပဏီတို့၏ ကုန်သွယ်ရေးသဘောတူညီမှု အထောက်အထားများ၊ ထုတ်ကုန်သွင်းကုန်လက်မှတ်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုန်သွယ်ရေးအသင်းဝင် လက်မှတ်၊ ဘဏ်စာအုပ်မိတ္တူစသည့် အထောက်အထားများတင်ပြရန်လိုအပ်သည်။ www.khitlunge.org.mm