MRTV-4 ရုပ်သံလိုင်းမှ ဆက်စပ် ရုပ်သံလိုင်းသစ် ငါးလိုင်းကို စမ်းသပ် ထုတ်လွှင့် မည်။

BayoteApril 26, 20101min650

MRTV-4 ရုပ်သံလိုင်းမှ ဆက်စပ် ရုပ်သံလိုင်းသစ် ငါးလိုင်းကို သင်္ကြန်ကာလမှစတင်ကာ စမ်းသပ် ထုတ်လွှင့်လျက်ရှိကြောင်း သတင်းရရှိပါသည်။ စမ်းသပ် ထုတ်လွှင့်လျက်ရှိသည့် ရုပ်သံလိုင်း ငါးလိုင်းမှာ For Choice၊ For Sport၊ For Info၊ For Edu နှင့် TV Guide စသည့်လိုင်းများ ဖြစ် သည်။ MRTV-4 ရုပ်သံဖမ်းစက် ဝယ်ယူထားသူများသည် အဆိုပါ လိုင်းသစ် ငါးလိုင်းကို ဖမ်းယူကြည့်ရှုနိုင်ကြောင်း သိရသည်။ “မေလထဲမှာ ပုံမှန် ထုတ်လွှင့်မှု အဖြစ် သတ်မှတ်ထုတ်လွှင့်နိုင်ဖို့ စီစဉ်နေပါတယ်။ ပုံမှန်ထုတ်လွှင့်တဲ့ အခါ Package အနေနဲ့ပဲ ဖြစ်မလား ဆိုတာကိုတော့ စီစဉ် ဆောင်ရွက်ဆဲပါ” ဟု MRTV-4မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ အဆိုပါ လိုင်းငါးလိုင်းအနက် For Choice လိုင်းတွင် ပြည်တွင်း၊ ပြည်ပ အနုပညာဆိုင်ရာ အကြောင်းအရာများနှင့် ဇာတ်လမ်းတွဲ ထုတ်လွှင့်မှုများ ပါဝင်ပြီး For Sport လိုင်းတွင် ပရိသတ်များ စိတ်ဝင်စားမည့် အားကစား အစီအစဉ်များ၊ For Info လိုင်းတွင် ပြည်တွင်း၊ ပြည်ပနှင့်ပတ်သက်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သတင်းများ၊ For Edu လိုင်းတွင် ပညာပေးရေး၊ ကျန်းမာရေး၊ နည်းပညာ၊ ဗဟုသုတများကို ထုတ်လွှင့်ပေးမည်ဟု သိရှိရသည်။ အဆိုပါ လိုင်းများကို နေ့စဉ် နံနက် ၆ နာရီတွင် စတင်ထုတ်လွှင့်လျက်ရှိပြီး သုံးနာရီစာ အစီအစဉ်များကို သုံးကြိမ်လှည့်လည် ထုတ်လွှင့်ပြသလျက် ရှိကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၂၈ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref: Weekly Eleven