TCP / IP Class များအကြောင်းသိကောင်းစရာ

blackxMarch 13, 20112min107

TCP / IP ဆိုတဲ့ စာလုံးလေးတွေရဲ့ အရှည်ကတော့ Transmission Control Protocol / Internet Protocol ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်အရှည်ကို သိပြီဆိုရင်တော့ Class များအကြောင်း ဆက်ပြီးပြောပြချင်ပါတယ်။ Host နဲ့ Router တိုင်းမှာ IP Address သီးသန့်စီ ရှိကြပါတယ်။ အဲဒီ Address တွေက တစ်ခုနဲ့တစ်ခု တူညီမှုမရှိဘဲ ကွဲပြားကြပါတယ်။ အဲဒီအပြင် IP Address ရဲ့ Length အရှည်က 32-bit ရှည်ပြီး အဲဒီ Address ကို Computer တစ်လုံး နဲ့ တစ်လုံး Network ချိတ်တဲ့နေရာမှာ အသုံးပြုပါတယ်။

အခု IP Class များအကြောင်း မပြောခင် IP Address တိုင်းမှာ Network နဲ့ Host နှစ်ပိုင်းရှိပါတယ်။ TCP / IP Class အကြောင်း ပြောပြရမယ်ဆိုရင်တော့ သူ့မှာ Class (၅)ခု ရှိပါတယ်။ အဲဒီ Class တွေကို Class A,B,C,D နဲ့  E လို့ ခွဲခြားထားပါတယ်။ သို့ပေမယ့် Class D ကို Multicast Address အတွက် အသုံးပြုပြီး Class E ကိုတော့ နောက်ပိုင်း လိုအပ်တဲ့အခါမှာ အသုံးပြုဖို့ ဖယ်ထားတဲ့အတွက် ယခုလက်ရှိ မှတ်သားရမှာက Class (၃)ခုပဲ ရှိပါတယ်။

ပထမဆုံးအနေနဲ့ Class A အကြောင်းပြောရမယ်ဆိုရင်တော့ IP address မှာ 32-bit အရှည်ရှိတယ် ဆိုတာကနေ စရမှာပါပဲ။ စောစောက ပြောခဲ့တဲ့အတိုင်း သူ့မှာ Network နဲ့ Host နှစ်ပိုင်း ရှိတယ်။ ဒီတော့ Class A မှာက  Network တစ်ပိုင်း နဲ့ Host  သုံးပိုင်း ပါဝင်ပါတယ်။ နားလည်အောင် ရှင်းပြရမယ်ဆိုရင် 32-bit အရှည်ရှိတဲ့ Address ကြီးကို 8-bit စီ (၄) ပိုင်း ပိုင်းကြည့်ရအောင်။ ပိုနားလည်သွားအောင် အောက်ကပုံလေးကို ကြည့်လိုက်ပါ။ ပုံမှာတွေ့ရတဲ့အတိုင်း အဲဒီ အပို်င်းလေးတွေကို Octect လို့ ခေါ်ပါတယ်။

အခုလောက်ဆိုရင် နည်းနည်းတော့နားလည်လာပြီထင်တယ်။ စောစောက ပြောခဲ့သလိုပဲ Class A မှာ Network က တစ်ပိုင်းပါဝင်တယ်ဆိုတော့ Network အတွက် 8-bit အသုံးပြုလို့ရတယ်လို့ ဆိုလိုတာပါ။ Host အတွက်က ကျန်တဲ့ (၃) ပိုင်း။ ဒီလိုဆိုတော့ စုစုပေါင်း 24-bit အသုံးပြုလို့ရတာပေါ့။ တစ်ခုလောက်ထပ်ပြီး ပြောပြချင်တာက 24-bit ကို 2 powerတင်ပေးရမယ်ဆိုတာပါ။ ဘာကြောင့် 2 power တင်ရတာလဲ။ ဘာကြောင့်လည်းဆိုတော့ Computer မှာ အမြဲတမ်း အသုံးပြုနေကြ  0 နဲ့ 1 ဆိုတဲ့ကိန်းနှစ်လုံးကို အခြေခံထားလို့ပါ။ ကဲ … ဒါဆိုရင် ပထမဆုံး IP Address အရှည် 32-bit ကို 2 power တင်ကြည့်ရအောင်။  [ 2 ^ (32) ] =4,294,967,296 . ဒါဆိုရင် အသုံးပြုလို့ရနိုင်တဲ့ Host Computer အရေအတွက်က [ 2 ^ (24) ] = 16,777,216 ဖြစ်သွားမှာပါ။ အဲ ဒါပေမဲ့ တစ်ခုတော့သတိပေးပါရစေ။ စောစောကပြောခဲ့တဲ့အတိုင်း 0,1 အတွက် 2-bit ကို နုတ်ပေးရဦးမယ်တဲ့။ ဒီတော့  Host = [ 2 ^ (24) ] – 2 ပေါ့။  Host စုစုပေါင်း 16,777,214 အသုံးပြုလို့ရနိုင်ပါတယ်။

Network အတွက် 8-bit လို့ အပေါ်မှာပြောခဲ့ပါတယ်။ Class A အတွက် ပထမဆုံး bit က High Order Bit လို့ခေါ်ပြီး သူကတော့ ပုံသေ 0 (Zero) ဖြစ်ပါတယ်။ ဒိတော့ 1-bit နုတ်လိုက်ရင် ကျန်တဲ့ 7-bit က Network အတွက် သုံးလို့ရပြီပေါ့။ ရှေ့က ပြောခဲ့တဲ့အတိုင်းပဲ 2 power တင်ကြည့်ရအောင်။  7-bit ကို 2 power တင်တော့ [ 2 ^ (7) ] = 128 ရပါတယ်။ ဒါဆို Network အတွက် 128 ခုအထိ အသုံးပြုနိုင်ပါပြီ။ အခုဆိုရင်တော့ Class A အကြောင်း စုံသလောက်တော့ ရှိပါပြီ။

ဒီတစ်ခါတော့ Class B ။ Class B ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပိုလွယ်လာပါပြီ။ သူကတော့ Network ပိုင်းနှစ်ပို်င်းနဲ့ Host ပိုင်းနှစ်ပိုင်း အညီအမျှပါပဲ။ ဒီတော့ 16-bit စီ တူညီနေပြီပေါ့။ သူ့မှာလည်း  High Order Bit ရှိပါတယ်။ သူ့အတွက်က 10  (မှတ်ချက်။ Ten မဟုတ်ဘူူးနော် one ,zero ကို ပြောတာပါ။) ဆိုပြီး 2-bit ရှိလို့ Network စုစုပေါင်း 16 ထဲမှ 2 နုတ်တော့ 14-bit  ကျန်ပါတယ်။ ဒါကြောင့် Network အရေအတွက်က [ 2 ^ (14) ] = 16,384  ရပြီပေါ့။ ဒါဆို Host အတွက်ကျတော့ [2 ^(16) ] -2 = 65,534  ဖြစ်သွားပါပြီ။

Class C လည်း ဒီအတိုင်းပါပဲ။ သူ့ကျတော့ Network ကြီး  ကြီးလာပြီး Host သေးသွားတယ်။ ဒိတော့  Network သုံးပိုင်းနဲ့ Host တစ်ပိုင်းပေါ့။ သူ့မှာလည်း High Order Bit ရှိပါတယ်။ သူ့ကျတော့ 110 ( one , one , zero ) တဲ့။ ဒီတော့ 3-bit ပေါ့။ ထုံးစံအတိုင်း နုတ်လိုက်ကြရအောင်။ သူက Network သုံးပိုင်းဆိုတော့ 24-bit ၊ အဲဒီ အထဲမှ 3-bit နုတ်ရင် 21-bit ပေါ့။  Class C မှာ Network အတွက် 21-bit ဆိုတော့ [ 2 ^ (21) ] = 2,097,152  နဲ့  Host အတွက်က  8-bit ဆိုတော့  [ 2 ^ (8) ] – 2 =254 ပေါ့။ စုစုပေါင်း Host အရေအတွက်က  254 ပါ။ ဒီတော့ Computer ပေါင်း 254 လုံး အထိ Host အနေနဲ့အသုံးပြုလို့ရပါတယ်။ ပိုပြီးရှင်းသွားအောင် Class A,B နဲ့ C ကို ပုံလေးနဲ့ ပြပေးပါမယ်။

TCP/IP Class တွေနဲ့ ပတ်သက်လို့ နည်းနည်းတော့သဘောပေါက်မယ်လို့ထင်ပါတယ် 😀