မန်းဒလေးအွန်လိုင်းကို ချေမှုန်းနည်း

သောက်ညင်ကပ်စရာကောင်းတဲ့ မန်းဒလေးအွန်လိုင်းကြီးကို ဘယ်လိုချေမှုန်းကြမလဲ။ IT နည်းပညာပိုင်းကတော့ စူ့ထက်စူ လူစွမ်းကောင်းချည်းမို့ ဝက်ဘ်ဆိုက်တင်ထားသရွေ့တော့ မန်းဒလေး အွန်လိုင်းဟာ ရှင်သန်နေမှာပါပဲ။ သို့သော်ငြား မန်းဒလေးအွန်လိုင်းကို အရည်အသွေး ချလို့ရမယ်ဆိုရင် သူ့ရဲ့နဂိုအရည်အသွေးတွေကျပြီး ဗေဒင်အဆင့်လောက်၊ celebrity တွေရဲ့ လျှပ်ပေါ်လော်လီတဲ့ ဝတ်ပြစားပြ ကြော်ငြာအဆင့်လောက်ထိ တန်းချပစ်လိုက်လို့ရနိုင်တယ် ထင်ပါ့။ IT နည်းပညာပိုင်းနဲ့ ထိုးနှက်မယ့်အစား အသိဉာဏ်ပိုင်း၊ သိက္ခာပိုင်းကို ထိုးနှက်တာက ပိုမထိရောက်နို်င်ဘူးလား။ ဒါဆိုရင် နဂိုကရှိနေတဲ့ မန်းဒလေးအွန်လိုင်းရဲ့ အတွေးအခေါ်လွတ်လပ်မှုကို ကြိုဆိုတာ၊ ဦးနှောက်လွှတ်ထုတ်မှုကို လက်သင့်ခံတာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတကာအရေး၊ နည်းပညာအရေး၊ ပရဟိတ အစရှိတဲ့ နယ်ပယ်အစုံစုံ အတွက် ပို့စ်တင်သူနဲ့ ကွန်မင့်ဝင်ပေးသူတွေ အပြန်အလှန်ပါဝင်ရေးသားပြီး အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့၊ ကူညီလမ်းပြ အကြံဉာဏ်ပေးဖို့ စတဲ့ ကောင်းမွန်သော ရည်ရွယ်ချက်အလုံးစုံကို ပေါ့ပျက်ပျက်လုပ်ချလိုက်ပြီး သကာလ ပုဂိ္ဂုလ်ရေးထိုးနှက်မှုနဲ့ ညစ်ညမ်းစာပေ အဆင့်လောက်ထိ အဆင့်အတန်းချလိုက်လို့ရမှာပါ။ မန်းဒလေးအွန်လိုင်းရဲ့ မြန်မာဆန်တဲ့၊ ချစ်စရာကောင်းတဲ့ဓလေ့၊ ဥပမာ ပို့စ်တင်သူတွေ ဝင်မန်းသူတွေ အချင်းချင်းချစ်လို့ခင်လို့ နောက်ပြောင်တဲ့ကိစ္စမျိုးကအစ အထင်လွဲသွားအောင် လုပ်နိုင်ရင် မဆိုးဘူးဗျ။
ကနဦးစဉ်းစားရမယ့် အချက်ကတော့ သူ့ရဲ့ဖွဲ့စည်းမှုဖြစ်ပါတယ်။ ဒီအွန်လိုင်းကြီးက သူကြီးတစ်ယောက်တည်းနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘဲ အမာခံ ဘလော့ဂါတွေ ရှိနေတဲ့အချက်ပါပဲ။ ဒီအမာခံတွေကြောင့်ပဲ ဒီအွန်လိုင်းဟာ စွဲမက်စရာကောင်းနေခဲ့တယ်။ ဒီအမာခံတွေထဲမှာမှ အမျိုးသမီးအုပ်စုက ချေမှုန်းဖို့မလွယ်အောင် အင်အားတောင့်နေပြန်ပါရော။ ထက်ထက်မြက်မြက် မနှင်းဆီရှိမယ်၊ ချက်နဲ့လက်နဲ့ စာရေးကောင်းတဲ့ နံ့သာတုံးရှိမယ်၊ စာဖတ်နာတဲ့ white goat ရှိမယ်၊ ဗဟုသုတများတဲ့ ပန်းတွေနဲ့ဝေ ရှိမယ်။ နောက်ရှိဦးမယ်။ ကျွန်တော်က တောသားမို့ ခုမှဝင်ဖတ်ဖူးတာဆိုတော့ စုံလင်အောင်မသိဘူးဗျ။
လူ့အဖွဲ့အစည်းတစ်ခုဟာ အမျိုးသမီး ပညာမတတ်ဘူးဆိုရင် ကျရှုံးဖို့ပဲ။ လူ့အဖွဲ့အစည်း မပြောနဲ့၊ အိမ်ထောင်တစ်ခုမှာတောင် အမျိုးသမီး ပညာမတတ်ဘူးဆိုရင် ကျရှုံးဖို့ပဲ။ ဒီတော့ကာ မန်းဒလေးအွန်လိုင်းရဲ့ အမျိုးသမီးအုပ်စုကို စတင်ထိုးနှက် နှိပ်ကွပ်ထားနိုင်ဖို့လိုနေပါပြီ။
လက်ဦးဆုံးမှာ သူတို့ကိုဆွမယ်။ ထိကပါးရိကပါးလုပ်မယ်၊ သူတို့က တုန့်ပြန်ရင် စကားလုံးနဲ့ နှိပ်ကွပ်ပြမယ်။ ဒါပေမယ့် ဒါအွန်လိုင်းပေါ်က အမျိုးသမီးတွေလေ၊ နှယ်နှယ်ရရထဲက ဘယ်ဟုတ်ပါ့မလဲ။ သူတို့ကို နှိပ်ကွပ်ပြရင် သူတို့က အမှားယွင်းဆုံးအလုပ်ကိုတော့ လုပ်မှာမဟုတ်ဘူး။ အမှားယွင်းဆုံးဆိုတာက (ကျွန်တော့်အမြင်မှာ) ဥပေက္ခာတရားလက်ကိုင်ထားပြီး ငြိမ်ခံလိုက်တာကို ဆိုလိုတာပါ။ လောကဓမ္မတာအရ အမှားဆယ်ခုလုပ်ဖို့လွယ်သလောက် အမှန်တစ်ခုလုပ်ဖို့ခက်တယ်။ ဒီတော့ကာ လူတစ်ယောက်ကို ပြဿနာရှာပြီဆိုတာနဲ့ ဒီလူဟာ အမှန်တစ်ခုနဲ့ တုန့်ပြန်ဖို့ထက် အမှား တစ်ခုခုနဲ့ တုန့်ပြန်ဖို့ အလားအလာ အများကြီးရှိနေပြီ။ ဘယ်လိုပဲတုန့်ပြန်တုန့်ပြန် မှားကွက် ထောက်ရတာလွယ်တယ်။ ဒါမျိုးတွေကို တစ်ယောက်ပြီးတစ်ယောက် ဆင့်ကဲဆင့်ကဲ လုပ်မယ်။ ပထမတော့ အမျိုးသမီးတွေ စည်းစည်းလုံးလုံးနဲ့ ရိုင်းပင်းကြမယ်။ ကြာလာရင် စိတ်ပျက်ပြီး ရှောင်ထွက်သွားမယ်ဆိုရင် ဒီလုပ်ရပ် အောင်မြင်တယ်ခေါ်ရမှာပဲ။
စဉ်းစားလို့ရသလောက် နောက်တစ်နည်း ချေမှုန်းနည်းကတော့ မန်းဒလေးအွန်လိုင်းမှာ ပင်တိုင်ပုဂိ္ဂုလ်ကြီး လေးဦးထက်မနည်းရှိနေရာမှာ သူတို့ဟာ ပညာရည်ပြည့်ဝရုံတင်မက အတွေ့အကြုံလည်းရင့်ပြီး ခန့်မှန်းရမလွယ်တဲ့ ပုဂိ္ဂုလ်တွေဖြစ်နေခြင်းပါပဲ။ ဒီပုဂိ္ဂုလ်တွေ အသရေပျက်အောင်၊ လူမလေးခွေးမခန့်ဖြစ်အောင် စဉ်ဆက်မပြတ်ထိပါးနေနိုင်ဖို့ လိုပါတယ်။ လွယ်လွယ်ပြောရရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပေါ့။ ဒီတာဝန်ကိုယူဖို့က တော်ရုံပညာစွမ်းနဲ့မရနိုင်။ ပွဲဆူအောင်သက်သက်ထက် ကြာလာရင် ပူပူနွေးနွေးဝင်ဖတ်သူတွေ အူကြောင်ကြားဖြစ်ပြီး နားလည်မှုလွဲအောင် လုပ်နိုင်ဖို့လိုတယ်။ သစ်ငုတ်တိုတောင် ခလုတ်တိုက်ဖန်များရင် နဲ့လာရတာ သဘာဝ။ ဒီတော့ကာ ဒီနည်းလမ်းကိုလည်း ဇွဲရှိရှိလုပ်ဆောင်ကြဖို့ လိုပါတယ်။
နောက်ထပ်နည်းတစ်ခုကတော့ ဗမာစာသည်ဒို့စာ၊ ဗမာစကားသည်ဒို့စကား ဆိုတဲ့ဆောင်ပုဒ်နဲ့ မြန်မာစာပေဖွံ့ဖြိုးဖို့ သေတစ်ပန်သက်တစ်ဆုံး အားကြိုးမာန်တက် လုပ်ဆောင်ခဲ့တဲ့ ဆရာကြီးဦးဖေမောင်တင်နဲ့ မြန်မာစာပေရဲ့ စာပေဦးသျှောင် ဆရာဇော်ဂျီတို့ ဆရာမင်းသုဝဏ်တို့သာ အခုနေ အုတ်ဂူထဲကထလာပြီး မန်းဒလေးအွန်လိုင်းကို ဝင်ဖတ်လိုက်တဲ့အခါ အယဉ်တကာ့ထွဋ်ခေါင် ဆိုရမလောက် ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာစာပေ အရေးအသားကို ဖတ်ရှုပြီး ဆယ်ခါပြန်လောက် သေချင်စိတ်ပေါက်သွားအောင် ရေးတတ်ဖို့လိုပါတယ်။ ယဉ်ကျေးသလောက် အထက်တန်းကျပြီး အထက်တန်းကျသလောက် ယဉ်ကျေးတဲ့ တို့တိုင်းဌာနေ တို့မြန်ပြေရဲ့ စာပေအမွေကို ခေတ်မီမီကမာ္ဘကြည့် ကြည့်မြင်ကာ အွန်လိုင်းပေါ်တင်နိုင်ဖို့ အရေးကြီးနေပြန်ပါပြီ။ ဒီလိုလုပ်နိုင်မှလည်း မန်းဒလေးအွန်လိုင်းကြီးဟာ အယုတ္တအနတ္တတို့ ဆုံဆည်းရာအဖြစ်၊ နှစ်ပြားမတန်တဲ့ ဝက်ဆိုက် အသေကြီးအဖြစ်၊ အောင်မြင်စွာ ဘဝပြောင်းနိုင်မှာပါ။
ခေတ်စံနစ်တွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ ဦးနှောက်အသိဉာဏ်ဟာ မြင့်ပြီးရင်း မြင့်လာတယ်။ ဒီခေတ်မှာ တိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်ဖို့၊ ကုပ်သွေးစုပ်ဖို့ ဘယ်သူမှ လက်နက်ကိုင်စွဲမှာ မဟုတ်သလို ဝက်ဆိုက်တစ်ခု ဒေါင်းသွားဖို့ IT နည်းပညာတွေသုံးရင် မှန်နိုင်ပါ့မလား။ ပထမ ဟက်မယ်၊ ပြီးရင် အဲဒီကနေ မဟုတ်မဟပ်သတင်းတွေ လွှင့်မယ်၊ ဒါမျိုးလောက်နဲ့ ဒီဝက်ဆိုက် ဒေါင်းနိုင်ပါ့မလား။ သောက်ညင်ကပ်စရာကောင်းလွန်းတဲ့ ဒီမန်းဒလေး အွန်လိုင်းကြီး မြောင်းထဲရောက်သွားအောင် ဘယ်လို ကလိမ်စေ့ဉာဏ်ဆင်ရင် ကောင်းမလဲဆိုတာ ရွှေဉာဏ်ရှင်များ ဝိုင်းဝန်းစဉ်းစားပေးကြပါလို့။

16 comments

  • unclegyi1974

    March 15, 2011 at 3:39 pm

    နေရာတိုင်းမှာအတိုက်အခံဆိုတာရှိမှာပါ
    သူရှိမှလည်းတိုးတက်တာပါ
    အပြုဆောင်တဲ့အတိုက်အခံနဲ့အဖျက်အတိုက်အခံ
    ကိုတော့သုံးသပ်နိုင်ရပါမယ်
    အဖျက်အတိုက်အခံသေချာရင်
    ကျွန်တော့သဘောကသူ့သဘောအတိုင်း
    လွှတ်ပေးလိုက်ပါ ဘယ်သူမှဝင်မကြည့်ဝင်မမန်း
    ရင်ပွဲပြီးပြီလို့ထင်ပါကြောင်း

    • etone

      March 16, 2011 at 5:44 am

      အန်ကယ်ကြီးရေ ကျမကတော့ သူတို့ ဆန္ဒအတိုင်း ဖြစ်ခွင့်မပေးနိုင်ပါဘူး ။
      ကျမတို့ မနက်ရုံးရောက်တာနဲ့ အီးမေးလ်တောင် မစစ်ခင် အရင်ဆုံးဖွင့်ထားပြီး အလုပ်ပြန်မှ ပိတ်တဲ့ ဆိုက်မို့လို့ … မဖွင့်ပဲ မနေနိုင်ပါဘူး ။ အလေလွင့် အရိုင်းစိုင်းတွေ ပြောတိုင်း ဒီဆိုက်ကလူတွေ ပိုက်ဆံလိုချင်လို့ စာရေးနေတာမဟုတ်ဘူး ဆိုတာလည်း အမြဲတမ်း ဖတ်သူတွေ သိထားပြီးသားပါ ။ သူ့ပို့စ်တွေ မဖတ်ဘူး ၊ မမန်းဘူးဆိုရင်ပဲ သူ့ကို အရေးမလုပ်ရာရောက်ပါတယ် ။ သူ့ပိုင်စာမျက်နှာပဲ ဆဲချင်ဆဲ ၊ ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ အသုံးနှုန်းတွေ ရေးဦး အမြင်မတော်တာတွေ သဂျီး ကြည့်ဖျက်ပါလိမ့်မယ် ။

  • bigcat

    March 16, 2011 at 2:36 am

    ဆရာပြောတာနဲ့ ဆန့်ကျင်ဖက်တွေပဲ လုပ်လိုက်မယ်ဗျာ။ နောက်ဆယ်ရက်လောက်နေ ဆိုက်ထဲဝင်ကြည့်၊ သရဲမယုံတဲ့သဂျီး သံဗုဒ္ဓေဂါထာနင်းကန်ရွတ်နေတာ သေချာပေါက်မြင်ရမယ်။ ရွာထဲဘယ်သူမှမလာတော့ပဲ သရဲခြောက်လွန်းလို့…. 😀

  • dream

    March 16, 2011 at 2:50 am

    မန်းဒလေးအွန်လိုင်းဆိုတာ နဲ့ Mandalay Gazette က အတူတူပဲလား
    ဘာလို့ မန်းဒလေးအွန်လိုင်းကို ကျဆုံးစေချင်တာလဲ
    နားမလည်ဘူးဖြစ်နေပါတယ်
    အကြောင်းစုံသိတဲ့သူရှိရင် ရှင်းပြပေးပါ။
    ဒီရွာသူ ပညာနုလို့ မျက်စီလည် နားရှုပ်ဖြစ်နေပါတယ်။

    • etone

      March 16, 2011 at 4:18 am

      dream ရေ ဒီတပတ်တွင်းပို့စ်တွေကို ပြန်ဖတ်လိုက်လျှင် သူဘာကို ရည်ရွယ်တာလဲ နားလည်မှာပါ ။

  • တညင်သား

    March 16, 2011 at 4:01 am

    မလုပ်ကြပါနဲ့ဗျာ ..အခုမှ ရွာထဲဝင်ခါစ ရှိသေးတယ် ရွာမီးနဲ့ရှို့မလို့လား.. မနောက်နဲ့နော်.. တရားရှာကိုယ်မှာတွေ့တဲ့ ကိုရှုံးနိမ့်သူရေ ပြန်ရှာကြည့်ပါအုံး..
    ဘာမှတော့ အားမငယ်ပါနဲ့ဗျာ.. ကျွန်တော်တို့လဲဝိုင်းရှာပေးမှာပေါ့နော့်…

  • char too lan

    March 16, 2011 at 6:52 am

    အကိုရေ…….. ဝိုင်းစဉ်းစားဖို့ ဘာမှအကူအညီတောင်းမနေနဲ့ ခုတောင်စာမျက်နှာ တော်တော်များက ဖတ်ချင်စရာမကောင်းတော့ဘူး ဗဟုသုတလဲမရတော့ဘူး တရားဓမ္မလဲမကျတော့ဘူး မကြည့်ပဲလည်း မနေနိုင်ဘူး 🙁

  • cobra

    March 16, 2011 at 7:09 am

    ဘာတွေဖြစ်နေကျတာလဲ….
    မကြိုက်ရင်လည်းမသုံးကျနဲ့ဗျာ….
    ခင်ဗျားကို်ယ်တိုင်ရော ဘယ်လောက်ကောင်းတဲ့ စာတွေတင်ပေးနိုင်လို့လဲ…
    ခင်ဗျားသိထားဖို့ကအားလုံးကပိုက်ဆံကြောင့် ရေးနေတဲ့သူတွေမဟုတ်ဘူးဆိုတာပဲ….
    ခင်ဗျားမကြိုက်ရင်ရွာထဲကိုဝင်မလာနဲ ့…ရွဲထဲမှာကလူပေါင်းစုံတယ်…
    လူတိုင်းကလည်း..ကိုယ့်စိတ်နဲ့ကို်ယ်….ပြီးတော့ခင်ဗျားလူတိုင်းကိုသိမ်းကျုံးပီးမပြောပါနဲ့
    ရွာထဲမျာကျွန်တော်အားကျတဲ့သူတွေအများရှိတယ်….
    အေကောင်းဆုံးကတော့မကြိုက်ရင်မလာပါနဲ့ဗျာ…။

  • naywoonni

    March 16, 2011 at 7:36 am

    အော်……. စည်းကမ်း…. စည်းကမ်း ။
    စည်းကမ်းရှိမှ တိုးတက်မည်။
    စည်းကမ်းသည် လူ၏တန်ဘိုး။
    အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ။
    စည်းကမ်းလိုက်နာ ဘေးကင်းကွာ…။
    လူမြိုလို့ လူမျိုးမပြုတ် စည်းကမ်းမဲ့လျှင် မျိုးပြုတ်မည်။
    ကျန်သေးတယ်။စည်းကမ်းနဲ့ စတဲ့ဆောင်ပုဒ်တွေ မမှတ်မီလို့ မှတ်မိသလောက် ရိုက်လိုက်တာ ။ ဆောင်ပုဒ်တွေ များသလားမပြောနဲ့…..။ များသလောက်လည်း စည်းကမ်းက လည်း မဲ့တဲ့ လူမျိုး ။ တစ်ခုခု တစ်ယောက်ယောက် ဖြစ်ထွန်းနေပြီ ဆိုရင် ဖျက်ဆီးမဲ့သူနဲ့ ဖျက်လိုဖျက်ဆီး လုပ်မဲ့သူနဲ့ ဝိုင်းတိုက်လိုက်တာပဲ။ ပျက်စီးသွားတော့ကော ဖျက်ဆီးလိုက်တဲ့သူတွေ ဘာရသလဲ? ဘာအကျိုးဖြစ်သွားလဲ? ကိုယ်လုပ်ခဲ့တာတွေးမိတတိုင်း အကုသိုလ်စိတ်ပဲ ဖြစ်နေမှာ ဒါကို ငါလုပ်လိုက်လို့ ပျက်သွားပြီဆိုပြီး လက်မထောင်နေရင်တော့ ကိုယ့်အလှည့်ကျရင် ခံနိုင်အောင် အားမွေးထား? တမာပင် စိုက်ရင်တမားသီးပဲ စားရမှာပဲ။ ကျွန်တော်တို့က အင်တာနက်ကို အလကားသုံး ခွင့်ရနေသူတွေ မဟုတ်ဘူး ။။ ပေါက်တတ်ကရတွေ အချိန်ကုန်မဖတ်နိုင်ဘူး။ စက်ဖွင့်ထားတဲ့အချိန်တိုင်း မိနစ်တိုင်း လိုင်းောင်းကောင်း မကောင်းကောင်း ပိုက်ဆံက ကျနေတာဆိုတော့ ………… ပို့စ်တိုင်းလည်း မဖတ်ဘူး ။ ဖတ်တိုင်းလည်း မှတ်ချက်ရေးသင့်မှရေးတယ်။ အခုဟာက ဘယ်သူ့ကို ဆော်တာလည်းတော့ မသိဘူး ? ဆော်ချင်ရင်လည်း ပြောင်ဖွင့်ဆော်ပါ့လား ? ဝင်ရိုက်သင့်တယ်ထင်ရင် ရိုက်ပေးမယ်။

  • nigimi77

    March 16, 2011 at 7:43 am

    အိမ်း….ပုရောဖတ် ခေါ်မလား။ ပုရောဟိတ် ခေါ်မလားပဲ…။
    ဖတ်လို ့တော့ ကောင်းပါတယ်။ ဒါပေမဲ့ အထင်နဲ ့ အမြင်က တက်တက်စင်လွဲနေတယ်။
    တချို ့တလေက လွဲပြီး မန်းလေး ဂေဇတ်ဟာ ဂုဏ်သိက္ခာရှိရှိ ခရီးဆက်နေမှာပါ။

  • Shwemannmay

    March 16, 2011 at 9:05 am

    မန်းလေးဂဇတ် ကို ပြောနေတာလား မန်းလေးအွန်လိုင်းကိုပြောနေတာလား

  • meengelay

    March 16, 2011 at 10:02 am

    ဘယ်သူကများ ပိုက်ဆံအတွက် ရေးနေတယ်ထင်လို့ပါလဲ.. ဝါသနာအရ စိတ်ဝင်စားမှုအရ လုပ်နေတာပါ.. မကူညီချင်နေပါလေ မနှောင့်ယှက်ပါနဲ့

  • အားလုံးကိုပဲ တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော် satire တစ်ပုဒ်ရေးကြည့်တာ အရေးမတတ်တော့ တလွဲတွေဖြစ်ကုန်ပါတယ်။ ပြီးတော့ ဝင်မန်းတဲ့လူတွေက ပို့စ်ကို ဖတ်ပြီးမန်းတာမဟုတ်ဘဲ မန်းတာတွေကိုပဲ ဆင့်ကဲမန်းသွားသလားလို့။ ပို့စ်ကတခြား မန်းတာကတခြား ဖြစ်ကုန်တယ်ထင်တာပါပဲ။
    ကြောက်ပါပြီ။ နောက်မရေးတော့ပါဘူး။ လွန်တာရှိရင် ဝန္ဒာမိပါ။

  • thethtet87

    March 16, 2011 at 1:11 pm

    ဟုတ်ပါတယ်ခင်ဗျားပြောတာကိုကျွန်တော်သဘောပေါက်ပါတယ်။ခင်ဗျာဆိုလိုချင်တာကို။
    ချက်(စ်)ထိုးသလိုပေါ့ဗျာဘေးကထိုင်ကြည့်တဲ့လူကပိုပြီးအတွေးပေါက်ပါတယ်။ဟုတ်လား။
    မရေးဘဲတော့မနေပါနဲ့ခင်ဗျာကစေတနာနဲ့ရေးတာဘဲ။သူတို့သဘောပေါက်လွဲနေလိုနေမှာပါ။
    ဒီဆိုက်ကလေးကိုကြိုက်လို့ကျွန်တော်ဆိုရင်အမြဲဝင်ကြည့်တယ်။အရင်လိုတော့မဟုတ်တော့
    ဘူးနော်။ခင်ဗျားတွေးနေတဲ့အတွေးကိုကျွန်တော်တွေးကြည့်တာတော်တော်ကြာပါပြီ။
    တကယ်လိုအဲလိုဖြစ်သွားရင်တော်တော်နှမြောစရာကောင်းပါတယ်နော်။

  • starzz

    March 16, 2011 at 3:22 pm

    satire သဘောမျိုးရေးထားတာမို ့လို ့ ဖတ်တာနဲ ့တင်အတွေးတွေအများကြီး ဝင်လာစေပါတယ်..
    ဒါပေမယ် ့ပေါ ့လေ…အပေါ်က ကွန် ့မန် ့ကလူတွေရဲ ့စိတ်ထဲမှာ နဲနဲဆိုရင် လာတိုက်ခိုက်တယ်လို ့မြင်နေလားတော ့မသိပါဘူး..(ဒါကလဲ အရှေ ့ပိုင်းမှာက အထင်လွဲစရာတွေ များခဲ ့တာ ပါမှာပေ ါ့လေ).ပို ့စ်ရဲ ့သဘောကို လွဲသွားတာ တွေ ့ရပါတယ်…ဖတ်ခဲ ့သမျှ ပို့စ်တွေထဲမှာ တော်တော်သဘောကျမိတဲ ့
    ပို ့စ်တပုဒ်ပါ…

  • manawphyulay

    March 17, 2011 at 3:38 am

    လူ့သဘာဝအရ ကောင်းတာ မကောင်းတာရောထွေးနေတဲ့လောကကြီးဆိုတော့ ဒီလိုပါပဲ လူတွေထဲက လူတစ်ယောက်ဖြစ်နေသရွေ့ ကောင်းတဲ့ဖက်ကို တွေးပြီး အကောင်းမြင်စိတ်နဲ့ကြည့်ပါမယ်

Leave a Reply