Internet မှာတဆင့် VoIP Call များသုံးစွဲသည့် ကိစ္စ သတဲ့

ဂ်စ္စူMarch 15, 20111min762

Updated @ March 16

မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေမှာ လူအများ ကျယ်ကျယ်ပြန့်ပြန့် သုံးလာနေကြတဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေကို အသုံးမပြုကြဖို့ အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။ အသံသာမက ရုပ်ပါမြင်နိုင်တဲ့ အင်တာနက်ကတဆင့် ဆက်သွယ်မှုတွေ တွင်ကျယ်လာတဲ့အတွက် အစိုးရရဲ့ ဝန်ဆောင်မှု လုပ်ငန်းမှာ ထိခိုက်ရတယ်ဆိုပြီး တားမြစ်လိုက်တာပါ။ ဒီညွှန်ကြားချက်ကြောင့် အင်တာနက် သုံးစွဲသူတွေ၊ ဆိုင်ပိုင်ရှင်တွေအဖို့ စိတ်မသက်သာစရာ ဖြစ်နေရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အင်တာနက်ကတဆင့် အသုံးပြုနိုင်တဲ့ Skype, Gtalk, Pfingo, VZO စတဲ့ ကွန်ရက်တွေကနေ ပြည်ပကို ဆက်သွယ် ခေါ်ယူနေတာတွေကို မပြုလုပ်ကြဖို့ ဝန်ဆောင်မှုလုပ်ငန်း လုပ်နေတဲ့ Myanmar Info-Tech ကော်ပိုရေးရှင်းက သတိပေးလိုက်တာပါ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ညွှန်ကြားချက်ကို ထပ်ဆင့်ဖော်ပြထားတဲ့ ကုမ္ပဏီရဲ့ မတ်လ ၁ဝ ရက်နေ့ ကြေညာချက်ထဲမှာတော့ အင်တာနက်ကတဆင့် နိုင်ငံခြားကို ခေါ်ဆိုတာ၊ လက်ခံတာ၊ ကြော်ငြာတာတွေနဲ့ တရားဝင် ခွင့်ပြုမထားတဲ့ လုပ်ငန်းတွေကို လုပ်ခွင့်မရှိဘူးလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား အများအပြားကြား ရေပန်းစားလာနေတဲ့ အင်တာနက်ကတဆင့် အသံသာမက ရုပ်နဲ့ပါ ဆက်သွယ်မှုတွေကို တားမြစ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်လာတဲ့အတွက် ဒီလုပ်ငန်းတွေ လုပ်နေတဲ့ အင်တာနက်ဆိုင်တွေ၊ သုံးစွဲသူတွေ အခက်တွေ့ရမယ့်အဖြစ် ကြုံရမှာကို စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။

“ဒီဟာတွေတော့ အများစုက အခြေခံ လူတန်းစားတွေ သုံးတာဗျ။ မလေးမှာ အလုပ်သွားလုပ်နေတဲ့သူကို အိမ်မှာကျန်ခဲ့တဲ့ သူတွေက လာခေါ်တယ်။ ခေါ်တဲ့နှုန်းကတော့ ပုံမှန်ဆို မလေးတို့၊ ယိုးဒယားတို့ဆို တမိနစ်ကို ၁၀၀။ အမေရိကားဆိုရင် တမိနစ်ကို ၁၀၀။ UAE ဘက်ကျတော့ နည်းနည်းဈေးကြီးတယ်၊ တမိနစ်ကို ၆၀ဝ လောက် ဖြစ်သွားတယ်။ သူတို့လက်ရှိ ယူနေတာ တမိနစ်ကို ပြား ၉ဝ လေဗျာ၊ ဈေးအသက်အသာဆုံးက တမိနစ်ကို FEC ပြား ၉ဝ လေ။

“မလေးရှားမှာ သူ့သား သွားအလုပ်လုပ်နေတယ် ထားပါတော့၊ အဲတော့ သူ့သားကို ဖုန်းဆက်ပြီးတော့ လှမ်းပြောတယ်၊ ၃၀,၀၀ဝ လောက် ပို့လိုက်ပါဦး၊ ၄၀,၀၀ဝ လောက် ပို့လိုက်ပါဦး၊ အဲဒီလိုမျိုး ပြောနေတဲ့လူက FEC ပြား ၉ဝ နဲ့ ဘယ်လိုလုပ် သူ့သားကို ခေါ်နိုင်မှာလဲ။ တမိနစ်ကို FEC ပြား ၉ဝ ပေးပြီး ဘယ်သူက ခေါ်နိုင်မှာတုန်း။ တမိနစ် ၁၀ဝ ပဲပေးပြီး ခေါ်မှာပေါ့။ နှစ်ဦးနှစ်ဘက် ဘယ်လိုမှ အဆင်မပြေတဲ့ ကိစ္စကြီးပေါ့ဗျာ။”

မြန်မာ့ဆယ်သွယ်ရေးလုပ်ငန်းရဲ့ မတ်လ ၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာတော့ ဒီလို အင်တာနက်ကတဆင့် ပြည်ပဆက်သွယ်မှုတွေ ရေပန်းစားလာနေတဲ့အတွက် တရားဝင် နိုင်ငံခြား ခေါ်ဆိုနေတဲ့ လုပ်ငန်းတွေ ကျဆင်းပြီး ဝင်ငွေထိခိုက်ရတယ်လို့ ဖော်ပြခဲ့တာပါ။ ဒီအတွက် အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေ အနေနဲ့ ဒီလုပ်ရပ်တွေကို တားမြစ်ကြဖို့နဲ့ လိုအပ်ရင် အရေးယူတဲ့အထိ လုပ်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ အင်တာနက် ဆက်သွယ်မှုတွေဟာ တခြားနိုင်ငံတွေနဲ့စာရင် နိမ့်ကျနေဆဲ ဖြစ်သလို မကြာခဏ ပြတ်တောက်တာ၊ အခုရက်ပိုင်းတွေ အတွင်းမှာ ဆိုရင်လည်း သိသိသာသာ နှေးကွေးနေတာတွေ ရှိလို့ သုံးစွဲသူတွေ ညည်းညူနေကြတာပါ။ ဒီကြားထဲကမှ အခုတခါ ကန့်သတ်မှုတွေ လုပ်လာတဲ့အတွက် အင်တာနက်ကနေ ပြည်ပရောက် မိသားစုဝင်တွေကို ဆက်သွယ်နေကြသူတွေ အဖို့တော့ ပိုပြီး အခက်ကြုံရမှာကို ပူပန်မိတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

“GTalk တို့ Skype တို့ အဲဒါကိုပဲ အားကိုးနေရတာ။ အခုတော့ အဲဒါတွေလည်း ဆက်သွယ်လို့ မရဘူး။ နောက် မြင်ချင်တော့ အဲဒါတွေ ဆက်လို့မရတော့ဘူး။ အီးမေးလ်တွေကလည်း Connection မကောင်းရင် မထွက်ဘူး။ မထွက်တော့ အဲဒါလည်း မပို့ဖြစ်ဘူး။ ဥပမာ သမီးလေးရဲ့ မွေးနေ့ကို နှုတ်ဆက်ချင်တာတို့ ဘာတို့တောင် လုပ်လို့မရဘူး။ လုပ်လို့မရတဲ့ အခါကြတော့ ဖုန်းခကလည်း ကြီးတဲ့အခါကြတော့၊ ဒါတွေကို အသုံးမပြုနိုင်တော့ လုံးဝ အဆက်အသွယ် ပြတ်သွားသလို ခံစားရပြီးတော့ စိတ်မကောင်းတော့ ဖြစ်မိတာပေါ့လေ။

“လိုင်းဖုန်းကို သုံးပြီးတော့ နိုင်ငံခြားကို ဆက်မယ်ဆိုလည်း FEC နဲ့ သွင်းရပါတယ်။ ကျပ်သွင်းတဲ့နေရာက တပိုင်းပေါ့၊ ပြည်တွင်း ဆက်တာတွေက။ FEC က နောက်တနေရာမှာ တခါ သွင်းရတယ်။ အဲဒီလို သွင်းတဲ့အခါကြတော့ အချိန်ကုန်တယ်၊ လူပင်ပန်းတယ်၊ FEC ကို ရှာပြီး ဝယ်ရတယ်။ အဲဒီလိုမျိုး ဒုက္ခတွေကလည်း ရှိတော့ အဲလိုလည်း မဆက်ဖြစ်ဘူး၊ ဈေးကြီးတာလည်း တကြောင်းပေါ့လေ။”

Src:voa

ပုံသေချာ မမြင်ရရင်တော့ R-click>Copy Image Location မှ ဓာတ်ပုံ url ယူပြီးကြည့်

2 comments

  • intro

    March 16, 2011 at 9:47 am

    ပြောရရင် မကောင်းဘဲ ရှိတော့မယ်၊ သတင်းမှန် မမှန် မစောင့်ချင်တော့ဘူး၊ ကြိုပဲ ဆဲလိုက်တော့မယ်၊ အကောင်းဘက်ကို ဦးတည်လာမယ် မရှိဘူး၊ ဆုတ်ယုတ်အောင်ပဲ တစ်ခုပြီး တစ်ခု လှည့်ကျပ်နေတယ်… ဘယ်လို ဦးနှောက်တွေနဲ့ ဒီလို အကြံတွေ ကြံမယ် မရှိဘူး၊ တစ်ကမ္ဘာလုံး သုံးလို့ရနေတဲ့ service တွေကို သူက ပိတ်ဦးမယ်တဲ့၊ ပြီးတော့ ဒီအတွက် သူက ဘာတွေများ အပင်ပန်းခံရလို့လဲ၊ gmail, gtalk ဆိုတာ သုံးလာတာ နှစ်ပေါင်း တော်တော်ကြာနေပြီ… တစ်ကမ္ဘာလုံးရဲ့ အကောင်းဆုံး service တွေထဲမှာတောင် ပါတယ်လို့ ပြောလို့ရတယ်… ဒီလို service တွေ ပေးနိုင်အောင် Google က ဘယ်လိုကြိုးစားထားလဲ၊ အလကား ပေးသုံးနိုင်တဲ့ အဆင့်ရောက်အောင် ဘယ်လို နည်းနဲ့ ပိုက်ဆံရှာပြီး ဘယ်လိုလုပ်ပေးထားလဲ ဆိုတာ မစဉ်းစားဘူး၊ pfingo ဆိုလဲ ဒီလိုပဲ အများသူငါလည်း သုံးရတာ သက်သာ၊ သူ့ဘက်လဲ အဆင်ပြေ ကိုယ့်ဘက်လဲ အဆင်ပြေ အောင် တီထွင်ထားတဲ့၊ ကြိုးစားထားတဲ့ အကြံဉာဏ်တွေကို အတုမယူဘူး၊ အလကားနေ ရထားတဲ့ အာဏာလေးနဲ့ ဟိုဟာ ပိတ်ပင်၊ ဒီဟာ ပိတ်ပင်၊ ဘယ်လို ဦးနှောက်တွေလဲ တိုင်းပြည်ကို အုပ်ချုပ်နေလဲ ဆိုတာ ခုထိ စဉ်းစားလို့မရဘူး၊ ဖြစ်သင့်တာက ပြည်သူတွေ တစ်ဦးချင်း ဝင်ငွေ မြင့်မားလာအောင် ဘယ်လိုလုပ်ပေးမလဲ၊ ပြီးတော့ ဆက်သွယ်ရေး ပိုပြီး လွယ်ကူလာအောင် လူတိုင်း ဖုန်းတစ်လုံး ကိုင်နိုင်လာမယ်၊ ပြီးတော့ ဆက်သွယ်ရေး အတွက် ဈေး သိတ်မကြီးအောင်၊ လက်လှမ်းမှီအောင် လုပ်ပေး နိုင်မယ် ဆိုရင် pfingo ဆိုတာတောင် လှည့်မကြည့်ဘူး၊ စိတ်ချ၊ ပြိုင်စမ်းပါ၊ လုပ်ပိုင်ခွင့်တွေ ရှိနေတာပဲ၊ ပညာရှင်တွေ ခေါ်၊ ပြည်တွင်းက အတတ်ပညာ ရှင်တွေကို သင်ပေး၊ ပွင့်လင်းတဲ့ အတွေးနဲ့ တိုးတက်အောင်လုပ်၊ တိုင်းပြည်ကိုသာ တိုးတက်အောင် လုပ်မယ်ဆိုရင် ပြည်သူတစ်ရပ်လုံးက သူတို့ဘက်ကတောင် ရပ်တည်ပေးပြီး ခိုင်းတာတောင် လုပ်ပေးလိုက်ဦးမယ်၊ လုပ်စမ်းပါ၊ တိုင်းပြည်တကယ် တိုးတက်အောင်၊ လုပ်ပြစမ်းပါ၊ အားလုံးရဲ့ ယုံကြည်ကိုးစားမှုရအောင် လုပ်ပြစမ်းပါ၊ ဘာမှစောဒက မတက်ပဲနဲ့ စည်းကမ်းအားလုံး လိုက်နာပေးလိုက်မယ်၊ ဒီလိုသာ အဘက်ဘက်က တိုးတက်ကောင်းမွန်အောင်၊ သက်သာ ချောင်ချိအောင် လုပ်ပေးနိုင်မယ်ဆိုရင် အာဏာမမြဲမှာ ပူမနေနဲ့၊ နှုတ်ထွက်ပေးပါမယ် ဆိုရင်တောင် ပြည်သူတွေက တောင်းတောင်းပန်ပန် ပြန်တင်ထားပေးချင်ကြမှာဘဲ… ခုတော့ သုံးစားမရတဲ့ ဦးနှောက်တွေနဲ့ ဖင်တစ်နေရာစာမြဲဖို့ပဲ ကြံနေတာ ဆိုတော့ ဘယ်သူမှ မလေးစားချင်မှာ မဟုတ်ဘူး၊ (ကန်တော့ပါရဲ့ သေရင်တော့ ပြိတ္တာဘဝက ကျွတ်မှာ မဟုတ်ဘူး)

  • hmee

    March 16, 2011 at 10:06 am

    မနေ.ကဒီသတင်းဖတ်လိုက်ရကတည်းကညစ်နေတာ။ အဲဒီလိုသာဆို အိမ်နဲ့တော့ အဆက်အသွယ်ပြတ်တော့မှာပဲ။

Leave a Reply