ကျွန်တော်နှင့် Teen Magazine ၏ Cyber Bullying အကြောင်း အင်တာဗျူး

သူရႆဝါMarch 16, 20116min540
“ကျွန်တော်နှင့် Teen Magazine ၏ Cyber Bullying အကြောင်း အင်တာဗျူး”

ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းက ကျွန်တော့်ရုံးကို Teen မဂ္ဂဇင်းက သတင်းထောက် နေလွင် ဖုန်းဆက်လာပါတယ်။ Teen’s Opinion ကဏ္ဍအတွက် အင်တာဗျူးလုပ်ချင်ပါတယ်တဲ့။ သူဆွေးနွေးချင်တဲ့ ခေါင်းစဉ်က Cyber Bullying ပါ။ အဲဒီ အကြောင်းကို ဒီနိုင်ငံမှာ လူသိပ်မသိကြ သေးပါဘူး။ ဖြေပေးရမယ့် ကျွန်တော် ကိုယ်တိုင်တောင် ဇဝေဇဝါနဲ့။ Cyber Bullying အကြောင်းကို သေချာဖြေနိုင်ဖို့ စာတွေပြန်ရှာဖတ်လိုက်ရ ပါသေးတယ်။ တစ်နေ့က မဂ္ဂဇင်းထွက်လာပါတယ်။ ဒါကြောင့် ကျွန်တော် အခုအဲဒီပိုစ့်ကို ပြန်တင်ပေးလိုက်ပါတယ်။ ၂၀၁၁ ခုနှစ် ၊ မတ်လထုတ် Teen Magazine ရဲ့ Teen’s Opinion ကဏ္ဍမှာ ကျွန်တော်နဲ့ လူငယ်စာရေးဆရာမ ဇူးဇူးမွန်တို့ကို Cyber Bullying အကြောင်း ဆွေးနွေးထားတာပါ။ ဖတ်ကြည့်ကြပါဦး။

Cyber Bullying

နည်းပညာ ဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှ နည်းပညာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း အရိပ်လို ကပ်ပါ လာတော့တာပါ။ Online User တွေ အများစုက Social Network Site တွေကို နေ့စဉ် အသုံးပြု နေသူတွေ များပါတယ်။ Social Network Site တွေက စိတ်ကျေနပ်မှုတွေ ပေးစွမ်းနိုင်သလို တစ်ခါတစ်ရံမှာ စိတ်အနှောင့်အယှက်လည်း ဖြစ်စေ နိုင်သေးတာပါ။ Social Network Site တွေမှာ ကျူးလွန်ကြတဲ့ ဒုစရိုက်မှု၊ မသမာမှု၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေက ဗဟုသုတ ကြွယ်ဝတဲ့ လူကြီးတွေနဲ့ လူလတ်ပိုင်းတွေကို မထိခိုက်လှပေမယ့် အသိဉာဏ် နုနယ်တဲ့ လူငယ်လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာတွေကို ထိကပါး ရိကပါး လုပ်လာကြတာ တွေ့ရပါတယ်။ အဲဒါကြောင့် Cyber Bullying ဆိုတဲ့ Topic နဲ့ ပတ်သက်လို့ ကဗျာဆရာ သူရဿဝါနဲ့ မျိုးဆက်သစ် စာရေးဆရာမ ဇူးဇူးမွန်တို့ကို မေးမြန်းဖော်ပြပေး လိုက်ပါတယ်။

သူရဿဝါ

Online လုပ်ငန်း တစ်ခုမှာ တာဝန် ထမ်းဆောင်နေသလို ကဗျာတွေလည်း ရေးဖြစ်နေတဲ့ သူရဿဝါက teenage တွေကြားက Cyber Bullying ဖြစ်ရပ်တွေ အပေါ် သဘောထားနဲ့ ပတ်သက်လို့တော့ “နိုင်ထက်စီးနင်း လုပ်တယ်ဆိုတာ ဘယ်နေရာမှာမှ မကောင်းပါဘူး။ Cyber Bullying ဖြစ်လို့ Online ပေါ်မှာ ဖြစ်တာပဲ ဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ဘူးလေ။ ဒါက အပြုအကျင့် ခံရသူရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး ထိခိုက်မှု ဖြစ်သွားနိုင်တဲ့ ကိစ္စပါ။ Online Culture ဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပြီ ဆိုတော့ Cyber Bullying ဟာလည်း အရေး ထားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။ နိုင်ငံတကာမှာ ဒါကို ဥပဒေ တစ်ရပ် ထုတ်ပြီး အရေး ယူတာတွေတောင် ဖြစ်နေပါပြီ။ ကျွန်တော်တို့ ဆီမှာတော့ Cyber Bullying ကို သိပ်ပြီး မကြုံကြ သေးပေမယ့် အခုလို Social Network တွေ ခေတ်စား လာတာနဲ့ အမျှ Social Network တွေ ပေါ်မှာ ဖွဲ့စည်းထားတဲ့ Group အစပြုပြီး ဒီကိစ္စ တွေဟာလည်း မလွဲမသွေ ဖြစ်လာ နိုင်တယ်လို့ ကျွန်တော် ထင်တယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်ကဆို Houghton ဆိုတဲ့ ဆယ့်ရှစ်နှစ် အရွယ် ကျောင်းသားလေး တစ်ယောက်ဟာ Facebook မှာ သူ့အတန်းဖော် တစ်ယောက်ကို Cyber Bullying ပြုလုပ်ခဲ့လို့ ထောင်ဒဏ် သုံးလ အပြစ် ပေးခံရတယ်လို့ ကြားဖူးပါတယ်။ ဒါဟာ မကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် သုံးတာလည်း လူငယ် လူရွယ်တွေ များတဲ့အတွက် Cyber Bullying ဘာကြောင့်ဖြစ်တယ်၊ ဘယ်လို ဆိုးကျိုးတွေ ဖြစ်ပေါ် လာနိုင်တယ် ဆိုတာမျိုးတွေကို လူငယ်တွေက စပြီး လေ့လာကြဖို့နဲ့ Cyber Bullying တွေ ဖြစ်မလာအောင် စောင့်ထိန်းကြဖို့ လိုတယ်။ တစ်ခါတလေမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကိုယ်က သူများကို Cyber Bullying လုပ်မိတာမျိုးလည်း ဖြစ်ချင် ဖြစ်နေတတ်တယ်။

ဒီတော့ ကျွန်တော်တို့ဆီမှာလည်း နားလည် တတ်ကျွမ်းတဲ့ ပညာရှင်များက Cyber Bullying ကို လူအများ နားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ရေးသားပြီး ဒီကိစ္စမျိုးတွေ ဖြစ်မလာအောင် ကြိုတင်တားဆီး ပေးကြမယ်ဆိုရင် ကောင်းမယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

Social Networking Website တွေမှာ ကြုံတွေ့ နေရတဲ့ လူမှုရေး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း သူရဿဝါက “ကျွန်တော်ကိုယ်တိုင် တိုက်ခိုက် ခံရတာမျိုး မဟုတ်ပေမယ့် အနီးစပ်ဆုံး ကိုယ်တွေ့လို့ ပြောလို့ရတဲ့ လူမှုရေး တိုက်ခိုက်မှုတွေ ကြုံရဖူးတယ်။

အဲဒါမျိုးကျတော့ ကျွန်တော် ပြောခဲ့သလို Blog Post တွေမှာ Comment တွေ အပြန်အလှန် ပေးပြီး အချေအတင် ဆွေးနွေးရင်း ရန်ဖြစ် ကြတဲ့ပုံစံမျိုးနဲ့ မတူတော့ဘဲ ရည်ရွယ်ချက်ချင်း အများကြီး ကွာခြားသွားပြီ။ တိုက်ခိုက်တဲ့ သူက တိုက်ခိုက်ခံရတဲ့ သူအပေါ်မှာ ကြီးလေးတဲ့ ပြင်ပ ဖိအား သက်ရောက်မှုတွေ ခံစားစေချင်တဲ့ သဘော၊ နာမည် ပျက်စေချင်တဲ့ သဘော၊ ကိုယ်တိုက်ခိုက် လိုက်တဲ့ သူရဲ့ လူမှုရေး၊ စီးပွားရေး နယ်ပယ်တွေ အထိပါ ထိခိုက်နစ်နာ စေချင်တဲ့ သဘောထားတွေ ပါသွားပြီဗျ။

ကျွန်တော်တို့နဲ့ Donation အတူ လုပ်နေကျ အစ်ကိုလို ခင်တဲ့ သူငယ်ချင်း တစ်ယောက်လည်း အဲဒီလို တိုက်ခိုက်တာ ခံရဖူးတယ်။ မိန်းကလေးလို့ ယူဆရတဲ့ လူတစ်ယောက်က အဲဒီ အစ်ကိုဟာ မိန်းကလေးတွေကို ဖျက်ဆီးပါ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီ အစ်ကိုရဲ့ မှတ်ပုံတင် နံပါတ်တွေ၊ E-mail Account တွေ၊ နေရပ်လိပ်စာ တွေအထိ ရေးချပြီး Social Network တစ်ခုပေါ် Post လုပ်တာပါ။ ဒါမျိုး ကြုံလာလို့ ဖြေရှင်းချင် တယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက မှန်သည်၊ မှားသည် ဘာမှ မတုံ့ပြန်ဘဲ တိတ်တဆိတ် နေလိုက်တာ အကောင်းဆုံးပါပဲ။ ကိုယ်က ပြန်တုံ့ ပြန်ချေပလိုက်၊ တစ်ဖက်က ထပ်ပြီး ပြောလိုက်နဲ့ ဖြစ်နေပြီဆိုရင် ပိုပြီး နာမည်ကြီးဖို့ပဲ ရှိတော့တယ်။ အဲဒီအခါ ကျရင် တိုက်ခိုက်လိုက်တဲ့ သူရဲ့ ရည်ရွယ် ချက်အောင်မြင်သွားပြီလို့ ပြောလို့ရတယ်။

အဲဒီ အစ်ကိုတုန်းကလည်း ကျွန်တော် ဒီလိုပဲ ပြောခဲ့တာပဲ။ ဒါမျိုးကိစ္စတွေက အခုနောက်ပိုင်း ခဏ ခဏကို ဖြစ်လာတာ တွေ့ရတယ်။ ပြည်တွင်းရော၊ ပြည်ပရောပေါ့။ များသောအားဖြင့် တွေ့ရ၊ ဖတ်ရတဲ့ Online ပေါ်က လူမှုရေး တိုက်ခိုက်မှု အများစုကတော့ သိပ်ပြီး ကျိုးကြောင်း ခိုင်လှုံမှု မရှိကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက် အောင်မြင်သွားတာက များပါတယ်။ ဘာလို့လဲ ဆိုတော့ အင်တာနက် သုံးတဲ့သူ အများစုက ဒီလို သတင်းမျိုး တစ်ခု ထွက်လာပြီ ဆိုရင် ဖတ်ပြီးတာနဲ့ သတင်းတွေက ပိုပြန့်ကားပြီး အင်တာနက် မသုံးတဲ့ လူထုကြားထဲကိုပါ ပျံ့နှံ့ သွားတတ်တယ်။ ဒါမျိုးတွေ မြင်ရပါများတော့ အဲဒါတွေက အင်တာ နက်သုံးတဲ့ သူတွေကြားမှာ မရှိမဖြစ် Online Culture တစ်ခုဖြစ်လာတဲ့ အနေအထားလို့တောင် တွေးမိပါတယ်” လို့ ပြောပါတယ်။

Social Networking Website တွေမှာ ကိုယ့်ရဲ့ခံစားချက်တွေ၊ မကျေနပ်ချက်တွေ(ဒါမှ မဟုတ်) တခြားသူရဲ့အားနည်းချက်၊ ချို့ယွင်း ချက်နဲ့ အပြစ်တွေအကြောင်း ရေးဖူးလားလို့ မေးတော့ “ကျွန်တော့်ရဲ့ လတ်တလော စိတ်ခံစား မှုတချို့ကို Facebook Wall ပေါ်မှာ တစ်ခါတစ်ခါ ချရေးဖြစ်တယ်။ တစ်စ ုံတစ်ယောက်ကြောင့် စိတ်အချဉ် ပေါက်နေတဲ့အခါ ဒါမှမဟုတ် ပျော်စရာ၊ စိတ်လှုပ်ရှားစရာ ခံစားချက် တစ်ခုခု ရှိနေတဲ့ အခါမျိုးမှာပေါ့။ အဲဒါတွေကို ရေးဖြစ်တယ်။

တခြားသူ တစ်ယောက်ယောက်ရဲ့ အားနည်းချက်တွေ၊ အပြစ်တွေ အကြောင်းလည်း ရေးဖူးတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့စိတ်ခံစားမှုတွေ အကြောင်း ချရေးတဲ့ Facebook Wall ပေါ်မှာတော့ မဟုတ်ဘူး။ အဲဒါမျိုး ရေးတာက အဲဒီလူကို တိုက်ရိုက် ပြောတာမျိုး မဟုတ်ဘဲ လူတကာကို တိုင်တည်သလိုဖြစ်နေတယ်။ ကျွန်တော်က အဲဒီလူနဲ့ သက်ဆိုင်တဲ့ နေရာမှာ သူ့ကို ဦးတည်ပြီး တိုက်ရိုက် သွားရေးတာ။ ကျွန်တော် သုံးနေကျ Social Network Site တွေမှာ တစ်ခါတစ်ခါ ကြုံရတဲ့ စိတ်ပျက်စရာ ကိစ္စတွေ ရှိပါတယ်။ ဒါကလည်း အင်တာနက် သုံးခါစ အချိန်မှာတင် Social Network တစ်ခုခုထဲ ရောက်လာပြီး အူလည်လည် လုပ်မိတဲ့ အချို့ User တွေနဲ့ Cyber Bullying ဖြစ်ရပ်တစ်ခု ဖြစ်လာဖို့ ဦးတည်ပြီး သူများရဲ့ Blog Post တစ်ခုခုမှာ ဆိုးရွား ရမ်းကားတဲ့ Comment တွေ အမြဲတမ်း ရေးတတ်တဲ့ (အပြင်မှာလို ဆိုရင်တော့ ရန်စတာပေါ့ဗျာ) အဲဒီလူတွေ အပေါ်မှာ အခြေခံပြီး ဖြစ်လာတာပါ။ အဲဒါမျိုး ကြုံရတဲ့ အခါ ကျရင်တော့ ကျွန်တော့်ရဲ့ မကျေနပ်ချက်တွေနဲ့ သူပြောတဲ့အထဲကနေ ပြန်ဆွဲထုတ်ပြနိုင်တဲ့ သူ့ရဲ့ အားနည်းချက် အမှားတွေကို သူ့ရဲ့ Page မှာပဲ ဖြစ်ဖြစ်၊ Blog Post အောက်က Comment မှာပဲ ဖြစ်ဖြစ် ကျွန်တော် ပြန်ရေးပေးခဲ့တယ်။ တစ်ခါ တလေ သူများရေးတဲ့ Blog Post မှာ ဝေဖန်ရေး ဆန်တဲ့ Comment မျိုး ကျွန်တော် ရေးမိတဲ့အခါ ကျွန်တော့်ဆီလည်း အလားတူ တုံ့ပြန်မှုမျိုးတွေ ပြန်ရောက် လာတာပါပဲ။ တိုက်ရိုက်ကြီး စာတစ်တန် ပေတစ်ဖွဲ့နဲ့တော့ ကိုယ့်အကြောင်း မကောင်း ကြောင်းရော၊ ကောင်းကြောင်းရော ရေးတာမျိုး မခံရဖူးပါဘူး” လို့ သူရဿဝါက ဖြေပါတယ်။

သူရဿဝါက လောလောဆယ် သုံးဖြစ်နေတဲ့ Social Network Website တွေနဲ့ ပတ်သက်လို့တော့ “အခု နောက်ပိုင်းမှာတော့ အတော်များ များ သုံးကြတဲ့ Facebook ကို သုံးဖြစ်ပါတယ်။ အဲဒါ မသုံးရင် ခေတ်မမီသလို အပြော ခံရလို့ ခေတ်မီအောင် သုံးပါတယ်။ နောက်ပြီး ၂၀၀၉ နှစ်လယ်လောက်မှာ စပြီး လူသုံး များလာတဲ့ Ning Social Site ကို သုံးပါတယ်။ Ning Site မှာ စာတွေ သွားရေးတာလောက်ပဲ လုပ်ဖြစ်ပေမယ့် Facebook မှာတော့ တစ်ခါတလေ သူငယ်ချင်း တွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေ Share လုပ်ဖြစ် တယ်။ Notes တွေ၊ ကဗျာတွေ တင်တယ်။ တစ်ခါတလေ ကိုယ့် Wall ပေါ်မှာ လတ်တလော ဖြစ်နေတဲ့ စိတ်ခံစားချက် တချို့ ရေးဖြစ်တယ်” လို့ ပြောပါတယ်။
ဇူးဇူးမွန်
Messenger Journal မှာ တာဝန် ထမ်းဆောင် နေတဲ့ သတင်းထောက် တစ်ယောက်လည်း ဖြစ်သလို မျိုးဆက်သစ် စာရေးဆရာမ တစ်ဦးလည်း ဖြစ်တဲ့ ဇူးဇူးမွန်က teenage တွေကြားက Cyber Bullying ဖြစ်ရပ်တွေ အပေါ် သဘောထားနဲ့ ပတ်သက်လို့တော့ “အနိုင်ကျင့် ခံရတယ် ဆိုတာ ဟိုးခေတ် အဆက်ဆက်ကတည်းက လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့တဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်နေပြီ ဆိုရင် ရမလားဘဲ။ Website တွေထဲမှာမှ ဒီလို အနိုင်ကျင့် ခံရတာမှ မဟုတ်တာ။ တကယ် ကျွန်တော်တို့ ကျင်လည်နေတဲ့ ဩကာသလောက ကြီးမှာ ဖြစ်ပျက်ကြုံဆုံ နေရတာပဲလေ။ အင်အားကြီး သူက အင်အားနည်းသူကို၊ ဒြပ်ရှိသူက မရှိသူကို၊ လက်နက် ရှိသူက မရှိသူကို၊ စိတ်ဓာတ်အင် အားကြီးသူက အင်အားနည်း သူကိုစတဲ့ ကြီးနိုင်ငယ်ညှဉ်း ဝါဒတွေနဲ့ “ကျားဖြစ်ရင် သမင်ကို စားရမယ်”ဆိုတဲ့ ဝါဒကို လက်ကိုင်ထားပြီး ဒီလောကမှာ ကျင်လည် နေကြတာပဲ။

ဒါပေမဲ့ ရှင်သန်နေတဲ့ ဘဝ အချိန်တိုလေးမှာ ကောင်းတာ၊ မကောင်းတာကို ခွဲခြား သိမြင်ကြသူတွေ များပြား လာခဲ့ရင်တော့ အနိုင်ကျင့် ခံရမှုတွေ ရပ်ဆိုင်းပြီး မှေးမှိန်ပျောက်ကွယ် သွားမှာပါ။ ဒီအနိုင်ကျင့်တယ် ဆိုတာ အရာတိုင်း ကောင်းတာမှ မဟုတ်တာ။ ဒီလိုပဲ ကျွန်တော် မြင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီလို မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ် သတိ အမြဲ ပေးနေရတယ်ဗျ။ သံသရာက တစ်ပတ်လည် တတ်တာကိုး” လို့ ပြောပါတယ်။

Social Networking Website တွေမှာ ကြုံတွေ့ နေရတဲ့ လူမှုရေး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း ဇူးဇူးမွန်က “ကျွန်တော့် ကိုယ်တွေ့ မဟုတ်ပေမယ့် သူငယ်ချင်း တစ်ယောက် ရင်ဖွင့်တာကို အမြဲတမ်းကြားနေရလို့ ဒီမေးခွန်းကို ကျွန်တော် သိပ်မဖြေချင်ဘူး။ ကျွန်တော့် သူငယ်ချင်း ကောင်မလေးက သူ့ရဲ့ ကောင်မလေး တစ်ယောက်ကို သူ့အကြောင်းတွေ အမြဲတမ်း ရင်ဖွင့်ပါတယ်။ နောက်တော့ သဘောထား ကွဲရာကနေ လမ်းခွဲ လိုက်ကြတယ်။ ဒါပေမဲ့ အင်တာနက်မှာ တွေ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောကြဆိုကြရင်း သူ့ရဲ့ လူမှုရေးနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ တိုက်ခိုက် ခံရတာကို ပြန်ပြောပြခဲ့တာ ကြောင့်ပါ။

တစ်ခါတစ်ရံမှာ ကျွန်တော် ထင်မြင်မိတာက ပြဿနာတိုင်းရဲ့ အစက ကိုယ့်ကြောင့်ချည်းပါပဲလို့၊ ကိုယ်က ကောင်းအောင်နေ၊ ကင်းကင်း ရှင်းရှင်း နေတတ်ဖို့ လိုတာပေါ့။ ပြောရရင်တော့ ဝါးလုံးက ဝါးလုံးဖြစ်ဖို့ လိုတာပေါ့နော်။ ဝါးခြမ်းဖြစ်ခဲ့ရင်တော့ နောက်ဆုံးမှာ တိုက်ခိုက် ခံရမှု၊ ရှုံးနိမ့်မှု ဆိုတာ ကျွန်တော်တို့ အမြဲ ကြုံတွေ့ရမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ လူသားတွေ ဖြစ်နေကြတာကိုးဆိုတဲ့ အတွေး ဝင်ခဲ့ရင် ခုနက ပြောခဲ့တာတွေက မြူမှုန် လေးလောက်ပါပဲ” လို့ ပြောပါတယ်။

Website တွေမှာ ကိုယ့်ရဲ့ခံစားချက်တွေ၊ မကျေနပ်ချက်တွေ (ဒါမှ မဟုတ်) တခြားသူရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်၊ အပြစ်တွေ အကြောင်း ရေးဖူးလားလို့ မေးတော့ “ကိုယ့်ရဲ့ခံစားချက်တွေ ကိုတော့ တစ်ခါမှ မရေး ဖြစ်ပါဘူး။ ကိုယ့်ရဲ့ခံစားချက်ကို အများသိအောင် ပြောမပြမိဘူး။ ဒါက အားနည်းချက် တစ်ခုပဲလား မသိပါဘူး။ ကိုယ့်ရဲ့မကျေနပ်ချက်တွေကို Website ပေါ် တင်ရတာလည်း မရှိခဲ့ဘူး။ Website ထဲမှာ ရေးတာထက် စာအုပ်ထဲမှာ ရေးရတာ ပိုအရသာ ရှိမယ်လို့ မြင်တယ်လေ။

အားလုံးနဲ့ ကွဲပြားရင် ကွဲပြား နေမှာပေါ့။ ဒီလို တစ်ခါတစ်ရံ ရေးမှတ် ထားတာလည်း တစ်ချိန်ချိန်မှာ ဇာတ်လမ်း ကျောရိုးယူဖို့ အတွက် အထောက်အကူ ရတယ်ဗျ။ ကိုယ်တိုင် ခံစားချက်၊ မကျေနပ်ချက်တွေက တစ်ခါတစ်ရံ လှပတဲ့ အကြောင်းတွေ ဖြစ်လာ စေတယ်လေ။ Website ဆိုတာ အချိန်ပြည့်(အိမ်မှာ မရှိတာကြောင့်) ကြည့်နေလို့မှ မရတာ။ စာအုပ်ဆိုတာ ကိုယ်က ဘယ်အချိန် ကောက်ယူ ကြည့်ကြည့် ရတာကြောင့်လည်း ဖြစ်မယ် ထင်ပါရဲ့။

နောက်ပြီး တခြား သူတွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို ပြောပြ၊ ထောက်ပြရတာ ကျွန်တော့် အတွက်တော့ စိတ်ပင်ပန်းစရာ တစ်ခုပဲဗျ။ သူများ အပြစ်တွေကိုလည်း တစ်ခါမှ မရေးခဲ့ဖူးဘူး။ ဒါပေမဲ့ ဦးနှောက် ထဲမှာတော့ “ငါ ဒီလို မလုပ်ရဘူး” “ငါသာဆိုရင်”စတဲ့ အတွေးမျိုး ဝင်မိခဲ့တာတော့ ရှိတာပေါ့။ ဒါပေမဲ့ လောကမှာ တစ်ခါတစ်ရံ မှားတယ်ထင်တဲ့ အကြောင်းအရာတွေက တခြားသော သူတွေအတွက် မှန်ချင်မှန် နေလိမ့်မယ်ဆိုတဲ့ အကြောင်းအရာ တစ်ခုက ခေါင်းထဲရောက်ရောက် လာခဲ့တာကြောင့် မရေးချင်ခဲ့တာ နေမှာပါ။ ကျွန်တော်က ဆိုးတယ်ဗျ။ တစ်ခါတစ်ရံ သူများက မကောင်းပါဘူး ပြောနေ ရက်နဲ့တောင် ကိုယ်ကကောင်းတယ် ဆိုတဲ့ အတွေး ဝင်ဝင်နေတာပေါ့” လို့ ဖြေပါတယ်။

“Teen’s Opinion ကဏ္ဍ” ကိုဖတ်ပြီး မှတ်သားစရာလေး တစ်ခု ကျန်ခဲ့ မယ်ဆိုရင် ဖြေကြားပေးတဲ့ အနုပညာရှင် များနဲ့ Teen Magazine အဖွဲ့သား များက ကျေနပ်ပီတိ ဖြစ်ရမှာပါ။
နေလွင်
အဲဒါပါပဲ။ ဒီဆောင်းပါးကိုဖတ်ပြီးတော့ Cyber Bullying အကြောင်းကို ကိုယ်ကတဆင့် အခြားသူတွေလည်း သိအောင် ဖြန့်ဝေပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ၊ ဆွေးနွေးမှုတွေကိုလည်း Forum တွေမှာ အရေးတယူ အချိန်ပေး ဆွေးနွေးလာကြမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
သူရဿဝါ
မတ်လ ၁၆ ရက် ၊ ၂၀၁၁ ခုနှစ်
Teen မဂ္ဂဇင်း ၊ ၂၀၁၁ ခုနှစ် ၊ မတ်လ