အင်တာနက်ဖုန်းများကို အသုံးမပြုကြရန် မြန်မာအင်ဖိုတက်မှ အကြောင်းကြားစာ ထုတ်ပြန်

ဦးကောက်March 17, 20111min800

အင်တာနက် ကဖေးဆိုင်များအနေဖြင့် အင်တာနက်မှတစ်ဆင့် ဖုန်းခေါ်ဆို လက်ခံပေးသည့် ဝန်ဆောင်မှုကို မပြုလုပ်ကြရန် မြန်မာအင်ဖိုတက်မှ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာအင်ဖိုတက်မှ မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အကြောင်းကြားစာတွင် ”မြန်မာနိုင်ငံအတွင်းရှိ PAC ဆိုင်များတွင် Internet Service ကို အသုံးပြုပြီး (Skype, GTalk, Pfingo, VZO …) စသည်တို့ဖြင့် နိုင်ငံခြားသို့ ခေါ်ဆိုမှု များကို တွင်တွင်ကျယ်ကျယ် တွေ့ရှိလာနေရကြောင်း၊ Internet မှ နိုင်ငံခြားခေါ်ဆိုမှုများကို ကြော်ငြာခြင်း၊ အခြားနိုင်ငံများမှ VoIP Prepaid Card များကို ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ Call Back များလက်ခံခြင်း၊  စသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် လုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်နေကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပေးပို့လာသော အကြောင်းကြားစာအရ သိရှိရပါသည်။

ထို့အပြင် PAC များတွင် Internet မှတစ်ဆင့် VoIP Call ခေါ်ဆိုမှုများ မပြုလုပ်ကြရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ PAC များတွင် VoIP ခေါ်ဆိုမှုများ မပြုလုပ်ကြရန် အကြောင်းကြားအပ်ပါသည်”ဟု အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။

အဆိုပါ အကြောင်းကြားစာကို အင်တာနက် ကဖေးဆိုင်များတွင် အင်တာနက်ဖုန်း အသုံးပြုမှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပေးပို့ခဲ့သော အကြောင်းကြားစာ၌ အင်တာနက်မှ တစ်ဆင့် VoIP ခေါ်ဆိုမှုများ ပိုမို များပြားလာခြင်းကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် နိုင်ငံခြားခေါ်ဆိုမှုများ ကျဆင်းလာပြီး နိုင်ငံတော်၏ ဝင်ငွေ ထိခိုက်မှုများ ဖြစ်ပေါ်လာကြောင်း၊ VoIP ခေါ်ဆိုမှုများသည် လက်ရှိအချိန်တွင် တရားဝင် ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် PAC များ၊ Cyber Cafe များကိုပါ VoIP Call  များ ခေါ်ဆိုခြင်းမပြုရန် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း စသည့်ဖြင့် အချက်များ ပါဝင်ကြောင်းလည်း သိရသည်။

ELEVEN MEDIA GROUP   မှ ကူးယူဖော်ပြသည်။

ကျနော်၏ ဓမ္မပူဇာဝက်ဆိုက်ကိုလည်းဝင်ရောက်နိုင်ပါသည်။ကျေးဇူးတင်ပါသည်။