နှမ်းတစ်စေ့ပေါင်းများလာရင်

pitiMarch 24, 20111min50

ရာသီဥတုတွေဖောက်ပြန်နေတာ နှစ်တွေတော်တော်ကြာလာခဲ့ပါပြီ။  ကျနော်တို့ ရွှေပြည်ကြီးကတော့ ရာသီဥတုတွေ ဖောက်ပြန်နေတယ်ဆိုတာကို “နာဂစ်” ရဲ့  ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ခံရပြီးမှ သတိထားမိလာခဲ့ကြပါတယ်။ နာဂစ်မလာခင် တစ်နှစ်စောပြီး ချောင်းသာကမ်းခြေကို “မာလာ” ဆိုတဲ့ မုန်တိုင်းတစ်ခု ဝင်ခဲ့တုန်းကတည်းက သတိပြုမိရမယ့်ဟာကို ပေါ့ပေါ့ဆဆ နေခဲ့မိကြပါတယ်။ အဲဒါကြောင့်လည်း နာဂစ်ဆိုတဲ့ မုန်းတိုင်းလည်းတိုက်ခတ်ခံရရော ကျနော်တို့ ရွှေတွေဟာ အငိုက်မိသွားခဲ့ရပြီး လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။

ကျနော်တို့ ရွှေပြည်ကြီးဟာ မုန်တိုင်းတွေ တိုက်လေ့တိုက်စမရှိတဲ့ အလွန်သာယာတဲ့ တိုင်းပြည်တစ်ခု ဖြစ်ခဲ့တယ်လေ။ ဟော… ပြီးခဲ့တဲ့နှစ်က “ဂီရိ” ဆိုတဲ့ မုန်းတိုင်းတစ်ခုဟာ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ကျူးကျော်ဝင်ရောက်ပြီး လမ်းစရှာလာခဲ့တယ်။ ဂီရိမုန်တိုင်း လာနေပြီဆိုတော့ ကျနော်တို့ရွှေတွေ အတော်ကြောက်ပြီး သတိနဲ့ စောင့်ကြည့်နေခဲ့ကြရတယ်။ ရခိုင်မှာ လူ့အသက်အနည်းငယ် ဆုံးရှုံးခဲ့ရတယ်။ နာဂစ်ရဲ့  အတွေ့ အကြုံကြောင့် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ခြင်းကြောင့်ရယ် ဒီရေလှိုင်း မဖြစ်ခဲ့တာရယ်ကြောင့် လူ့အသက်ဆုံးရှုံးမှုတွေ နည်းခဲ့တာပေါ့။

ဟော… အခု ၂၀၁၁ ခုနှစ်မှာရော…..

သင်္ကြန်မတိုင်ခင်က မြစ်ဝကျွန်းပေါ်ဒေသမှာ လေပြင်းတိုက်ခတ်ခံရလို့ ပင်လယ်ထွက် ငါးဖမ်းကြတဲ့ တံငါသည်တော်တော်များများ ဒုက္ခရောက်ခံရပါရောလား။ သေဆုံး၊ ပျောက်ဆုံးသူတွေလည်း တော်တော် များခဲ့တယ်လေ။ ကျနော်တို့နိုင်ငံရဲ့   မိုးလေဝသ ဦးစီးဌာနက သတိပေးချက်တွေ ကြိုးစားထုတ်ပြန်ပေးနေပေမယ့် အပြင်မှာ တကယ်တိုက်တဲ့ လေပြင်းမုန်တိုင်းက သူတို့ထုတ်ပြန်တာထက် ပိုပြီး ပြင်းထန်လှလေ့ရှိပါတယ်။ နောက်ထက်မုန်တိုင်းတွေ ကျနော်တို့ရွှေပြည်ကြီးကို အလယ်မလာစေချင်တော့ပါဘူးဗျာ။

နောက်… ရာသီဥတုက အရမ်းပူလာပီနော်။ မနှစ်ကလို အပူချိန် အရမ်းမြင့်မားလာမှာကို တွေးပြီး ကြောက်လှတယ်ဗျာ။ မနှစ်ကဆိုရင် အပူချိန်ကြောင့် မြန်မာနိုင်ငံအနှံအပြား အထူးသဖြင့် အပူပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ မန္တလေး၊ မြင်းခြံ၊ မကွေး၊ ချောက် စတဲ့မြို့တွေမှာ သေလိုက်ကြတဲ့လူတွေ သောက်သောက်လဲဆိုပဲဗျ။ မန္တလေးမှာ ဆိုရင် မီးသဂြိုလ်စက်တောင် မနိုင်တော့တဲ့အနေအထား ရောက်သွားရောတဲ့။ အဲဒါတွေကို တွေးပြီး မခံစားချင်ဘူးဗျာ။

ဟုတ်ကဲ့….

ဒီလို ရာသီဥတုတွေ ဖောက်ပြန်နေတာ ဘယ်သူ့အပြစ်ပါလဲ?

ကျနော်တို့ လူသားတွေအရဲ့  အပြစ်တွေပဲပေါ့။ သဘာဝတရားက လူသားတွေရဲ့ အပြစ်ကို ဒါဏ်ခတ်နေတယ်လို့ ဆိုရမှာပေါ့နော်။ စည်းမရှိ ကမ်းမရှိ သစ်ပင်တွေခုတ်လှဲ၊ သယံဇာတတွေ အလွန်အကျွန်ထုတ်ယူ၊ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ အများအပြားထုတ်လွှတ်၊ …………. အို အများကြီးပဲ လုပ်ခဲ့ကြတာ။

စည်းကမ်းမရှိတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဝိသမာလောဘသားတွေ ဘယ်လောက်များပါစေ ကျနော်တို့ ခင်များတို့ တတ်နိုင်သလောက်လေး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးကြရအောင်လားဗျာ….

အုတ်တစ်ချပ်…. သဲတစ်ပွင့်ပဲ ဖြစ်ဖြစ်ပေါ့နော်…..