ရှမ်းပြည်နယ်တွင်း နောက်ဆက်တွဲ ငလျင်များလှုပ်ခတ်

မြန်မာ၊ ထိုင်းနဲ့လာအိုနိုင်ငံဆုံရာ ရွှေတြိဂံဒေသမှာဗဟိုပြုပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ရာနဲ့ချီရှိခဲ့ပြီး လူနေအိမ်၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေ အပါအဝင် အဆောက်အဦး အများအပြား ပျက်စီးခဲ့ရပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေတာရှိသလို အပျက်အစီး၊ အသေအပျောက် တိုးလာနိုင်ဖွယ်လည်း ရှိနေပါတယ်။ နောက်ဆုံး အခြေအနေသိရအောင် ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ရွှေတြိဂံဒေသမှာဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ရ လောက် ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာ ၂ ရက် ကြာခဲ့ပြီးတဲ့နောက် အသေအပျောက်နဲ့ အပျက်အစီး အများဆုံးရှိခဲ့တဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းက ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရသေးပေမဲ့ ဒေသခံတချို့ရဲ့ ပြောဆိုချက်အရတော့ အခုနောက်ဆုံး သေဆုံးသူဟာ ၁၃ဝ ကျော်သွားပြီဖြစ်ပါတယ်။ မြန်မာစစ်အစိုးရသတင်းတွေမှာ နောက်ဆုံးဖော်ပြထားတာကတော့ သေဆုံးသူ ၆၅ ဦးနဲ့ ဒဏ်ရာရသူ ၁၁၁ ဦးရှိပြီး လူနေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံး အဆောက်အဦး ၉ ခုအပါအဝင် လမ်း၊ တံတားတချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညပိုင်းက အင်အားပြင်းငလျင် ၂ ကြိမ်လှုပ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ငလျင်တွေလည်း မကြာခဏဆိုသလို လှုပ်ခတ်နေတုန်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ကျမတို့ အခုအသံမလွှင့်ခင်လေးတင် မြန်မာစံတော်ချိန် မနက် ၅ နာရီခန့်မှာပဲ တာချီလိတ်မြို့မှာ ပြင်းအားအဆင့် ၅ လောက်ရှိတဲ့ငလျင်ငယ်တခု ထပ်မံ လှုပ်ခတ်သွားတယ်လို့ အမေရိကန်ဘူမိဗေဒနဲ့ မြေငလျင် တိုင်းတာရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တာချီလိတ်မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“မနက် ၅ နာရီ ၁ဝ မိနစ်လောက်က လှုပ်သွားတယ်။ ကျနော် အိပ်ယာကအထပဲ။ ဟိုတနေ့ ၈ နာရီခွဲ လောက်က လှုပ်တဲ့ဟာလောက် မပြင်းဘူးလေ။ နည်းနည်းတော့ခါသွားတာပေါ့။ ကြောက်နေကြတာပေါ့ဗျာ။ မနေ့ကဆိုလည်း ဈေးတွေ၊ ဆိုင်တွေတောင် မဖွင့်ဘူး။ စိုးရိမ်နေကြတာပေါ့။ ဘယ်လောက်များ ပြင်းပြင်းထန်ထန်ကြီး ထပ်လာဦးမယ်။ ဘယ်လိုကြီးဖြစ်လာဦးမလဲ၊ ဘယ်သူကမှ ဘာမှမသိနိုင်တဲ့ ကိစ္စကြီးကိုး။ မနေ့ကတုန်းကတော့ ရပ်ကွက်ကလာပြောတာပေါ့။ နောက်ဆက်တွဲ ငလျင်လေးတွေလာမယ်။ သတိထားနေကြပေါ့။ အဆောက်အဦးအကြီးကြီးတွေ ဘာတွေရဲ့အောက်မှာ မနေကြနဲ့ပေ့ါ။ ကွင်းပြင်တို့ ကွက်လပ်တို့မှာ နေကြပေါ့။ အခု တာချီလိတ်မြို့မှာက ဘောလုံးကွင်းဆိုတဲ့ ရှမ်းရိုးမကွင်းထဲမှာ အဲဒီတရားပွဲကလည်း ရှိနေတာကိုး။ တရားပွဲရှိတော့ လူတွေက အဲဒီတရားလည်းနာရင်း အဲဒီမှာ တဲလေးတွေ သေးသေးလေးတွေ၊ မိသားစုတဲလေးတွေ ထိုးပြီးတော့ အဲဒီမှာနေကြတာများပါတယ်။”

တကယ်တမ်းတော့ တာချီလိတ်မြို့ဟာ ငလျင်ဒဏ်အပြင်းအထန် ခံရတဲ့နေရာမဟုတ်ပါဘူး။ အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံးဟာ တာချီလိတ်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃ဝ အကွာလောက်မှာရှိတဲ့ တာလေနဲ့ မိုင်းလင်းကျေးရွာတွေမှာ ဖြစ်ပါတယ်။

“အဆိုးရွားဆုံးနေရာဖြစ်တဲ့ ကျနော်တို့နဲ့ မိုင် ၃ဝ လောက်ဝေးတဲ့ တာလေ တိုက်နယ်ဆေးရုံလေးက ပြိုကျသွားတဲ့အခါကျတော့ ဒီမြို့နယ်ဆေးရုံကို လာတက်ကြတဲ့သူတွေရှိပါတယ်။ တာချီလိတ်မှာ။ တာလေနားက တံတားကြီးက ၅ ပေလောက် နိမ့်ဝင်သွားတယ်လို့ပြောတယ်။ တာလေနားမှာ မြို့အဝင် တံတားကြီးတခုရှိတယ်လေ၊ အဲဒါကြီးက တဖက်က နိမ့်ဝင်သွားတယ်လို့ပြောတာပဲ။ ကားကြီးတွေတော့ သွားမရဘူး။ စက်ဘီးနဲ့ ဆိုင်ကယ်နဲ့ ကားသေးသေးလေးတွေပဲ သွားရတယ်လို့ပြောတယ်။ သူတို့လည်း အားချင်း ပြင်တော့ပြင်နေတယ်လို့ ပြောကြတာပဲ။”

နောက်ထပ် ငလျင်ကြီးတွေ လှုပ်ခတ်လာမှာကိုစိုးရိမ်တဲ့အတွက် တာချီလိတ်မြို့ခံတွေကတော့ နေအိမ်တွေမှာ မနေကြတော့ဘဲ ကွင်းပြင်တွေမှာ ထွက်ပြီးနေကြတယ်လို့လည်း ဒေသခံက ပြောပြပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ထိုင်း၊ တရုတ်နဲ့ ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့တော်တို့အထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းက မြို့နယ်ပေါင်း ၂၃ မြို့မှာ လူနေအိမ် ၅ ထောင်ကျော် ပျက်စီးခဲ့သလို လူပေါင်း ၆၅၀ဝ ကျော် ထိခိုက်ခဲ့ရတယ်လို့ တရုတ်တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုကားပြီး တရုတ်ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာလည်း အပျက်အစီးတွေရှိခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အပျက်အစီး အသေအပျောက် အများဆုံးရှိခဲ့တယ်ဆိုပေမဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို သိရဖို့ကတော့ ခက်ခဲနေတုန်းဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ သူတို့ရဲ့ဝန်ထမ်းတွေကို စေလွှတ်ထားပြီး ဒီအဖွဲ့တွေ အပါအဝင် ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေ အနေနဲ့ ငလျင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ စတင်လုပ်ဆောင်ပေးနေပြီလို့ ကုလသမဂ္ဂက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ငလျင်ဒဏ်သင့်ဒေသမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့တွေရဲ့ ကနဦး လေ့လာတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံတွင်းက ငလျင်ဒဏ် အဆိုးရွားဆုံးသင့်ခဲ့တဲ့ဒေသမှာ အနည်းဆုံး အိမ်ခြေ ၄၀ဝ နဲ့ ဆေးရုံတခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ညဦးပိုင်းက အင်အားကြီးငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ် ၆ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သလို ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

အခု အင်အားပြင်း မြေငလျင် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး အထုတ်လုပ်ဆုံးနေရာတခုပဲ ဖြစ်ပါတယ်။ အခုငလျင်ကြောင့် မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ လမ်း၊ တံတားတွေနဲ့ ဆက်သွယ်ရေးတွေ ထိခိုက်ပျက်စီးခဲ့တာကြောင့် မူးယစ်ဆေး ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေနဲ့ ရောင်းဝယ်ဖောင်ကားမှု လုပ်ငန်းတွေမှာ ထိခိုက်ကောင်းထိခိုက်သွားနိုင်တယ် လို့ Christian Science Monitor သတင်းမှာ ဖော်ပြထားပါတယ်။

By မခင်ဖြူထွေး  သောကြာ, 25 မတ် 2011…….ကူးယူဖေါ်ပြပါသည်