သင်္ကြန်ဗုံးပေါက်ကွဲဒဏ်ခံရသူများအား သွေးလှူဒါန်းလိုသူများပြားခဲ့ သွေးသိုလှောင်နိုင်မှုအခက်အခဲကြောင့် သွေးအိတ် ၁၀၀ဝသာလက်ခံခဲ့

klnApril 28, 20101min491

မဟာသင်္ကြန်အကြတ်နေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူနာများအတွက် သွေးလှူဒါန်းလိုသူများ များပြားခဲ့သော်လည်း သွေးအိတ်ပေါင်း ၁၀၀ဝသာ လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သွေးလှူဒါန်းရန် ဖုန်း Message များ ဝင်ရောက်လာရာတွင် မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရားထက်သန်မှုကြောင့် လာရောက်လှူဒါန်းသူများ အလွန်များပြားလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ သိရသည်။ သွေးလှူဒါန်းလိုသူများ များပြားခဲ့သော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် သွေးအိတ်ပေါင်း ၁၀၀ဝသာ သိုလှောင်နိုင်သောကြောင့် သွေးလှူဒါန်းလိုသူများကို ထပ်မံလက်မခံတော့ကြောင်း သိရသည်။ “ဒီမှာ သွေးအိတ်ပေါင်း ၁၀၀ဝပဲသိုလှောင်နိုင်တယ်။ ၁၀၀ဝကျော်သိုလှောင်လိုက်ရင် သတ်မှတ်ထားတဲ့အအေးနှုန်းမရတော့ဘူး။ အဲဒီလိုသွေးကို လူနာတွေကိုသွင်းလိုက်ရင်အဖျားတက်တယ်။ လူနာအတွက် အန္တရာယ်ရှိတယ်။ သွေးအိတ်ကလည်း ၃၅ရက်ပဲထားလို့ရတယ်။ လာလှူတဲ့သူတွေရဲ့သွေးကို မလိုအပ်ဘဲယူထားပြီး မသုံးဖြစ်ရင် အဲဒီသွေးတွေကို စွန့်ပစ်ရမှာ။ အဲဒါကြောင့် လက်မခံတာပါ” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဒေါ်သီတာအောင်က ပြောကြားခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနမှ ဧပြီ ၁၅ရက်မှ ၁၈ရက်ထိ ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာများမှ သွေးလိုအပ်သောလူနာ ၃၄ဦးအား သွေးအိတ်ပေါင်း ၆၂အိတ်အား အခမဲ့ကူညီမှုပေးခဲ့သည်။ www.khitlunge.org.mm

One comment

  • susunosuki

    April 28, 2010 at 6:11 am

    လှူဒါန်းတာတွေကတော့ အားရစရာပါပဲ
    ငွေကြေးမတတ်နိုင်လည်း စေတနာကောင်းတဲ့ လူမျိုး အဖြစ် ဂုဏ်ယူရတယ်

Leave a Reply