ကဆုန်လပြည့် ဗုဒ္ဓနေ့…

lu ta loneApril 28, 20101min1004

ကဆုန်လပြည့် ဗုဒ္ဓနေ့

သန္ဓေယူခါ၊ ဆယ်လကြာသော်
မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်
ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌
မဟီလှိုက်ဆူ၊ ဖွားတော်မူသည်
နတ်လူအောင်မြို့ လမ်းပါကို။

(ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုး၊ လယ်တီဆရာတော်ဘုရားကြီး)

+++++

မဟာသက္ကရာဇ် ၆၈ ခု
ဥတုဂိမှာန ကဆုန်လပြည့် သောကြာနေ့
ဤနေ့ နံနက်အခါ၌ ကပိလဝတ်ပြည်နှင့် ဒေဝဒဟပြည်တို့ကြားတွင် ရှိသော လုမ္ဗိနီ အမည်ရှိသည့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်သည် အမြစ်ရင်းမှ အခက်ဖျားတိုင်အောင် အလုံးစုံ တစ်ခဲနက် ပင်လုံးကျွတ် ပွင့်ခြင်းသို့ ရောက်၏။
နတ်တို့၏ နန္ဒဝန်ဥယျာဉ်နှင့် အသွင်တူ၏။
အရွယ်နုပျို လူထိုထို၏ စိတ်ကို ဖောက်ပြား ချောက်ချား တုန်လှုပ်စေနိုင်သော၊
ပန်းမျိုးစုံ ပန်ဆင်၊ ပုတီးနားဍောင်းတို့ ဆင်ယင်၊ သွယ်ပျောင်းသော ကိုယ်အင်္ဂါအစိတ်အပိုင်း ကြီးငယ်ကို ဆန်းပြားစုံလင် ဆင်ယင်ထားသော မိန်းမပျိုတစ်ဦးနှယ် အထူးတင့်တယ်၏။

ဆယ်လတို့ပတ်လုံး ဘုရားလောင်းကို ချီပိုးရွက်ဆောင်၍ ကိုယ်ဝန်ရင့်ကာ သားဖွားရန် နီးလတ်သောအချိန်၌ မိဘဆွေမျိုးတို့ရှိရာ ဒေဝဒဟပြည်သို့ ကြွလှမ်းလာသော မဟာမာယာဒေဝီမိဖုရားကြီးသည် မင်္ဂလာအင်ကြင်းတောသို့ ရောက်သော် ပန်းအတိ တန်းဆာဆင်အပ်သော အင်ကြင်းပင်၏အခက်ကို လက်ဖြင့် လှမ်းယူလိုခြင်း ဖြစ်လာတော့၏။

မဟာမာယာဒေဝီမိဖုရားကြီး ရွှေချည်ထဘီကို ဝတ်၍ ငါးကြင်းမျက်စိနှင့်တူသော အကွက်တို့ဖြင့် ဆန်းကြယ်သော အပေါ်ရုံဘွဲ့ဖြူလွှာကို ခြေဖျားတိုင်အောင် ဝတ်ရုံဆင်မြန်းလျက် မင်္ဂလာအင်ကြင်းခက်ကို ယာလက်တော်ဖြင့် ကိုင်ဆွဲကာ လွန်ကဲသော တင့်တယ်ခြင်းဖြင့် တင့်တယ်စွာ ရပ်သောခဏ၌ မဟာမာယာဒေဝီ၏ ဘုရားအလောင်းတော်ကို ဖွားမြင်ကြောင်း ကမ္မဇလေတို့သည် တုန်လှုပ်လာကုန်၏။

ထိုအခါ ကိုယ်လုပ်မောင်းမ မှူးမတ်စသော လူအပေါင်းတို့သည် မဟာမာယာဒေဝီအတွက် တင်းတိမ်ကန့်လန့်ကာတို့ဖြင့် ပတ်ကာ ဝန်းရံကြကုန်ပြီးလျှင် ထိုအပါးမှ ဖယ်ရှား ဆုတ်ခွာကြကုန်လေသည်။

မဟာမာယာဒေဝီမိဖုရားကြီးသည် အင်ကြင်းခက်ကို ကိုင်၍ ရပ်လျက်လျှင် သားတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူလေ၏။
ကိလေသာမှ အထူးစင်ကြယ်ကုန်သော သုဒ္ဓါဝါသဗြဟ္မာကြီး လေးဦးတို့က ရွှေကွန်ရက်ဖြင့် ဘုရားလောင်းကို ခံယူ၍ မယ်တော်၏ ရှေ့မှာ ထားကာ “အရှင်မိဖုရား၊ နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်ပါလော့။ ရှင်မိဖုရားအား ဘုန်းတန်ခိုး အာနုဘော် ကြီးမြတ်သော သားတော် ဖြစ်ပေါ် ဖွားမြောက်ခဲ့လေပြီ”ဟု ပြောဆိုကြကုန်၏။

ထိုနောက် စတုမဟာရာဇ် နတ်မင်းကြီး လေးဦးတို့က မင်္ဂလာရှိသည်ဟူ၍ သမုတ်ပညတ် ခေါ်ဝေါ်အပ်သော သစ်နက်ရေဖြင့် သားတော်ကို ခံယူကြကုန်၏။

တဖန် ထိုနတ်မင်းကြီး လေးဦးတို့၏ လက်မှ လူတို့သည် ဘွဲ့ဖြူပုဆိုးဖြင့် သားတော်ကို ခံယူကြကုန်၏။

ဘုရားအလောင်းတော်သည် လူတို့၏ လက်မှ မြေကြီး၌ တည်၍ အရပ်ဆယ်မျက်နှာတို့ကို ကြည့်ရှုသော် ကိုယ်တော်မြတ်နှင့်တူသောသူ တစ်စုံတစ်ယောက်မျှ မြင်တော်မမူသောကြောင့် ရပ်တည်တော်မူရာအရပ်မှ မြောက်အရပ်သို့ မျက်နှာတူရူ ခုနစ်ဖဝါး လှမ်းကြွတော်မူ၏။

ခုနစ်ခုမြောက်သော ဖဝါးအလှမ်း၌ ရပ်တန့်တော်မူလျက် –

“အဂ္ဂေါဟမသိ္မ လောကဿ (ငါသည် လူသုံးပါးထက် မြတ်သူ ဖြစ်၏။)
ဇေဋ္ဌောဟမသ္မိ လောကဿ (ငါသည် လူသုံးပါးထက် ကြီးကဲသူ ဖြစ်၏။)
သေဋ္ဌောဟမသ္မိ လောကဿ (ငါသည် လူသုံးပါးထက် ချီးမွမ်းအပ်သူ ဖြစ်၏။)
အယမန္တိမာ ဇာတိ (ဤယခု ပဋိသန္ဓေတည်နေရခြင်းကား ငါ့အဖို့ရာ နောက်ဆုံးပဋိသန္ဓေ တည်နေရခြင်း ဖြစ်၏။)
နတ္ထိဒါနိ ပုနဗ႓ဝေါ (ယခုအခါ၌ ငါ့အဖို့ရာ တဖန် ဘဝသစ်ဖြစ်ရခြင်း မရှိတော့ပြီ။)”
ဟူ၍ လောကဓာတ် စကြဝဠာတိုက်ပေါင်း တစ်သောင်းလုံးကို ကိုယ်တော်မြတ်၏ အသံတော်ဖြင့် တစ်ပြိုင်နက်တည်း ကြားလွှံ့စေ၍ ရဲရဲတောက်စကားကို ကြုံးဝါးကျူးရင့်တော်မူ၏။
အလုံးစုံသော ဗြဟ္မာ နတ် လူတို့သည် ကောင်းကြီးပေးကြရကုန်၏။

ဘုရားအလောင်းတော်မြတ် ဖွားကာစ စကားဆိုဖူးသည်မှာ သုံးဘဝ ရှိ၏။

မဟောသဓာဘုရားလောင်း ဖွားမြင်သော် ထိုဘုရားလောင်း၏ လက်၌ သိကြားမင်း လာ၍ ထားအပ်သော စန္ဒကူးနှစ်ကို မိခင်သူဌေးကတော်ကြီး မြင်၍ “ချစ်သား၊ သင်ချစ်သားသည် အဘယ်ဝတ္ထုကို ယူ၍ လာသနည်း”ဟု မေးလေရာ “မိခင်၊ ဆေးပါတည်း”ဟု ဆို၏။

ဝေဿန္တရာမင်းအဖြစ် မယ်တော်ဖုဿတီမိဖုရားဝမ်းမှ ဖွားမြင်ကာစ၌ လက်ယာလက်ကို ဆန့်တန်း၍ “မယ်တော်မိခင် ရွှေနန်းရှင်၊ ရွှေနန်းတော်၌ တစ်စုံတစ်ခုသော ဥစ္စာသည် ရှိပါ၏လော။ အလှူကို လှူပါအံ့”ဟု ဆို၏။ ထိုအခါ မယ်တော်မိဖုရားကြီးက “ချစ်သား၊ သင်ချစ်သားသည် ဥစ္စာရှိသော အမျိုး၌ ဖြစ်၏”ဟု ဆို၍ သားတော်၏ လက်ကို မိမိ၏လက်ဖဝါးအပြင်၌ တင်သည်ကို ပြု၍ ဥစ္စာတစ်ထောင်ထုပ်ကို ထားပေ၏။

+++++
စာညွှန်း
မဟာဗုဒ္ဓဝင်ဝတ္ထုတော်ကြီး-ပဌမငါးခုန်ဆရာတော်ဘုရားကြီး
မဟာဗုဒ္ဓဝင်-မင်းကွန်းဆရာတော်ဘုရားကြီး
ဂမ႓ီရကဗျာကျမ်း-လယ်တီဆရာတော်ဘုရားကြီး
တို့မှ ယူ၍ ကြည်ညိုပူဇော်၏။

From: lokachantha

4 comments

  • susunosuki

    April 28, 2010 at 6:18 am

    ဗုဒ္ဓရဲ့မွေးနေ့မှာ ညောင်ပင်ကိုရေးလောင်းရတာပျော်စရာလည်းကောင်းတယ်
    ကုသိုလ်လည်းရတယ်

  • xxx

    April 28, 2010 at 7:07 am

    ဗုဒ္ဓရဲ့မွေးနေ့မှာ ညောင်ပင်ကိုရေးလောင်းရတာကုသိုလ်လည်းရတယ်

  • xxx

    April 28, 2010 at 7:09 am

    ကဆုန်လပြည့် ဗုဒ္ဓနေ့ညောင်ပင်ကိုရေးလောင်းရတယ်…

  • busybeez

    April 30, 2010 at 5:54 pm

    ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ဟာဗောဓိညောင်ပင်မှာ ညောင်ရေသွန်းလောင်းကုသိုလ်ပြုခဲ့တာတွေကို ပြန်လည်လွမ်းဆွတ်မိပါတယ်။
    ” ပန်းရောင်အသင်းပါ “

Leave a Reply