ရတနာ (၄) နိဂုံး

ashinindakaMarch 30, 20111min800

ဘုရားရှင်ပြောတဲ့ နံပါတ် (၅) ခုမြောက်ဖြစ်တဲ့
နောက်ဆုံး ရခဲတဲ့အရာကတော့
ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးသိပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့ပုဂ္ဂိုလ်ကိုလည်း
လောကကြီးထဲမှာ တွေ့ရခဲတယ်တဲ့။
သားသမီးဘက်ကကြည့်မယ်ဆိုရင် မိဘတွေဟာ
အင်မတန်ကျေးဇူးကြီးမားတာဘဲ။
ဒီလိုကျေးဇူးကြီးမားတဲ့ မိဘတွေကို ကျေးဇူးသိပြီး
ကျေးဇူးပြန်ဆပ်တတ်တဲ့သားသမီးမျိုး တွေ့ရခဲတယ်။
အထက်တစ်နေရာက ပြောခဲ့တဲ့
ရခဲမှ ရတနာ၊ သိခဲမှ ပညာဆိုတဲ့ မြန်မာစကားအတိုင်း
မိဘတွေကို ကျေးဇူးသိတတ်တဲ့ သားသမီးမျိုးက တကယ့်ကို ရခဲတာ။
ကျေးဇူးသိတတ်တဲ့သားသမီးမျိုးက ရခဲလို့
ရခဲတဲ့ ရတနာဆိုတဲ့စကားနဲ့ တွဲစပ်ပြီး
သားရတနာ သမီးရတနာလို့ ခေါ်ရမှာပါ။
သားသမီးငါးယောက်ရှိတဲ့ မိဘတွေအတွက်
မိဘကို ပြန်လည်စောင့်ရှောက်တဲ့၊ မိဘကို ပြန်လည်ထောက်ပံ့တဲ့
မိဘကို ပြန်လည်ကျေးဇူးပြုတတ်တဲ့ သား သို့မဟုတ် သမီးကို
သားရတနာ သမီးရတနာလို့ ခေါ်ရမယ်။
မိဘကို ပြန်လည်မစောင့်ရှောက်၊ မထောက်ပံ့၊
မိဘကျေးဇူးမသိ ကျေးဇူးမတုန့်ပြန်တဲ့ သား သို့မဟုတ် သမီးမျိုးကို
မိဘတွေက မွေးထုတ်လိုက်တဲ့အတွက်
သား လို့ပဲ ခေါ်ရမယ်၊ သမီးလို့ပဲ ခေါ်ရပါမယ်။
သူတို့ဟာ သားရတနာ မဟုတ်ကြဘူး။ သမီးရတနာ မဟုတ်ကြဘူး။
ကျေးဇူးဆိုတဲ့စကားနဲ့စပ်လို့
သားသမီးများအနေနဲ့ မိဘတွေကို ကျေးဇူးဆပ်ဖို့
အကောင်းဆုံးနည်းလမ်းတွေကို ဘုရားရှင် ညွှန်ပြထားပါတယ်။
ဘုရားရှင် အလိုကျ
သားသမီးများအနေနဲ့ မိဘတွေကို
အကောင်းဆုံး ကျေးဇူးဆပ်နည်းတွေကတော့
(၁) အဿဒ္ဓေ သဒ္ဓါသမ္ပဒါယ သမာဒပေတိ –
ဘာသာရေး မကိုင်းရှိုင်းတဲ့ မိခင်ဖခင်တွေကို ဘာသာရေးကိုင်းရှိုင်းလာအောင်
ပြုမူဆောင်ရွက်ပေးပါ တဲ့။
(၂) ဒုဿီလေ သီလသမ္ပဒါယ သမာဒပေတိ –
သီလမရှိတဲ့ သီလမဆောက်တည်နိုင်တဲ့ မိခင် ဖခင်တွေကို
သီလရှိလာအောင် သီလဆောက်တည်နိုင်လာအောင်
သီလ ဆောက်တည်ချင်လာအောင် ပြုမူဆောက်ရွက်ပေးပါတဲ့။
(၃) မစ္ဆရီ စာဂသမ္ပဒါယ သမာဒပေတိ –
နှမျှောတွန့်တိုပြီး ဒါနမျိုးစေ့မချချင်တဲ့ မိခင်ဖခင်တွေကို
ဒါနအမှုပြုချင်လာအောင် တိုက်တွန်းပေးပါ တဲ့။
(၄) ဒုပ္ပညေ ပညာသမ္ပဒါယ သမာဒပေတိ –
(ဒီမှာ ပညာကို ဝိပဿနာပညာ ကို ယူလိုက်မယ်၊ ဆိုတော့
ဝိပဿနာပညာမရသေးတဲ့ မိခင်ဖခင်တွေကို ဝိပဿနာပညာတွေ ရလာအောင်
ပြုမူဆောင်ရွက်ပေးပါတဲ့။
ဒါကို အဖြောင့် ထင်သာမြင်သာအောင် ဘာသာပြန်ပြပေးရရင်
တရားမထိုင်ချင်တဲ့ မိခင်ဖခင်တွေကို
တရားထိုင်ချင်စိတ်ဖြစ်ပေါ်လာအောင် ပြုမူဆောင်ရွက်ပေးပါတဲ့။
ဘုရားရှင်က ဒီလေးမျိုးကို မိဘတွေ ကျင့်သုံးချင်လာအောင်
ကျင့်သုံးလာအောင် သားသမီးတွေအနေနဲ့
ပြုလုပ်ပေးသင့်တယ်၊ ပြုလုပ်ပေးရမယ်တဲ့။
ဒါဟာ မိဘတွေကို အကောင်းဆုံး ကျေးဇူးဆပ်နည်းနဲ့ ကျေးဇူးဆပ်တာပါတဲ့။
ဘုရားရှင်ညွှန်ပြခဲ့တဲ့ ဒီတရား ၄ ပါးကို စဉ်းစားကြည့်လိုက်ရင်
အတိတ်ကံတစ်ခုခုကြောင့် ဒီဘဝမှာ ဆုံးစည်းလို့ မိသားစုတစ်စုတည်းမှာ
အတူတူလူလာဖြစ်တဲ့သူတွေအနေနဲ့
နိဗ္ဗာန်မရမီ သံသရာခရီးလျှောက်လှမ်းရာမှာ
အဆင့်မြင့်မြင့်လျှောက်လှမ်းရဘို့ ဒီတရားလေးပါးကို ကျင့်သုံးအောင်
အချင်းချင်း တိုက်တွန်းကြဘို့ပါဘဲ။
ဒီတရားလေးပါးကို မိသားစုအချင်းချင်း ကျင့်သုံးစေတာဟာ
သံသရာခရီးလျှောက်လှမ်းရာမှာ အဆင့်မြင့်မြင့် လျှောက်လှမ်းနိုင်ဘို့အရေး
လက်တွဲ ခေါ်ရာလည်း ရောက်ပါတယ်။
သံသရာခရီးအတွက် ဖေးမကူညီရလည်း ရောက်ပါတယ်။
ဒါ့ကြောင့် ဒီတရားလေးပါး မကျင့်သုံးချင်တဲ့ မကျင့်သုံးနိုင်တဲ့
မိဘတွေကို ကျင့်သုံးစေတာဟာ ဒီဘဝကောင်းစားရေးအတွက်သာမဟုတ်ပဲ
သံသရာခရီးကောင်းစားရေးအတွက်ပါဖြစ်လို့
အကောင်းဆုံးကျေးဇူးဆပ်နည်းလို့ ဘုရားရှင်ဟောခဲ့တာနေမှာလို့ စဉ်းစားမိပါတယ်။
ဆိုတော့ကား
မိဘတွေကိုသာမဟုတ်၊
နီးစပ်ရာ ညီ အစ်ကို၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတို့ကိုလည်း
ဒီတရားလေးမျိုးကို ကျင့်သုံးချင်လာအောင် တိုက်တွန်းသင့်ပါကြောင်း။

ဒီရတနာ (၁) (၂) (၃) (၄) တို့ကို
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ၊ သာရန္ဒဒသုတ်ကို ကိုယ်ထည်ယူကာ
ဥပရိပဏ္ဏာသပါဠိ၊ စူဠကမ္မဝိဘင်္ဂသုတ်
အင်္ဂုတ္တိုရ်၊ ဒုကနိပါတ၊ သမစိတ္တဝဂ် ၊ ပိုဒ်ရေ ၃၄ တို့နဲ့ ထုံမွှမ်းပြီး
ကိုယ်ပိုင်စဉ်းစားဟန်တို့ဖြင့် ရောသမမွှေထားပါသည်။