Ashinindaka သို့ လျှောက်ထားလွှာ (1)

researcherMarch 30, 20111min874

အရှင်ဘုရားရဲ့ ဘုန်းကြီး၊ ငွေ၊ နိဗ္ဗာန်၊ ကား ဆိုတဲ့ Post ကိုဖတ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ဆန္ဒကို ဖွင့်ပြောချင်လို့ ဒီ Post ကို တင်လိုက်တာပါ။ တပည့်တော် ဗုဒ္ဓဘာသာဝင် တယောက်ပါ။ ဗုဒ္ဓဘာသာ တိုင်းပြည်မှာနေ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလာလို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်နေတယ် ဆိုပေမယ့် တပည့် တော်က ဘာသာတရားနဲ့ပတ်သက်ရင် တချို့ကိစ္စတွေကို ကိုယ့်ဉာဏ်မီ သလောက် ကိုယ် စဉ်းစားပြီး လက်ခံပါတယ်။ ဒါဟာလဲ မြတ်စွာဘုရားက ကာလာမ မင်းတွေကို ဆုံးမတဲ့ စကားတွေကို သဘောကျလို့ပါ။ ကျမ်းဂန်က ဒီလိုဆိုတယ် ဆိုပြီးလဲလက်မခံဖို့၊ ကိုယ့်ဆရာသမားတွေက ဒီလိုဆိုတယ်ဆိုပြီးလဲ လက်မခံဖို့ ၊ ကိုယ့်မိဘ၊ ဘိုးဘွား တွေ လက်ထက်ကတည်းက ဒီလိုပဲဆိုပြီးလဲ လက်မခံဖို့၊ ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစား ပြီး လက်ခံဖို့ ပြောကြားခဲ့တာကို သိပ်သဘောကျပါတယ်။ တပည့်တော်ရေးတာတွေက မြတ်စွာဘုရားဟောတဲ့ အတိုင်းတိတိကျကျ ဖြစ်ချင်မှဖြစ်ပါမယ်။ ဒါပေမယ့် တပည့် တော် အနှစ်ချုပ်နားလည်တာကတော့ ဒီအတိုင်းပါပဲ။ နောက် မြတ်စွာဘုရားရဲ့ အလယ် အလတ်လမ်းစဉ် (မစ္ဈိမ ပဋိပဋာနည်း) ကိုလဲ သဘောကျပါတယ်။ သစ္စာ လေးပါး တရား ဆိုတာကိုလဲ အမှန်တရားတွေပဲလို့ လက်ခံပါတယ်။ ဒါပေမယ့် တခါတရံမှာ တော့ ဒုက္ခသစ္စာ ဆိုတာဟာ အဆိုးမြင်ဝါဒ ( Negative Thinking ) များ ဖြစ်နေမလား လို့ သုံးသပ်မိတဲ့ အခါမျိုးလဲရှိပါတယ်။ အကောင်းမြင်ဝါဒ ( Positive Thinking ) နဲ့ ကြည့်မယ် ဆိုရင်တော့ လောကကြီးက တမျိုး ဖြစ်ချင်ဖြစ်သွားမှာပေါ့လေ။ လောကီမှာ ပျော်မွေ့နေသူတွေ ပြောလေ့ပြောထရှိတဲ့ စကားလေးတခွန်း လိုပါပဲ။ …..“လောကကြီး က နေတတ်ရင် ကျေနပ်စရာပါ” ….. တဲ့။

ထားလိုက်ပါတော့….။ ဆိုလိုရင်းက တပည့်တော်သည် ဗုဒ္ဓဘာသာကို မိရိုးဖလာ ဆိုတာထက် ဗုဒ္ဓမြတ်စွာရဲ့ လောကီမှ လွတ်မြောက်ခြင်းတရား ဆိုတဲ့ အတွေးအခေါ် အယူအဆ ကျင့်ကြံအားထုတ်မှု နဲ့ နည်းလမ်းတွေကို မိမိကိုယ်တိုင် ယုံကြည်သက်ဝင် သဘောကျလို့ ဘာသာတရားအဖြစ်နဲ့ ကိုးကွယ်သူပါ။ ဗုဒ္ဓမြတ်စွာရဲ့ ကိလေသာတွေ ကင်းစင်တဲ့ သန့်ရှင်းစင်ကြယ်မှုကို ကြည်ညိုတဲ့အတွက် ဗုဒ္ဓမြတ်စွာကို ရှိခိုးပါတယ်။ ဦးချပါ တယ်။ ကိုယ်တိုင်ကတော့ လောကီကို စွန့်လွှတ်ချင်တဲ့ ဆန္ဒ ပြင်းပြင်းပြပြ မရှိ သေးလို့ ကျင့်ကြံ၊ အားထုတ်မှု မပြုပေမယ့် ဗုဒ္ဓရဲ့ လမ်းစဉ်ကို အင်မတန် ကြိုက် နှစ်သက်ပါတယ်။ လောကီမှာ ကျင်လည်နေသ၍လည်း ကာလာမ မင်းတွေကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့အတိုင်း ပြုမူကျင့်ကြံပါတယ်။ မြတ်စွာဘုရားရဲ့ ဆိုဆုံးမမှုတွေထဲက တပည့်တော် အကြိုက်ဆုံးပါပဲ။ အခြားသော ဗုဒ္ဓဘာသာဝင်တွေလဲ တပည့်တော်လိုပဲ မြတ်စွာဘုရားရဲ့ အထူးထူးသော ဂုဏ်တော်တွေကို ရည်မှန်းလို့သာလျှင် ရှိခိုး၊ ဦးချ ကြတယ်၊ ဘာသာတရား အဖြစ် ကိုးကွယ်ကြတယ်လို့ ထင်ပါ တယ်။

အရှင်ဘုရားရဲ့ Post ထဲမှာ ရဟန်းသံဃာတော်တွေကို နိဗ္ဗာန်ရှေးရှုတဲ့ ရဟန်း ၊သံဃာ တော်တွေနဲ့ ၊ ပရဟိတ အကျိုးဆောင်ရွက်တော်မူနေတဲ့ ရဟန်း သံဃာတော်တွေ ဆိုပြီး ခွဲခြားမြင်ဖို့ ရေးသားထားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရဟန်းသံဃာတော်တွေကို ရှိခိုး၊ ဦးချ ကိုးကွယ်နေကြတာတွေဟာ လောကီမှ လွတ်မြောက်ခြင်းတရား (လောကုတ္တရာ တရား) တွေ ကျင့်ကြံအားထုတ်နေတဲ့ ဗုဒ္ဓရဲ့ သားတော် တွေအဖြစ် လက်ခံသတ်မှတ်လို့ ကိုးကွယ်နေကြတာပါ။ ဒီတော့ ကိုးကွယ် ဆည်းကပ်ခံရတဲ့ ရဟန်း သံဃာတော်တွေအနေနဲ့လည်း ကိုးကွယ်ခြင်း ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်အောင်၊ ရှိခိုး၊ ဦးချ၊ ကန်တော့ခြင်း ဆိုတာတွေခံထိုက်အောင် သီလ၊ သမာဓိ ၊ ပညာတွေ ပြည့်စုံသင့်တယ်လို့ တပည့်တော်ထင်ပါတယ်။ မိမိ ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သီလ၊ သမာဓိ၊ ပညာ တွေနဲ့ပြည့်စုံနေစေချင်တာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ဆန္ဒပါ။ နောက်တခု သာသနာ့ဘောင်ဝင်တယ် ဆိုတာမှာလည်း ရည်ရွယ်ချက်တွေ အမျိုးမျိုးရှိကြတယ် ဆိုပေမယ့် အာဂန္တု ရဟန်းကလွဲလို့ အခြား သော ရဟန်းတွေသည် လောကီကို တကယ်စွန့်ခွါနိုင်မှ ရဟန်းဝတ်သင့်တယ်လို့ တပည့်တော်ထင်ပါတယ်။ ဒါမှသာလျှင် လောကီကိုစွန့်လွှတ်လိုတဲ့ စိတ်ရင်း အခံ ရှိသည့်အတွက် မြတ်စွာဘုရား မျက်မှောက်ပြု၊ ရှေးရှုခဲ့တဲ့ နိဗ္ဗာန် လမ်းစဉ်ကို ကျင့်ကြံ အားထုတ်ခြင်း ဆိုတာတွေ ဖြစ်လာမှာပါ။ လောကီကို အမှန်တကယ် မစွန့်လွှတ်နိုင် လျှင် ရဟန်းမဝတ်သင့်ဟု တပည့်တော် ထင်ပါတယ်။ ဝတ်လိုလျှင်လည်း အာဂန္တုသာ ဝတ်သင့်ပါတယ်။ သာသနာ့ဘောင် မဝင်ပဲလဲ ဗုဒ္ဓရဲ့ အဆုံးအမ တွေလိုက်နာရင်း လူမှုကောင်းကျိုး၊ လောက ကောင်းကျိုးတွေဆောင်ရွက်နိုင်ပါတယ်။ ဒီလိုနည်း ဖြင့်လည်း ဗုဒ္ဓဘာသာရဲ့ မွန်မြတ်သန့်စင်မှုကို ဖေါ်ဆောင်နိုင်ပါတယ်။

ရဟန်း၊ သံဃာတော်တွေအနေနဲ့ ခေတ်တွေ၊ စနစ်တွေ အခြေအနေတွေအရ လောကီကိုစွန့်ခွာဖို့ လူမနီး သူမနီး၊ တောထဲ၊ တောင်ထဲမှာ တရားကျင့်ကြံအားထုတ်မှု မပြုနိုင်ရင်တောင်မှ ဖုန်းတို့၊ ကားတို့၊ သုံးထပ်တိုက် ကျောင်းဆောင်တို့ဆိုတဲ့ လောကစည်းစိမ်တွေအပေါ်မှာ မသိစိတ်နဲ့ပဲဖြစ်ဖြစ်၊ သိစိတ်နဲ့ပဲဖြစ်ဖြစ် မသာယာသင့်ဘူး၊ မတက်မက်သင့်ဘူး လို့ တပည့်တော်ထင်ပါတယ်။ ဒါတွေဟာ လောကီစည်းစိမ်တွေပါ။ တပည့်၊ ဒါယိကာတွေက ကြည်ညိုလို့၊ သဒ္ဒါတရားပွားများပြီး လှုဒါန်းလို့ လက်ခံရတယ်ဆိုရင်တောင်မှ ရဟန်း၊ သံဃာတော်တွေအနေနဲ့ လိုအပ်ချက်ဆိုတာကို နဲနိုင်သမျှ နဲအောင် ရောင့်ရဲနိုင်သင့်တယ်လို့ ထင်ပါတယ်။ လိုအပ်ချက်နည်းအောင် ဆိုတာမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းခြင်းဆိုတဲ့နည်းနဲ့ နဲအောင်ဆောင်ရွက်တာ မဟုတ်ပဲ မလိုအပ်ဘူးဆိုတဲ့နည်းနဲ့ နဲအောင်ဆောင်ရွက်ဖို့ကို တပည့်တော်ဆိုလိုတာပါ။ မြတ်စွာဘုရားရှင်တောင်မှ ဝိသာခါ ကျောင်းအမကြီးတို့ ၊ အနာထပိဏ် သူဌေးတို့ ဆောက်လုပ်လှုဒါန်းတဲ့ ကျောင်းတော်တွေကို လက်ခံပြီး ကျောင်းတော်တွေမှာ သတင်းသုံးခဲ့သေးတာပဲလေ။ ရဟန်း၊ သံဃာတော်တွေ လှုဒါန်းမှုကိုလက်ခံတာ ဘာမျှမဖြစ်ပါဘူး။ ဒါပေမယ့် မြတ်စွာဘုရားက ဒီလှုဒါန်းမှု တွေကို လက်ခံတဲ့ အချိန်မှာ အာသဝေါတရားတွေကုန်ခန်း၊ ကိလေသာတွေကင်းစင်၊ တက်မက်မှုတဏှာတွေ မရှိတော့တဲ့ အချိန်မှာမှ လှုဒါန်းသူတွေ အကျိုးငှာ လက်ခံ ခဲ့တာပါ။ တရားရှာဖို့ထွက်လာတဲ့ အချိန်တုန်းက လက်ရှိစံစားနေရတဲ့ ထီးနန်းစည်းစိမ်၊ ဇနီး၊ သား သံယောဇဉ်တွေ ဖြတ်ပြီး တရားရှာခဲ့တာပါ။ ဒီတော့ မြတ်စွာဘုရားရဲ့ သားတော် အဖြစ်ခံယူထားတဲ့၊ အသိအမှတ်ပြုထားကြတဲ့ ရဟန်း၊ သံဃာတော်တွေ အနေနဲ့လဲ လောကီစည်းစိမ်တွေ စွန့်လွှတ်ပြီး တရားရှာနေတာလား၊ တရားရှာဖို့အတွက် လောကီစည်းစိမ်တွေ ဝန်းရံ ပံ့ပိုး နေရသလို ဖြစ်နေသလား ဆိုတာတော့ သတိထား ဆင်ခြင်တာကောင်းတယ် လို့ထင်ပါတယ်ဘုရာ့။

4 comments

  • researcher

    March 30, 2011 at 12:28 pm

    စာတွေများပြီး Publish လုပ်လို့မရလို့ ခွဲပြီးတင်ပေးလိုက်ပါတယ်။

  • nature

    March 30, 2011 at 3:40 pm

    အားပေးပါတယ်။ဆက်လက်အားပေးပါဦမည်။

  • parlayar46

    April 1, 2011 at 6:07 pm

    ဒီတပိုင်းမှာပဲ researcher ရဲ့ အကောင်းဆုံးဖြစ်စေချင်တဲ့စေတနာကို တွေ့ရပါတယ်။ သာဓု (တကယ်) ခေါ်ပါတယ်။ ဒါပေမယ့် အရာတိုင်း အချိန်တိုင်း အမြဲ အကောင်းဆုံးမဖြစ်နိုင်တာလေးကလဲ သဘာဝပါ။ ကိုယ်စိုက်ထားတဲ့အပင်က အသီးတွေအားလုံး ကြီးစေ၊ချိုစေ ချင်ပေမယ့်၊ အလတ်စားအလုံးလဲရှိမယ်၊ အငယ်စားအလုံးလဲရှိမယ် ဆိုတာမျိုးပေါ့။

  • nagargyi

    April 2, 2011 at 4:55 am

    researcher ရဲ့အမြင်ကိုသဘောကျပါတယ်။ ရှေးတုန်းကရသေ့ကြီးဦးခန္တီဆိုတာ ကြားဘူးပါတယ်။
    ရသေ့ကြီးဦးခန္တီဟာ ပထမတုန်းက ဘုန်းကြီးလို့သိရတယ်။
    ဒါပေမယ့် ကိုယ်တိုင်ငွေကိုင်ပြီး လူမှု့ရေး၊ပရဟိတနဲ့ဘုရားတည်၊ကျောင်းဆောက်၊တန်ဆောင်းဆောက်ချင်လို့ ရသေ့အဖြစ်ကူးပြောင်းလိုက်တာလို့ သိရပါတယ်။
    သိတာကိုဝေမျှတာပါ။ အမှားပါရင်လည်းပြင်ပေးကျပါ။

Leave a Reply