ယခုနှစ် ရန်ကုန် သင်္ကြန်တွင်လည်း အင်းလျားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့်မပြု၊ ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်း တို့တွင်သာ ခွင့်ပြုပေးရန် စီစဉ်

ဦးကောက်March 31, 20111min680

AddThis Social Bookmark Button

413a

ယမန်နှစ် သင်္ကြန်အတက်နေ့က ကန်တော်ကြီးကန်ပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ် အချို့ကို တွေ့ရစဉ်

ယခုနှစ်ရန်ကုန်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်အား ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်း စသည်တို့တွင် ခွင့်ပြုပေးသွားရန် စီစဉ်လျက်ရှိကြောင်းနှင့် အင်းလျားလမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုကြောင်း သတင်းရရှိသည်။

ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းအပြင် ပါရမီလမ်း၊ စက်မှု ၁ လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဝေဇယန္တာလမ်း၊ ဘုရင့်နောင်လမ်း၊ ဆရာစံလမ်း၊ အလုံလမ်းနှင့် ကမ်းနားလမ်းတစ်လျှောက်ရှိ ၃၁ နေရာတွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ကန်တော်ကြီး ကန်ပတ်လမ်းတွင် ယခုနှစ်၌ ရေကစားမဏ္ဍပ်များ ကို နေရာကျဲကျဲချထားပေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ရေကစားမဏ္ဍပ် အသေးများလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်လည်း ပြီးခဲ့တဲ့နှစ်သင်္ကြန် မဏ္ဍပ်ချထားပေးခဲ့တဲ့နေရာတွေမှာပဲ ချပေးမယ်လို့စီစဉ်ထားပါတယ်။ လုံခြုံရေးပိုင်းကို ပိုပြီးတော့ သတိထားရပါမယ်။ တာဝန်ရှိသူ၊ မဏ္ဍပ်တာဝန်ခံတွေအပြင် ရေကစားသူတွေပါ လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဖို့ လိုပါတယ်”ဟု သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

413

ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် မဏ္ဍပ်တစ်ခုအား ဆောက်လုပ်နေသည်ကို မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်

မဏ္ဍပ်များ နေရာချထားပေးရာတွင်လည်း လမ်းမအလိုက်တစ်ဖက် ယာဉ်ကြောတွင်သာ ဆောက်လုပ်ခွင့်ပေးမည်ဖြစ်ပြီး ကျန်တစ်ဖက် ယာဉ်ကြောအား ကားသွားလာမှု အဆင်ပြေရန် ဖွင့်ပေးထားမည် ဖြစ်ကြောင်း သိရှိရသည်။

မဏ္ဍပ်များအတွက် အာမခံ စပေါ်ငွေကို ပြီးခဲ့သည့်နှစ်ကအတိုင်း ကျပ်သိန်း ၃ဝ ခန့်သတ်မှတ်ထားပြီး သင်္ကြန်မဏ္ဍပ်များပေးဆောင်ရမည့် လမ်းတံတားကြေး၊ သန့်ရှင်းရေးဝန် ဆောင်ခ၊ ရေဆက်သွယ်ခများမှာ လည်း ပြီးခဲ့သည့်နှစ်နှုန်းထားများ အတိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ပေးသွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်သင်္ကြန်က ပေ ၁၀ဝရှိသော ကုမ္ပဏီမဏ္ဍပ်ကြီးများ အနေဖြင့် လမ်းတံတားကြေးကျပ် ၇၀၀၀ဝ နှင့် သန့်ရှင်ရေးဝန်ဆောင်ခ ကျပ် ၅၀၀၀ဝ ပေးသွင်းခဲ့ရပြီး ပေ ၅ဝရှိသော မဏ္ဍပ်(အလတ်)များမှာ လမ်းတံတား ကြေးကျပ် ၅၀၀၀ဝ နှင့် သန့်ရှင်းရေးဝန်ဆောင်ခ ကျပ် ၃၀၀၀ဝ ကိုပေးသွင်းခဲ့ရကာ  ၂၅ပေ အောက်မဏ္ဍပ်(အသေး)များမှာ လမ်းတံတားကြေးကျပ် ၂၀၀၀ဝ နှင့် သန့် ရှင်းရေးဝန်ဆောင်ခကျပ် ၂၀၀၀ဝ ပေးသွင်းခဲ့ရကြောင်း သိရှိရသည်။

ရေဆက်သွယ်ခအနေဖြင့် နှစ်လက်မပိုက်ဖြင့် ဆက်သွယ်ပါကကျပ် ၁၀၀၀၀ဝ ဖြစ်ပြီး တစ်လက်မနှင့် တစ်လက်မခွဲပိုက်တို့ဖြင့် ဆက်သွယ်ပါက ကျပ် ၆၀၀၀ဝ စသည်ဖြင့် ပေးသွင်းခဲ့ရကြောင်း သိရသည်။ မဏ္ဍပ်များ ရေရရှိရေးအတွက် ကန် တော်ကြီး၊ အင်းလျားကန်နှင့် အဝီစိ တွင်းများမှရေများကိုအဓိကထား အသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနှစ်တော့ ပေ ၅ဝနဲ့ ပေ ၇ဝ မဏ္ဍပ်တွေကို မဏ္ဍပ်ကြီးတွေအနေနဲ့ သတ်မှတ်ထားတယ်။ CCTV ကတော့ မဏ္ဍပ်အကြီးတွေပဲ တပ်ဆင်ရမယ်။ အခုမဏ္ဍပ်နေရာချထားခွင့် လျှောက်လွှာတွေ စရောင်းနေပြီ။ လာမယ့်ဧပြီလဆန်းမှာတော့ ပါမစ်တွေ ချထားပေးဖို့ စီစဉ်ထားပါတယ်”ဟု မဏ္ဍပ်များ နေရာချထားပေးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

ထို့ပြင် သင်္ကြန်မဏ္ဍပ်များနှင့် သင်္ကြန်ရေကစားသူများ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ယခင်နှစ်အတိုင်း ထုတ်ပြန်ထားသည် ဟုသိရှိရသည်။ ယခုနှစ်သင်္ကြန်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်နေရာ များမထုတ်ပြန်မီ မဏ္ဍပ်များလိုက်နာ ရမည့် လုံခြုံရေးဆိုင်ရာစည်းကမ်း ချက် ၂၅ ချက်ကိုဦးစွာထုတ်ပြန်ခဲ့ သည်။ မဏ္ဍပ်များတွင် CCTV ကင်မရာ တပ်ဆင်ခနှုန်းထားများ အနေဖြင့် ကင်မရာအမျိုးအစားပေါ် မူတည်၍ သင်္ကြန်တစ်ရက်လျှင် အ နည်းဆုံးကျပ် ၁၃၀၀၀ဝ ခန့်မှ သ င်္ကြန် ၄ ရက်အထိ အများဆုံးကျပ် ၉၀၀၀၀ဝ အထိ ဈေးသတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်သင်္ကြန်ကလည်း ရန်ကုန်မြို့ရှိ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် မဏ္ဍပ်ဆောက် လုပ်ခွင့်မပေးခဲ့ဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် ပန်းဆိုးတန်းလမ်း၊ ဆရာစံလမ်းတစ်လျှောက်တို့တွင် မဏ္ဍပ်အကြီး ၄၆ ခု ဆောက်လုပ်ခွင့် ပြုခဲ့ကာ မြို့နယ်အလိုက် ရေကစား မဏ္ဍပ်အသေးများလည်း ရှိခဲ့သည်။

၂၀၁ဝ ပြည့်နှစ် သင်္ကြန်က ထုတ်ပြန်ထားခဲ့သည့် စည်းကမ်းချက်အချို့

– သင်္ကြန်မဏ္ဍပ်များအနီး အရက်ဆိုင်၊ ဘီယာဆိုင်များ လုံးဝမရှိရ။

– မဏ္ဍပ်များတွင် ကြော်ငြာများ ထည့်သွင်းပါက အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သော ကြော်ငြာများထည့်သွင်းခြင်း မပြုရ။

– မဏ္ဍပ်များတွင် နာမည်ကြီးအဆိုတော်များ ဖျော်ဖြေမည်ဆိုပါက ပထမပိုင်းတွင် ဖျော်ဖြေရန်နှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုကို ခံယူရန်။

– မဏ္ဍပ်ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက်ရရှိသူမှတစ်ပါး မဏ္ဍပ်နေရာများကို အခြားသူများသို့ ငှားရမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရ။

– စက်နံပါတ်မြင့် ကားများ၊ ကားအိုကားဟောင်းများ၊ ဘေးတံခါး၊ အနောက်တံခါးဖွင့် ဆလွန်းကား များဖြင့် ရေပက်ကစားခြင်း မပြုရန်။

– ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပနှင့် နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်း၍ ရေပက်ခံခြင်း၊ သွားလာခြင်းမပြုလုပ်ရ။

– သင်္ကြန်မဏ္ဍပ်၏ နောက်ခံကားချပ် အပြင်အဆင်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ် အမည်စစ်စစ်ကိုသာ ရေးဆွဲရန်။

– ခွင့်ပြုချက်ရရှိသည့် သင်္ကြန်မဏ္ဍပ်ကြီး(ပေ ၅ဝ နှင့်အထက်)များသည် မြန်မာ့ရိုးရာယိမ်းအဖွဲ့ တစ်ဖွဲ့ (၁၂ ဦးယိမ်း(သို့) ၁၆ ဦးယိမ်း (သို့) ၂၄ ဦးယိမ်း)ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဗဟိုမဏ္ဍပ်တွင် ပါဝင်ယှဉ်ပြိုင်စေရမည်။ ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီဗဟိုမဏ္ဍပ်၏ သင်္ကြန်ဖွင့်ပွဲနှင့် သင်္ကြန်ပိတ်ပွဲအခမ်းအနားများကို ပါဝင်တက်ရောက်ရမည်။ ဦးစီးကော်မတီမှ ညွှန်ကြားလာပါက ရန်ကုန်မြို့တော် စည်ပင်ဗဟိုမဏ္ဍပ်တွင် အလှပြယာဉ်တစ်စီး ပါဝင်ယှဉ် ပြိုင်နိုင်ရေး ဆောင်ရွက်ရမည်။

– မြန်မာ့ရိုးရာ အတာသင်္ကြန်၏ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ကြူးသည့် အနေဖြင့် သင်္ကြန်မဏ္ဍပ်အားလုံး ဖွင့်ပွဲနေ့၌ ငွေဖလားတွင် အမွှေးနံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်းဆောင်ရွက်သွားရမည်။

– မဏ္ဍပ်များတွင် မြန်မာ့ရိုးရာ အစားအစာများ ပါဝင်ကျွေးမွေးဧည့်ခံရန်။

ယခုနှစ်သင်္ကြန်အတွက် လမ်းအလိုက်ချထားပေးရန် လျာထားသည့် မဏ္ဍပ်များနေရာစာရင်း

ကန်တော်ကြီးကန်ပတ်လမ်း – ငါးပြတိုက်ရှေ့(ကားပါကင်အတွင်း)၊ ကန်တော်ကြီးဟိုတယ်ရှေ့ (ကားပါကင်အတွင်း)၊ အထက်ပန်းဆိုးတန်းလမ်းနှင့် သိမ်ဖြူလမ်းကြား (၃ နေရာ)၊ သိမ်ဖြူလမ်းနှင့် ဦးအောင်မြတ်လမ်းကြား(ဟော်ကီကွင်းရှေ့)၊ သိမ်ဖြူလမ်းနှင့် ဦးအောင်မြတ်လမ်းကြား (ပါဝါလိုက်စား သောက်ဆိုင်ရှေ့)

ပြည်လမ်း – ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းကြား၊ စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းရှေ့၊ ကမာရွတ်မြို့နယ်(Yong Auto Service  ရှေ့) ကမာရွတ်မြို့နယ်(အမှတ် ၆၂၃ ခြံဝင်းရှေ့) လှိုင်မြို့နယ်(ခြံအမှတ် ၅ ရှေ့)

ကမ္ဘာအေးစေတီလမ်း – မြကျွန်းသာပန်းခြံရှေ့၊ မရီနာဟိုတယ်အနီး၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် စက်မှု ၁ လမ်းဆုံမီးပွိုင့်အနီး၊

ပါရမီလမ်း – လူငယ်အင်းလျားကန်ရှေ့၊

စက်မှု ၁ လမ်း – အမှတ် ၁ စက်မှုဝန်ကြီးဌာန ရုံးဟောင်းရှေ့

ဆရာစံလမ်း – မစ္စတာဂီတာရှေ့၊ ကုကိ္ကုင်းရေကူးကန်လမ်းအနီး၊ ဆရာစံပလာဇာရှေ့

ဗိုလ်ချုပ်အောင်ဆန်းလမ်း – ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့

ဝေဇယန္တာလမ်း – သင်္ကန်းကျွန်းမြို့နယ်(သုဝဏ္ဏကွင်းအနီး၊ Goal Hotel  ရှေ့)

အလုံလမ်း – မြိုမကျောင်းလမ်းနှင့် ပြည်လမ်းကြား(ဆောက်လုပ်ရေးရုံးရှေ့)၊ မြို့မကျောင်းလမ်းနှင့် ပြည်လမ်းကြား(Summit Park View) ရှေ့

ကမ်းနားလမ်း – ကြည့်မြင်တိုင်မြို့နယ်(သီရိမင်္ဂလာဈေးရှေ့)

ဘုရင့်နောင်လမ်း – ကမာရွတ်မြို့နယ် ရွှေမာလာရိပ်မွန်ရှေ့၊ ကမာရွတ်မြို့နယ် ရွှေပုန်းညက်ရိပ်မွန်ရှေ့၊ လှိုင်မြို့နယ် နန်းထိုက်တော်ဝင်ရှေ့

Eleven Media Group မှ ကူးယူဖော်ပြသည်။