ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကြိုးဖုန်းနံပါတ်များ ဂဏန်း ခြောက်လုံးမှ ခုနစ်လုံးသို့ ပြောင်းလဲမည်

ဦးကောက်March 31, 20111min670

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ကြိုးဖုန်းနံပါတ်များ ဂဏန်းခြောက်လုံးမှ ခုနစ်လုံးသို့ ပြောင်းလဲမည် ဖြစ်သော်လည်း ကြိုးဖုန်း ခေါ်ဆိုခ နှုန်းထားများကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

မြို့နယ်အချို့၌ အော်တိုအိတ်ချိန်းစနစ်များ ပြောင်းလဲမှုကြောင့် ကြိုးဖုန်းနံပါတ် အရေအတွက်ကို ယခင် ကြိုးဖုန်းနံပါတ်များ၏ ရှေ့တွင် တစ်လုံး ပိုမိုတိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

”မတ်လအတွင်းမှာ မြောက်ဥက္ကလာပ အိတ်ချိန်းစနစ် ပြောင်းလဲမှုကြောင့် မြောက်ဥက္ကလာပမြို့နယ် အတွင်းမှာရှိတဲ့ ကြိုးဖုန်းတချို့ ဂဏန်း ခြောက်လုံးကနေ ခုနစ်လုံးကို ပြောင်းသွားပါတယ်။ ယခင်နံပါတ်ရဲ့ရှေ့မှာ ၉ ဂဏန်းတစ်လုံးခံပြီး ဖုန်းခေါ်ဆို မှုတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ၆၉ နံပါတ်နဲ့စတဲ့ ကြိုးဖုန်းအလုံးရေ ၁၅၀ဝ လောက်မှာ ဂဏန်းတစ်လုံးစီ တိုးသွားတာ ဖြစ်ပါတယ်။ တခြား မြို့နယ်တွေမှာလည်း အိတ်ချိန်းစနစ် ပြုပြင်မှုတွေ ပြုလုပ်ဖို့ ရှိလာတဲ့အခါမှာ ဒီလိုပဲ ကြိုးဖုန်းတွေမှာ ဂဏန်းအရေ အတွက် တိုးလာမှာ ဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် ကြိုးဖုန်းခေါ်ဆိုခ နှုန်းထားများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ ကြိုးဖုန်းခေါ်ဆိုခ နှုန်းထားများကို ပြောင်းလဲတိုးမြှင့် ကောက်ခံရန် အစီအစဉ် မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း PCO ဌာနမှ တာဝန်ရှိသူတစ်ဦးက ”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက PCO ဖုန်းတချို့လည်း ဂဏန်းအရေအတွက် တိုးတာရှိတယ်။ သင်္ဃန်းကျွန်းမြို့နယ်နဲ့ ဒဂုံမြို့နယ်တွေမှာ ရှိတဲ့ PCO ဖုန်းတချို့မှာ ဂဏန်းတွေ တစ်လုံးစီ တိုးတယ်။ နောက်ပိုင်း တိုးလာတာတော့ မြောက်ဥက္ကလာပဘက်က PCO တွေမှာ ဂဏန်းတစ်လုံးးစီ ထပ်တိုးလာတယ်”ဟု ပြောကြားခဲ့သည်။

ကြိုးဖုန်းခေါ်ဆိုခ နှုန်းထားများကို ခေါ်ဆိုသည့် ဂဏန်းအရေအတွက်ပေါ် မူတည်၍ ခေါ်ဆိုခ နှုန်းထားများကို တစ်မိနစ်လျှင် ၁၅ ကျပ်နှုန်းမှ ၂၅ ကျပ်နှုန်းသို့ ၂၀၁ဝ ပြည့်နှစ် အောက်တိုဘာလ အတွင်း ပြောင်းလဲခဲ့သည်။

ယခင်ထက် ဂဏန်းတစ်လုံး ပိုလာသည့် ဖုန်းနံပါတ် ဂဏန်း ခုနစ်လုံးပါ ကြိုးဖုန်း (လိုင်းဖုန်း) များကို ကနဦးတပ်ဆင်ခ ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် ချထားပေးမှုများကို ယခင် နှစ်အတွင်း ပြုလုပ်ခဲ့သည်။

၂၀၁ဝ ပြည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အလုံးရေ ၉ သိန်းခွဲကျော် ထပ်မံ ချထားပေးခဲ့ရာ ၂၀၁ဝ ပြည့်နှစ် ဒီဇင်ဘာလ အထိ မိုဘိုင်းဖုန်း အရေအတွက် ၁၄၃၅၂၅ဝ ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။